ကျွန်တော့်အကြောင်း

ကျွန်တော့်နာမည်က မိုးကျော်အောင်။ ဘော်ဒါတွေကတော့ ဆရာမိုးလို့ခေါ်ကြတယ်။ ဘာလို့ခေါ်ကြလဲဆိုတာတော့ စာဖတ်သူကြီးလဲ သိချင်မှာပေါ့။ ဘာရယ်လို့တော့ မဟုတ်ပါဘူး။ ကျွန်တော့်ဘာသာကျွန်တော် ကို့ကိုယ်ကို ခေါ်ခေါ်ရင်းနဲ့ ဒီနာမည်လေး သူငယ်ချင်းတွေနားထဲ ဆွဲသွားတာပါ။

လူဆိုးထိန်းတော့အဖြစ်မခံပါနဲ့

အသက်ငယ်ငယ်အရွယ်ရွယ် မှတ်ပုံတင်သွားလုပ်တုန်းက စဉ်းစားမိတဲ့ အကြောင်းအရာလေးကို ပြန်လည် သတိရမိပါတယ်။ လူမျိုး.. ဗမာ၊ ကိုးကွယ်သည့်ဘာသာ.. ဗုဒ္ဓဘာသာဆိုတဲ့ စကားရပ်လေးပါ။ ငယ်ရွယ်စဉ်က ဘယ်လိုထင်မိလည်းဆိုရင် ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာဆိုရင်ကို ငါတို့ဗမာလူမျိုးတွေပဲ ကိုးကွယ်ရတာ ဖြစ်လိမ့်မယ်လို့ ထင်မိတဲ့ အတွေးလေးပါ။ အသက်အရွယ် ကြီးလာတာနဲ့အမျှ ဗဟုသုတလေးတွေ သိလာပြီး ဗုဒ္ဓဘာသာဆိုတာ ငါတို့ ဗမာလူမျိုးမှ မဟုတ်ပါဘူး.. ကျန်တဲ့လူမျိုးတွေရော ကိုးကွယ်လို့ရတဲ့ ဘာသာဆိုတာ သိလာရတာပါ။ ဘာလို့ ဒီအကြောင်းလေး ပြန်သတိရမိတာ ပြောချင်လည်းဆိုတော့.. ဗမာလူမျိုးဆိုရင်ကို ဗုဒ္ဓဘာသာနဲ့ ကင်းကွာလို့ မရဘူးဆိုတာ အလိုလိုကို သိရမယ်ဆိုတဲ့ သဘောလေးကို သိစေချင်တာပါ။ ယခုအချိန်မှာလည်း စစ်မှန်တဲ့ ထေရ၀ါဒကို အများဆုံး ကိုးကွယ်နေတဲ့ နိုင်ငံဟာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာပဲ အများဆုံး ကိုးကွယ်နေကြတာပါ။ ဒီတော့ မြန်မာလူမျိုးအများစုဟာ ဗုဒ္ဓဘာသာဝင်တွေ အများစု ဖြစ်နေကြပြီးတော့ ဗုဒ္ဓရဲ့ အဆုံးအမတွေကို လိုက်နာ ကျင့်ကြံနေထိုင်ကြတဲ့သူတွေလို့ ပြောလို့ရပါတယ်။

ဗုဒ္ဓဘာသာဝင်ဆိုတဲ့ အဓိပ္ပါယ်က ဘုရားအဆုံးအမကို လိုက်နာကျင့်ကြံသူဆိုတဲ့ အဓိပ္ပါယ်ပါ။ ကျွန်တော့တို့ လူမျိုးတွေဟာ ဘုရားအဆုံးအမကို လိုက်နာကျင့်ကြံနေကြတဲ့ သူတွေဖြစ်တဲ့အတွက် ဘုရားရှင်ဟာ ကျွန်တော်တို့တွေရဲ့ ဆရာလို့ ပြောလို့ရပါတယ်။ ဒီတော့ တပည့်မကောင်းရင် ဆရာ့ခေါင်း ဆိုတဲ့ စကားကရှိနေတော့.. ကျွန်တော်တို့တွေ မကောင်းဘူးဆိုရင် ကျွန်တော်တို့ကို သင်ပြဆုံးမပေးတဲ့ ဆရာမကောင်းဘူးလို့ သက်ရောက်ရာ ရောက်ပါတယ်။
တချို့ကျတော့လည်း ဆရာက ဘယ်လောက် ကောင်းကောင်း တပည့်က ကောင်းချင်မှ ကောင်းတာရှိသလို.. ဆရာဘယ်လောက်ညံ့ညံ့ တပည့်က ဆရာ့ထက် တော်ကြထက်ကြတာတွေလည်း အများသား မဟုတ်လား.. ဒီတော့ တပည့်မကောင်းတိုင်း ဆရာ့ခေါင်းလို့တော့ ပြောလို့ မရပါဘူး။ ပြောလို့မရဘူး ဆိုပေမယ့်.. လူအများစုကတော့ မင်းပုံမလာရင် မင်းဆရာဘယ်သူလဲ.. မင်းမိဘဘယ်သူလဲနဲ့ မေးကြတာ များပါတယ်။ နောက်တစ်ခုက သားသမီးမကောင်းရင် မိဘခေါင်းတဲ့.. ကျွန်တော်တို့မိဘတွေရဲ့ ဆရာကို ပြန်ကြည့်မယ် ဆိုတော့လည်း ဗုဒ္ဓမြတ်စွာပါပဲနော်။ ဒီတော့.. ကိုယ်ကဆိုးနေမိုက်နေမယ် ဆိုရင်တော့ ကိုယ့်ကို ဆုံးမသွန်သင်ပေးတဲ့ ဆရာညံ့လို့လို့ အများဆုံး ယူဆထားကြတဲ့အတွက်.. ကိုယ်ဆိုးမယ်ဆိုရင် ဗုဒ္ဓက ကိုယ့်ကိုထိန်းရတဲ့ လူဆိုးထိန်း အလိုလိုဖြစ်သွားသလို.. ကိုယ်ကောင်းမယ် ဆိုရင်လည်း ဗုဒ္ဓက ကိုယ့်ကိုထိန်းရတဲ့ လူကောင်းထိန်း အလိုလို ဖြစ်သွားတာပါ။

ကိုယ့်ကြောင့် ဗုဒ္ဓဘာသာဝင်တွေနဲ့ ဗုဒ္ဓရဲ့ အဆုံးအမတွေ လူတွေယုံကြည် ကိုးကွယ်လာနိုင်သလို.. ကိုယ့်ကြောင့်လည်း ဗုဒ္ဓရဲ့ အဆုံးအမတွေ ဖျက်ဆီးမိမှန်းမသိ ဖျက်ဆီးရာ ရောက်နေတတ်ပါတယ်။ ယခုအချိန်အခါမှာ နိုင်ငံရပ်ခြား အများအပြားမှာ ကျွန်တော်တို့လူမျိုးအများစု စီးပွားရေးတွေ သွားရောက် လုပ်ကိုင်နေကြတာတွေ ရှိတယ်.. ကျောင်းတက်နေကြတာတွေ ရှိပါတယ်။ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်း ကိုယ်ပြောလိုက်တဲ့ အပြုအမူတစ်ခုဟာ ကိုယ်ကိုးကွယ်နေတဲ့ ဘာသာကို ထိခိုက်စေမယ့် အပြုအမူမျိုးတွေ မလုပ်မိဖို့ အရေးကြီးပါတယ်။ ကိုယ်ဟာ ဘယ်နိုင်ငံမှာပဲနေနေ ဘယ်နေရာမှာပဲ ရောက်ရောက်.. ကိုယ်ကိုးကွယ်နေတဲ့ ဘာသာကတော့ ဗုဒ္ဓဘာသာပါ။ ဒါ့ကြောင့်.. ဗုဒ္ဓဆုံးမခဲ့တဲ့စကားတွေ အတိုင်း လိုက်နာကျင့်ကြံ နေထိုင်သွားတတ်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ပဲ ပြောတော့သာ ဗုဒ္ဓဘာသာ.. ဗုဒ္ဓရဲ့အဆုံးအမတိုင်း တစ်ခုမှလိုက်မလုပ်ပဲ ဆန့်ကျင့်ဘက် လုပ်နေမယ်ဆိုရင်တော့ ဗုဒ္ဓကို လူဆိုးထိန်းအဖြစ် ကိုယ်ကိုယ်တိုင် အသွင်ပြောင်းလိုက်တာနဲ့ တူပါတယ်။


ကိုယ်က ဘယ်နိုင်ငံမှာနေနေ.. ဘယ်နေရာ ရောက်ရောက်.. ဘယ်အလုပ်ပဲ လုပ်လုပ်.. ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဘာသာရဲ့ တန်ဖိုးတွေ လျော့ကျစေမဲ့ အပြုအမူတွေ.. နှိမ့်ချပြောဆိုခံရမယ့် အပြုအမူတွေ မဖြစ်မိဖို့ အင်မတန် အရေးကြီးပါတယ်။ ကိုယ်တစ်ယောက် မကောင်းတာနဲ့ မင်းတို့လူမျိုးတွေက အဲ့လိုပဲလား? မင်းတို့ကိုးကွယ်တဲ့ဘုရားက အဲ့လိုပဲဆုံးမထားလား ဆိုတဲ့စိတ်မျိုး တခြားလူမှာ ထင်သွားမယ်ဆိုရင် ကိုယ်ကိုယ်တိုင်က ဘုရားအဆုံးအမကို ဖျက်မှန်းမသိ ဖျက်နေတာပါနော်။ ကိုယ်ကိုးကွယ်နေတဲ့ ဗုဒ္ဓကိုပါ အလိုလို ထိခိုက်နေတာပါ။ ဘယ်နေရာပဲ ရောက်နေရောက်နေ.. ဘယ်သူတွေဘာတွေ မကောင်းတာပဲ လုပ်နေလုပ်နေ ကိုယ်မလုပ်မိဖို့ အရေးကြီးပါတယ်။ ကိုယ်မကောင်းတာတစ်ခုခု လုပ်လိုက်ပြီဆိုရင် ဗုဒ္ဓက ကိုယ့်ကိုထိန်းရတဲ့ လူဆိုးထိန်း ဖြစ်သွားပြီဆိုတာ မမေ့ဖို့ အရေးကြီးပါတယ်။ ဒီတော့.. ကိုယ်က မကောင်းတာတစ်ခုခု လုပ်မယ်.. ပြောမယ်.. ကြံမယ်ဆိုရင် ကိုယ်က ဘယ်သူ့တပည့်လည်းဆိုတာ အရင်ဆုံး မေးလိုက်ပါနော်။


ကိုယ်လုပ်နေတဲ့အလုပ်.. ကိုယ်ပြောနေတဲ့ အပြော.. ကိုယ်ကြံစီနေတဲ့ အတွေးအကြံတွေ မကောင်းဘူးဆိုရင် ကိုယ့်ကိုကိုယ် သတိပေးလိုက်ပါ.. ဗုဒ္ဓငါ့ကြောင့် လူဆိုးထိန်း မဖြစ်ပါစေနဲ့ ဆိုတဲ့ စကားလေးကို။ လောဘဖြစ်တော့မယ် ဆိုရင်လည်း ငါ့ကြောင့် ဗုဒ္ဓလူဆိုးထိန်း မဖြစ်ပါစေနဲ့.. ဒေါသတွေ မောဟတွေ ဖြစ်တော့မယ် ဆိုရင်လည်း င့ါကြောင့် ဗုဒ္ဓလူဆိုးထိန်း မဖြစ်ပါစေနဲ့ ဆိုတာလေး စိတ်ထဲမှာ အမြဲတွေးပြီး မကောင်းမှုတွေ တတ်နိုင်သမျှ နည်းအောင် လုပ်နေဖို့ လိုပါတယ်။ နောက်ဆုံး.. စကားတစ်ခွန်း ပြောလိုက်တာကအစ ကိုယ့်ကြောင့် ဗုဒ္ဓလူဆိုးထိန်း ဖြစ်သွားစေမယ်ဆိုတဲ့ သဘောမျိုး သက်ရောက်သွားမယ် ဆိုရင်တောင် ရှောင်ကြဉ်ဖို့ လိုပါတယ်။ ဒီလိုမျိုး ကိုယ့်ကြောင့် ဗုဒ္ဓလူဆိုးထိန်း မဖြစ်ပါစေနဲ့ ဆိုတဲ့ စကားလေး စိတ်ထဲကနေရွတ်ပြီး မကောင်းမှုတွေ ရှောင်နေတာကိုက တရားကျင့်နေတာပါနော်။ ဒီအချက်လေးကပဲ မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထားဆိုတဲ့ စကားလေးကို မီးမောင်းထိုးပြပေးနေတာပါ။ ဒါ့ကြောင့် ဘယ်နေရာရောက်ရောက် ဘာတွေလုပ်လုပ် ဘယ်သူတွေနဲ့ ဆက်ဆံရ ဆက်ဆံရ ကိုယ့်ကြောင့် ဗုဒ္ဓလူဆိုးထိန်းမဖြစ်ပါစေနဲ့ ဆိုတဲ့ စကားလေးသာ လက်ကိုင်ထားပါ။ အဲ့လိုလက်ကိုင်ထား ကျင့်ကြံရင်းနဲ့ပဲ အကုသိုလ်တွေ နည်းနိုင်သမျှ နည်းပြီးတော့ ကုသိုလ်တွေ တိုးတိုးလာမှာ မလွဲပါဘူးနော်။ ဓမ္မမိတ်ဆွေအပေါင်း ဗုဒ္ဓကို လူဆိုးထိန်းအဖြစ် မရောက်စေပဲနဲ့.. ကုသိုလ်ကို များအောင်စုပြီး ကောင်းမှုကို များအောင်ကြံကာ မဂ်ဖိုလ်နိဗ္ဗာန်သို့ တက်လှမ်းနိုင်ကြပါစေ…။။။

ကိုယ်နဲ့ ဘာမှာ့မဆိုင်ဘူးလို့ 




ကြွက်ဟာ အက်ကွဲနေတဲ့ အုတ်နံရံ ကြားကနေ လယ်သမား လင်မယား၊ အထုပ်တစ်ထုပ် ဖြေနေတာကို စိတ်ဝင်တစား ကြည့်နေလေရဲ့။ အထဲမှာ ဘာမုန့်များ ပါလေမလဲလို့ စိတ်ထဲက မျှော်တလင့်လင့်နဲ့ ကြည့်နေတယ်။ ဒါပေမယ့် သူ စိတ်ပျက်စွာမြင်တွေ့လိုက်ရတာက ကြွက်ထောင်ချောက် တစ်ခု။ လယ်သမားကြီးဟာ အိမ်ထဲက တစ်နေရာမှာ သွားချထားလိုက်တယ်။ အဲဒါကို မြင်လိုက်တဲ့ ကြွက်ဟာ အားရပါးရ အော်ပြီး လယ်ကွင်းထဲ ပြေးထွက်သွားတယ်။ အားလုံးကို သိစေချင်လို့ အသိပေးတဲ့ သဘောပေါ့။ အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့၊ အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့။ မြေကြီးကို ခြေထောက်နဲ့ ယက်ပြီး အစာရှာနေတဲ့ ကြက်ဖကြီးက ခေါင်းမော်ကြည့်ပြီး စိတ်ပျက်တဲ့ လေသံနဲ့ ပြောလိုက်တယ်။ အော် ... ကိုကြွက်ရယ်၊ မင်းအတွက်တော့ သေတွင်းပဲလို့ ငါပြောလို့ရပါတယ်။ ဒါပေမယ့် ငါ့အတွက်တော့ အလကားပါ။ ဘာမှ မဟုတ်တဲ့ကိစ္စနဲ့ ငါ့ ခေါင်းလာမရှုပ်နဲ့ကွာ။

ကြွက်က ၀က်ဘက်ကို လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျလို့ ပြောလိုက်တယ်။ ၀က်က ကရုဏာသက်တဲ့ မျက်နှာပေးနဲ့ ကြည့်ပြီး ပြောလိုက်တာက အတော်လေးကို စိတ်မကောင်းပါဘူးဗျာ။ ကယ်တော့ ကျနော်အနေနဲ့ ခင်ဗျားကို ဆုတောင်းပေရုံက လွဲလို့ ဘာမှ မလုပ်ပေးနိုင်ပါဘူး။ သေချာတာတစ်ခုက ခင်ဗျားအတွက် ကျနော် အမြဲ ဆုတောင်းပေးနေပါတယ်။

ကြွက်က နွားဘက် လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် ရှိတဲ့ အကြောင်း ထပ်ပြောလိုက်တယ်။ နွားက ၀ိုး ... ၀မ်းနည်းပါတယ်ဗျာ။ ဒါပေမယ့် ကျနော့် နှာခေါင်းကိုတော့ ညှပ်စရာ အကြောင်း မရှိဘူးလေ .. လို့ ပြန်ပြောလိုက်တယ်။














ဒီလိုနဲ့ ကြွက်ဟာ စိတ်ပျက်အားငယ်စွာနဲ့ ခေါင်းငိုက်စိုက်ပြီး အိမ်ထဲကို ပြန်ဝင်လာခဲ့တယ်။ အော် ... လယ်သမားကြီးရဲ့ ကြွက်ထောင်ချောက်ကို ငါ တစ်ကောင်တည်း ရင်ဆိုင်ရတော့မှာ ပါလား။

တစ်ညတော့ “ဗြောင်း” ဆိုတဲ့ အသံက အိမ်ထဲမှာ အတော်လေး ညံသွားတယ်။ အကောင် တစ်ကောင်ကောင်ကို ညှပ်မိလို့ ကြွက်ထောင်ချောက်က မြည်တဲ့ အသံလိုပဲ။

လယ်သမားရဲ့ မိန်းမက ဘာအကောင်များ မိသလဲလို့ သိချင်ဇောနဲ့ ကြွက်ထောင်ချောက် ရှိတဲ့ဆီ အတင်းကို ပြေးသွားတယ်။ အမှောင်ထဲမှာ ဆိုတော့ အမြီး ညပ်လို့ ဒေါသ တချောင်းချောင်း ထွက်နေတဲ့ မြွေကို မမြင်လိုက်မိဘူး။

အဲဒီတော့ အမျိုးသမီးရဲ့ ခြေထောက်ကို မြွေပေါက်ခံလိုက်ရတော့တယ်။ ဆေးကုသဖို့အတွက် လယ်သမားကြီးဟာ သူ့မိန်းမကို ဆေးရုံ အမြန်ပို့လိုက်ရတယ်။










နှလုံးသားမှာ ဘုရားတည်ပေးပါ...


ဆရာတော် အရှင်ဇ၀န(မေတ္တာရှင်)ရဲ့ အလှူမှတ်တမ်းတွေ ဖတ်ကြည့်မိပြီး စိတ်ထဲမှာ ၀မ်းသာပီတိ ဖြစ်မိပါတယ်။ ဒီလိုအလှူမျိုးမှ ပါရမီမထိုက်ရင် ဘယ်အလှူကို ပါရမီထိုက်တယ်လို့ ခေါ်ပါ့မလဲနော်။ တကယ် လိုအပ်တဲ့နေရာ.. တကယ် လိုအပ်နေတဲ့လူတွေ.. အလှူ့ရှင်ကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြမယ့် သူတွေကို လှူရတာဟာ အင်မတန် ကြည်နူးပီတိ ဖြစ်ရပါတယ်။ ကိုယ်လှူလိုက်တဲ့ ပစ္စည်းတွေကို သုံးဆောင်ပြီး သူတို့ရဲ့အသက်ကို ဆက်နေကြတာဆိုတော့.. ဒီလို အလှူမျိုးဟာ သူတစ်ပါးရဲ့ အသက်ကို ကယ်နေတယ် ဆိုရင်လည်း မမှားပါဘူးနော်။ သူတို့ အသက်ရှင်နေသမျှ ကာလပါတ်လုံး သူတို့တွေ လုပ်ချင်နေတဲ့ ကုသိုလ်တရားတွေ ဆက်လက် လုပ်ဆောင်နိုင်အောင်.. သူတို့တွေရဲ့ ရင်ထဲမှာ သီလ၊ သမာဓိ၊ ပညာတွေ တိုးပွားလာစေဖို့ အသက်ဆက်ပေးနေတယ် ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ဒါကိုမှ နှလုံးသားထဲမှာ ဘုရားတည်ပေးတာ မဟုတ်ရင် ဘယ်ဟာကို ဘုရားတည်တယ်လို့ ဆိုအုံးမှာလဲ?

ဘုရားတည်တယ်ဆိုတာ ဘာလည်း? အပြင်မှာ ရွှေစေတီကြီးတွေ ၀င်းနေတာကိုမှ ဘုရားတည်တယ်လို့ ခေါ်တာလား? နိုင်ငံတစ်နိုင်ငံရဲ့ သာသနာတော် တိုးတက်မှုကို ဘုရားစေတီတွေ အများကြီးရှိတာနဲ့ တိုင်းတာရမှာလား? အဲ့လိုမျိုး ဘုရားစေတီတွေများမှ သာသနာတော် တိုးတက်တယ်လို့ ထင်နေရင်တော့ မှားနေတာပါနော်။ အပြင်မှာတည်ထားတဲ့ ဘုရားစေတီတွေ ဘယ်လောက်များများ လူတွေရဲ့ နှလုံးသားထဲမှာ ဘုရားရှင်ဆုံးမခဲ့တဲ့ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ တရားတွေ ကိန်းဝပ်မနေရင် အပြင်မှာ တည်ထားတဲ့ ဘုရားတွေ ဘယ်လောက်များများ တစ်ချိန်ချိန်မှာ ဘုရားရှင်ရဲ့ အဆုံးအမတွေ မလွဲမသွေ ကွယ်ပျောက်သွားရမှာပါ။ ယခု ဟိန္ဒြူဝါဒကို အများဆုံး ကိုးကွယ်နေတဲ့ အိန္ဒိယနိုင်ငံဟာ အရင်က ထေရ၀ါဒဗုဒ္ဓဘာသာ နိုင်ငံတစ်ခုဖြစ်ခဲ့ပြီး စေတီပေါင်း မရေမတွက်နိုင်အောင် များပြားခဲ့ပါတယ်။ ဒါပေမယ့် သူတို့တွေရဲ့ရင်ထဲမှာ ဘုရားရှင်ဆုံးမခဲ့တဲ့ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ အဆုံးအမတွေ မကိန်းဝပ်ခဲ့တဲ့အတွက် ယခုအခါမှာ အစအနတောင် ရှာလို့မရလောက်အောင် ဘုရားရှင်ရဲ့ အဆုံးအမတွေ ကွယ်ပျောက်ခဲ့ရပါတယ်။ ဘုရားပုထိုးစေတီတွေဆိုရင် မိုင်းခွဲသူကခွဲ.. ဖျက်စီးသူက ဖျက်စီးနဲ့ အင်မတန် အရုပ်ဆိုး အကျည်းတန်ခဲ့ရပါပြီ။ ဒါကျွန်တော်တို့ လူမျိုးတွေအတွက် သင်ခန်းစာယူစရာ အချက်တစ်ချက်ပါပဲ။


ဒီဘုရားတည်တဲ့ အကြောင်းလေးကို အလှူအတန်း လှူဒါန်းတာနဲ့ ဘာလို့ယှဉ်ပြောရလည်းဆိုတော့ လူအများစုက ဘုရားတည်တာမှ သာသနာပြုတယ် ထင်နေကြလို့ပါ။ တကယ်တော့ ဘုရားတည်တာဟာ သာသနာပြုတာ မဟုတ်ပါဘူး။ ဒါနသဘောပဲ သက်ရောက်ပါတယ်။ သာသနာပြုတယ်ဆိုတာ တကယ်တော့ လူတွေရဲ့ နှလုံးသားထဲမှာ ဘုရားရှင်ရဲ့ အဆုံးအမဖြစ်တဲ့ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ အဆုံးအမတွေ ကိန်းဝပ်နေအောင်.. လိုက်နာကျင့်ကြံတတ်အောင် ဆုံးမပေးတာမှ သာသနာပြုတယ်လို့ ဆိုပါတယ်။ အခု ဆရာတော်အရှင်ဇ၀န လှူဒါန်းလိုက်တဲ့ အလှူမျိုးကမှ လူတွေရဲ့ နှလုံးသားထဲမှာ ဘုရားတည်ပေးလိုက်တာပါနော်။


စားစရာသောက်စရာမရှိတဲ့ လူတွေမှာ ကုသိုလ်လုပ်ဖို့ဆိုတာ အခက်အခဲများစွာ ရှိပါတယ်။ နောက်ပြီး ရောဂါဝေဒနာ ခံစားနေရတဲ့ အနာကြီးရောဂါသည်တွေဆိုတော့ လူတောလည်း မတိုးရဲ.. လူတကာကလည်း ကဲ့ရဲ့.. ဒီကြားထဲ ဆေးဖိုးဝါးခလည်း မတတ်နိုင်နဲ့.. အင်မတန် ဒုက္ခရောက်ရပါတယ်။ ဒီတော့ သူတို့အတွက် ကုသိုလ်လုပ်ဖို့ အချိန်ဆိုတာ ဘယ်မှာလည်းနော်။ လုပ်ချင်ရင်တောင် တော်တော်လေး အခက်အခဲ ဖြစ်နိုင်ပါတယ်။ ဒီလို တကယ်လိုအပ်နေတဲ့ အချိန်မှာ ဆရာတော်ထောက်ပံ့လိုက်တဲ့ ငွေကြေးလေးကြောင့် သူတို့တွေ စိတ်ချမ်းသာမှုရပြီး.. ဒီငွေလေးနဲ့ အသက်ဆက်ပြီး ကုသိုလ်တွေလုပ်နိုင်အောင် ကြိုးစားမယ်ဆိုရင်.. ကိုယ်လှူလိုက်တဲ့ ငွေကြေးဟာ သူတို့တွေရဲ့ ရင်ထဲမှာ ကုသိုလ်တရားတွေ ပွားများစေဖို့ ဘုရားတည်ပေးလိုက်တာနဲ့ အတူတူပါပဲနော်။


ဒီအတိုင်းပါပဲ.. ဘယ်အလှူပဲဖြစ်ဖြစ် လိုအပ်တဲ့ နေရာတွေကို လှူတတ်မှ အကျိုးများပြီး ပါရမီထိုက်တာပါ။ တကယ်လိုအပ်နေတဲ့ ပရိယတ္တိစာသင်တိုက်တွေ.. ကျောင်းတက်စရိတ်မရှိတဲ့ ကလေးတွေ ထောက်ပံ့ကြေး ပေးတာတို့.. ရောဂါဝေဒနာ ခံစားနေရတဲ့ လူတွေကို ဆေးဖိုးဝါးခ ထောက်ပံ့တာတွေ.. ပြောရရင်တော့ လိုအပ်နေတဲ့ နေရာတွေ အများကြီး ရှိပါတယ်။ ဒါကို.. ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုး အများစုက.. နာမည်ကြီးချင်လို့ ဘုရားတွေတည်ကြ.. ဘွဲ့ထူးဂုဏ်ထူးတွေရချင်လို့ မလိုအပ်တဲ့ နေရာတွေမှာ သိန်းပေါင်းများစွာ အကုန်ကျခံပြီး သုံးစွဲကြနဲ့.. အင်မတန် စိတ်မကောင်း ဖြစ်မိပါတယ်။ လိုအပ်နေတဲ့နေရာကို လိုအပ်သလို အသုံးမချတတ်တဲ့ အတွက်ကြောင့်.. တခြားဘာသာတွေက ငွေကြေးအသုံးချပြီး ဘာသာထဲ အတင်းဝင်ခိုင်းတဲ့အတွက်.. ငွေကြေးလိုအပ်နေတဲ့ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ ဘာသာခြားတွေ ဖြစ်သွားတာတွေ မနည်းတော့ပါဘူး။


လိုအပ်နေတဲ့နေရာတွေ လှူတာဟာ တကယ်တော့ သာသနာကို စောင့်ရှောက်နေတယ် ဆိုရင်လည်း မမှားပါဘူး။ ဆရာတော်အရှင်ဇ၀နရဲ့ ဆုံးမစကားလိုပါပဲ.. ဘာသာခြားကနေ ဗုဒ္ဓဘာသာကို ပြောင်းတာဟာ ဗုဒ္ဓဘာသာက မြတ်လို့.. ဗုဒ္ဓဘာသာကနေ ဘာသာခြားကို ပြောင်းတာဟာ ဗုဒ္ဓဘာသာတွေ ငတ်လို့ပါတဲ့။ ဟုတ်ပါတယ်နော်.. ကိုယ့်ဗုဒ္ဓဘာသာ လူမျိုးတွေက လိုအပ်တဲ့နေရာတွေ မလှူတတ်ပဲနဲ့.. နာမည်ကြီးအောင် ဘုရားတွေကို သိန်းပေါင်းများစွာ အကုန်ကျခံပြီး တည်ကြပါတယ်။ ဘုရားတည်တာကို အပြစ်ပြောတာ မဟုတ်ပါဘူးနော်။ ဘုရားတည်လို့ကုန်ကျမယ့် ပိုက်ဆံတွေအစား လိုအပ်နေတဲ့ နေရာတွေကို လှူစေချင်ပြီး လူတွေရဲ့နှလုံးသားထဲမှာ ပျောက်ကွယ်နေတဲ့ ဗုဒ္ဓရဲ့ အဆုံးအမတွေ ထည့်ပေးစေချင်တဲ့ သဘောလေးပါ။ ဗုဒ္ဓအဆုံးအမကို တကယ်သိသွားပြီ ဆိုရင်လည်း.. ဘုရား၊ တရား၊ သံဃာမြင်ရင် လက်အုပ်မချီပဲ မနေနိုင်သလို.. အိမ်မှာရှိတဲ့ ဘုရားကျောင်းဆောင် (ဘုရားစင်ဟု မသုံးလိုသောကြောင့်) ကိုလည်း ဘုရားရှင်ရဲ့ စေတီပုထိုး အဖြစ်ဖြင့် သက်တော်ထင်ရှားအလား ကိုးကွယ်တတ်သွားမှာပါ။


ဘုရားအဆုံးအမတွေ တကယ်သိသွားအောင် လုပ်ဆောင်ပေးတာဟာ လူတွေရဲ့ ရင်ထဲမှ ဘုရားတစ်ဆူစီ တည်ပေးတဲ့အတွက် လူအများစုကို ဘုရားအဆုံးအမတွေ တည်အောင် ထည့်ပေးနိုင်ရင် ဘုရားပေါင်း မြောက်များစွာ တည်ပေးတယ် ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ ဒ့ါကြောင့် ကျွန်တော်တို့ ဗုဒ္ဓဘာသာ လူမျိုးတွေအနေနဲ့.. အပြင်မှာတည်မယ့် ဘုရားတွေထက်.. လိုအပ်နေတဲ့ နေရာတွေမှာ လိုအပ်နေတဲ့ လူတွေကိုလှူရင်း.. သူတို့တွေရဲ့ ရင်ထဲမှာ မရှိသေးတဲ့ ဘုရားရှင်ရဲ့ အဆုံးအမတွေ တည်ပေးနိုင်အောင် ကြိုးစားကြပါလို့.. ဆရာတော် အရှင်ဇ၀နရဲ့ မေတ္တာဓါတ်ကို ဦးညွတ်ကန်တော့ရင်း ဆန္ဒပြု ဆုတောင်းပေးပါတယ်။ ဆရာတော်အရှင်ဇ၀နရဲ့ အလှူအတန်း ဖိုတိုများကိုလည်း ကြည်ညိုသဒ္ဓါ ပွားများစေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။ အားကျအတုယူကာ သာသနာတော်ကို စောင့်ရှောက် ကြည်ညိုနိုင်ကြပါစေ…။


လိုအပ်နေသော နေရာများသို့ လှူဒါန်းလိုပါက.. အောက်ပါလင့်များသို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်..။


www.mettashin.org (အရှင်ဇ၀န(မေတ္တာရှင်))

www.mmtheravada.org (ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်း)





နေရာတိုင်းမှာ မင်းရှိတယ်



ခေါင်းစဉ်အထူးအဆန်းလေးတွေဆို ကြိုက်နှစ်သက်မိတာ ကျွန်တော့ရဲ့ သဘာဝပါ။ ဆရာတော် အရှင်ဆန္ဒာဓိက ပေးထားတဲ့ ခေါင်းစဉ်လေးတွေဆိုရင် ခေါင်းစဉ်ဖတ်လိုက်တာနဲ့ စာအုပ်ကို ကောက်ကိုင်ချင်စိတ် ပေါက်မိပါတယ်။ ဆရာတော်ရဲ့ ခေါင်းစဉ်ပါ အသုံးအနှုံးတွေနဲ့ ရေးသားချက်တွေကို အရမ်းသဘောကျမိပါတယ်။ အနေဝေးပေမယ့် အဝေးနေမဟုတ်ပါ.. ဝေးကွာတိုင်း ကွာဝေးရမှာလား.. ဆိုတဲ့ ခေါင်းစဉ်တွေကို ပုံပေါ်အောင် သုံးထားပြီး စာသားကိုခေါင်းစဉ်နဲ့ထပ်တူ ရေးသားထားတာဟာ အင်မတန် ကြည်ညိုဖို့ ကောင်းပါတယ်။ အခြားအခြားသော ခေါင်းစဉ်လှလှလေးတွေလည်း ဆရာတော်ပေးထားတာ အများကြီးရှိပါတယ်။ အခုလည်း ကျွန်တော်သုံးထားတဲ့ ခေါင်းစဉ်လေးကို ဖတ်လိုက်ရင် တစ်မျိုးထင်သွားပါဦးမယ်။ နေရာတိုင်းမှာ မင်းရှိတယ်ဆိုတော့.. သမီးရည်းစားတွေ အမြဲသုံးနေတဲ့ စကားလေးလို ဖြစ်နေတာပါ။ စားလည်းဒီစိတ်.. သွားလည်းဒီစိတ်.. ဘာလုပ်လုပ် ဒီစိတ်တွေကြောင့် မင်းက နေရာတိုင်းမှာ ရှိနေသလိုလိုနဲ့ပါ။ ကျွန်တော်ဆိုလိုတဲ့ အဓိပ္ပါယ်ကတော့ အဲ့လိုမျိုးပြောလိုတာ မဟုတ်ပါဘူး.. နေရာတိုင်းမှာ ကုသိုလ်ရှိတယ် ဆိုတာလေးကို ရည်ညွှန်းထားတာပါ။

သူငယ်ချင်းတစ်ယောက်နဲ့ ဘတ်စ်ကားစီးရင်း စကားစမိတာကနေ ဒီအကြောင်းလေး ရေးဖို့ စိတ်ကူး ပေါ်လာတာပါ။ သူငယ်ချင်းက ဘာပြောလည်း ဆိုတော့.. ငါတော့ကွာ.. ကုသိုလ်တွေ သိပ်မလုပ်နိုင်သေးဘူး… ငါ့မှာ အားလပ်ချိန်ဆိုလို့ သိပ်ရှိတာမဟုတ်ဘူးလို့ သူကပြောလိုက်တာပါ။ သူပြောလိုက်တဲ့ အချိန်ကျတော့ ဆရာတော် အရှင်ဆေကိန္ဒရဲ့ ဆုံးမသြ၀ါဒ စကားလေးကို နားထဲက ကြားယောင်မိပါတယ်။ ဆရာတော်က ဘယ်လို သြ၀ါဒပေးထားလည်းဆိုတော့.. အချိန်တိုင်းမှာ ကုသိုလ်ရှိတယ်.. ကုသိုလ်ကို သတိကပိုင်တယ်.. သတိကို သူတော်ကောင်းကပိုင်တယ် ဆိုတဲ့ စကားလေးပါ။ ဘယ်လောက် မှတ်သားသင့်တဲ့ စကားလေးလဲနော်။

ဟုတ်ပါတယ်.. အခု လူအများစုထင်နေတာလည်း ကျွန်တော့်သူငယ်ချင်း ထင်ထားတဲ့ အတိုင်း အများဆုံး ဖြစ်နေတာပါ။ ဘုရားလေး တရားလေးလုပ်ပါဆိုရင်ကို.. ဟာ... ငါတို့က မအားသေးဘူး.. အချိန်မပေးနိုင်ဘူး.. လုပ်ဖို့ အင်အားမရှိသေးဘူး ဆိုတဲ့ စကားတွေနဲ့ ပိတ်ပြောပြစ်ကြတာ များပါတယ်။ အားလို့သေသွားတဲ့လူရယ်လို့ မရှိပါဘူး… မအားတဲ့ ကြားထဲကပဲ ကျောခိုင်းထွက်ခွာသွားရတာပါ။ ဒီတော့.. ကိုယ်ကလည်း ကုသိုလ်တရားတွေကို အားသည်ဖြစ်စေ မအားသည်ဖြစ်စေ ရနိုင်သလောက် အချိန်တိုင်း နေရာတိုင်းမှာ ရအောင် ယူနေရမှာပါ။ ဘုရားတရားလုပ်ပါလို့ ပြောလိုက်ရင် နည်းနည်း ကြီးကျယ်သွားတယ် ထင်ပါ့မယ်။ တကယ်က ဘုရားတရားလုပ်တာဟာ ကုသိုလ်ကို များသထက်များအောင် စုနေတဲ့ သဘောလေးပါပဲ။ လောကီလူ့ဘောင်နဲ့ သီးခြားခွဲလုပ်နေရတဲ့ အလုပ်လည်း မဟုတ်ပါဘူး။ ဆရာတော် အရှင်ဆေကိန္ဒရဲ့ ဆုံးမသြ၀ါဒအတိုင်းဆိုရင် နေရာတိုင်းမှာတင် မဟုတ်ပါဘူး.. အချိန်တိုင်းမှာပါ ကုသိုလ်တွေက ရှိနေတာပါ။


လောကီလူ့ဘောင်မှာ နေရတဲ့လူတွေအများစုဟာ စားဝတ်နေရေးအတွက် နေ့စဉ် ရုန်းကန်လှုပ်ရှား နေကြရတာပါ။ မိုးလင်းကမိုးချုပ် သားကျွေးမှု မယားကျွေးမှုဆိုတဲ့ မှုပေါင်းများစွာနဲ့ လုပ်ကိုင်နေကြရတာပါ။ ဒီတော့.. ကိုယ့်အတွက် ကုသိုလ်ဆိုတဲ့ ရိက္ခာကို ထုတ်ဖို့ အချိန်မရှိတော့ဘူးလား? ရှိပါတယ်နော်.. ဥပမာပေါ့.. ကိုယ်ကမနက်ပိုင်း ဘတ်စ်ကားစီးပြီး ရုံးတက်ရတယ်ဆိုပါစို့.. ဘတ်စ်ကားပေါ်မှာ ရဟန်းသံဃာတွေပါမယ်.. သက်ကြီးရွယ်အိုတွေပါမယ်ဆိုရင် သူတို့တွေသက်တောင့် သက်သာထိုင်ဖို့ ကိုယ်ကနေရာလေး ဖယ်ပေးမယ်.. ပစ္စည်းတွေပါလာရင် ပစ္စည်းတွေ ကူသယ်ထားပေးမယ် ဆိုရင်ကို မေတ္တာရှေ့ထားပြီး လုပ်ကိုင်နေတဲ့ အတွက် ကုသိုလ်တွေက ရနေတာပါ။ ငွေကြေးမကုန် အချိန်မကုန်ပဲနဲ့ ရနေတဲ့ အခမဲ့ကုသိုလ်တွေပါ။ ကိုယ်က ဘတ်စ်ကားမစီးရလို့ ဖယ်ရီစီးရတယ်ဆိုရင်လည်း ကားစီးသွားရင်း မေတ္တာလေးပို့နေမယ်.. ဘုရားဂုဏ်တော်ပွားနေမယ် ဆိုရင်ကို ကုသိုလ်တွေက အလိုလိုရနေတာပါ။ ဒီလိုပါပဲ.. ရုံးမှာနေနေ.. အိမ်မှာနေနေပေါ့.. ကိုယ်လုပ်နေတဲ့ အလုပ်တိုင်းမှာ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ အကုသိုလ်တွေအစား မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတဲ့ ကုသိုလ်လေးတွေ အစားထိုးပြီး လုပ်မယ်ဆိုရင်ကို ကုသိုလ်တွေက တနင့်တပိုးရနေမှာပါ။


ဆရာတော်အရှင်ဆေကိန္ဒရဲ့ ဆုံးမစကားလေးလိုပါပဲ.. ကိုယ်က သတိလေးရှိဖို့ပဲ အရေးကြီးပါတယ်။ ဒ့ါကြောင့်လည်း ဘုရားရှင် နောက်ဆုံးမှာခဲ့တဲ့… မမေ့မလျော့မပေါ့မဆ မြဲမြံတဲ့ သတိတရားနဲ့ ပြည့်စုံအောင် နေရစ်ကြပါဆိုတဲ့ ဆုံးမစကားဟာ အမြဲတမ်း မှန်ကန်ပြီး ထိရောက်အသုံးဝင်နေတဲ့ စကားဖြစ်နေတာပါ။ ဘယ်ကုသိုလ်မဆို မနက်အိပ်ရာနိုးတာကစပြီး ညအိပ်ရာဝင်တဲ့အချိန်ထိ အချိန်တိုင်းမှာ ကုသိုလ်တရားတွေက ကိုယ့်ဘေးနားမှာ ရှိနေတာပါ။ ကိုယ်က သတိလေးထား စောင့်ကြည့်ပြီး အရယူ အသုံးချတတ်ဖို့ပဲ လိုအပ်ပါတယ်။


ဒါ့ကြောင့်.. အချိန်တိုင်းမှာ မင်းရှိတယ်ဆိုတဲ့ အတိုင်း.. အချိန်တိုင်းမှာ ကုသိုလ် ရှိတယ်ဆိုတာ မမေ့ဖို့ လိုပါတယ်။ အချိန်တိုင်းမှာ ရှိနေတဲ့ ကုသိုလ်တရားတွေကို လက်လွတ်ဆုံးရှုံးမခံပဲနဲ့ ထိထိရောက်ရောက် အသုံးချတတ်ဖို့ အရေးကြီးပါတယ်။ ဘယ်ကုသိုလ်ပဲ ဖြစ်ဖြစ်ပေါ့.. ကောင်းတဲ့ အလုပ်မှန်သမျှ လုပ်ဖြစ်အောင် ကြိုးစားပြီး စိတ်ထားလေး ဖြူစင်အောင် ထားနေတာဟာ တရားအားထုတ်နေတာပါပဲ။ ကောင်းတဲ့အတွေး.. ကောင်းတဲ့အကြံ.. ကောင်းတဲ့ပြောဆိုမှုတွေနဲ့ ကောင်းတဲ့အလုပ်တွေကို စိတ်ထားကောင်းလေးတွေနဲ့ ထုံမွှမ်းထားတာဟာ နေရာတိုင်းမှာ ရှိနေတဲ့ ကုသိုလ်တရားတွေကို အရယူနေတာပါ။ ကိုယ့်စိတ်မှာ လောဘ၊ ဒေါသ၊ မောဟတွေ မ၀င်လာအောင် သတိထားစောင့်ကြည့်ပြီး ကုသိုလ်တရားတွေကို အစားထိုးပေးနေတာဟာ ကုသိုလ်ကိုများအောင်စုပြီး ကောင်းမှုကို များအောင်ကြံနေတာပါနော်။ ဓမ္မမိတ်ဆွေအပေါင်း.. နေရာတိုင်းမှာရှိနေတဲ့ ကုသိုလ်တရားတွေကို အချိန်တိုင်းမှာ အကျိုးရှိစွာ အသုံးချနိုင်ကြပါစေ..။။။

မီးငြိမ်းပေးမယ့် ဘလော့ဂါအဖြစ်သို့…

ဒါကတော့ ဘလော့တွေမှာ.. ဖိုရမ်တွေမှာ.. ဘယ်နေရာမှာပဲ ဖြစ်ဖြစ်ပါ.. စာရေးသူတွေ သတိထားရမယ့် အချက်တစ်ချက်ပေါ့။ ကျွန်တော်လည်း တအားကြီး သိလွန်းတတ်လွန်းလို့ ရေးလိုက်တာ မဟုတ်ပါဘူး..။ ဘလော့တွေမှာ စာတွေလိုက်ဖတ်ရင်းနဲ့ ဘလော့ဂါနဲ့ သူခိုးဆိုတဲ့ ပိုစ့်လေး ဖတ်လိုက်ရပြီး တော်တော်လေးကို လန့်သွားပါတယ်။ ကျွန်တော်တို့လို ဘလော့မှာ စာတွေ ရေးသားနေတဲ့ လူတွေအတွက် သတိပြုသင့်တဲ့ အချက်လေးပါပဲ။ ဒါလေးကို သတိပေးချင်တဲ့ အတွက်လည်း ဒီပိုစ့်လေးကို ရေးဖြစ်သွားတာပါ။ ကိုယ့်ကိုကိုယ်လည်း သတိပေးတဲ့အနေနဲ့ပါပဲ။ ရွှေလမ်းငွေလမ်းဝင်းကြည်ဘလော့မှာ စာရေးသားနေတဲ့ ဦးကြည်ကလည်း ဒီအကြောင်းလေး ရေးပေးပါဆိုတဲ့အတွက် ရေးပေးလိုက်တာပါ။

ကွန်ပျူတာကို မြွေလားရွှေလားလို့ မေးထားတဲ့ပို့စ်မှာ.. ကိုယ်ကမကောင်းတဲ့ စိတ်နဲ့ ကလစ်တစ်ခုကို နှိတ်လိုက်ရင် ကီးဘုတ်က စာတစ်လုံးရိုက်လိုက်ရင် အပါယ်ငရဲမှာ မီးမွှေးတာနဲ့ တူတယ်ဆိုတဲ့ စကားလေး သုံးနှုံးထားပါတယ်။ ဒါက ကွန်ပျူတာကို အမြဲတမ်း ကိုင်တွယ်ထိတွေ့နေရတဲ့ လူအများစု အတွက်ပါ။ အခုဖော်ပြမဲ့ အချက်ကကျတော့ ပိုပြီးတော့ အရေးကြီးပါတယ်..။ ကိုယ်တိုင်အပါယ်မီးမွှေးပြီးတော့ ကိုယ်တိုင်ခံစားလိုက်ရတာဟာ ဘာမှ အကြောင်းမဟုတ်ပါဘူး.. ကိုယ်လုပ်လို့ကိုယ်ခံရတဲ့ သဘောပါ။ အခုမွှေးမဲ့မီးကျတော့ ကိုယ်မွှေးတဲ့ အကုသိုလ်မီးက များရင်များသလို အလောင်ခံနေရမယ့် လူတွေမှာပါ ဆိုးကျိုးတွေများစွာနဲ့ အပါယ်မီးတွေ လောင်စေမဲ့မီးပါ။ ကိုယ်မွှေးတဲ့မီး ကြီးရင်ကြီးသလောက် အလောင်ခံနေရမယ့် လူတွေမှာလည်း ကြီးသွားနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်က မီးမွှေးနေတာလား? မီးငြိမ်းနေတာလားဆိုတာ စာရေးသူတွေအနေနဲ့ အရင်ဆုံး သိဖို့ အရေးကြီးပါတယ်..။

အရင်ဆုံး ဘလော့ဂါနဲ့ သူခိုးအကြောင်း ပိုစ့်လေးကို အနည်းငယ် ဖော်ပြချင်ပါတယ်။ ဘလော့ဂါနဲ့ သူခိုးဟာ ငရဲအတူတူ ကျတယ်ပေါ့..။ သူတို့ နှစ်ယောက်ကို ငရဲမင်းက အောက်မှာ မီးတွေ မွှေးပေးထားပါတယ်။ အဲ့ဒီမှာ နှစ်ကြာလာတာနဲ့အမျှ သူခိုးရဲ့ ငရဲမီးက သေးသေးလာပြီးတော့.. ဘလော့ဂါရဲ့ ငရဲမီးက တဖြေးဖြေး များပြားလာပါတယ်တဲ့။ ဒါနဲ့.. ဘလော့ဂါက ဓမ္မကမတရားဘူးဆိုပြီး ထအော်ပါတယ်။ သူက ဘယ်လိုထင်လည်းဆိုတော့ ငါ့လိုစာရေးတဲ့ လူတစ်ယောက်က သူခိုးခိုးတဲ့လူထက် ငရဲသက်ပိုကြာရတာဟာ ဓမ္မက မတရားတဲ့ သဘောသက်ရောက်နေပြီလို့ ထင်တဲ့တွက်ပါ။ ဒီအချိန်မှာပဲ သူ့စာကိုဖတ်ပြီး ငရဲကျနေတဲ့ ငရဲသားတွေ ရောက်လာပြီးတော့.. မင်းရေးတဲ့ အကုသိုလ်ရစေမယ့် စာတွေကြောင့် ငါတို့တွေ အယူမှားပြီး အပါယ်ငရဲမှာ ဘ၀ပေါင်းများစွာ ခံနေရတယ်ဆိုတဲ့ အကြောင်းပြောတော့မှပဲ ဘလော့ဂါဟာ သူ့အကြောင်းကို မှားမှန်းသိပြီး နောင်တကြီးစွာ ရရှိသွားပါတယ်ဆိုတဲ့ အကြောင်းလေးကို ဖော်ပြရေးဖွဲ့ထားတာပါ။ ဒီအကြောင်းအရာလေးဟာ ပုံပြင်တစ်ပုဒ်လို ဖြစ်ချင်ဖြစ်နိုင်ပေမယ့် သင်ခန်းစာယူစရာ အကြောင်းအရာလေး တစ်ခုပါ။ ဘာမှမဖြစ်သလို နေမယ်ဆိုလည်း နေလို့ရနိုင်သလို.. တကယ်တမ်း ဆန်းစစ် လေ့လာ ကြည့်မယ်ဆိုရင်လည်း သတိထားလိုက်နာပြီးတော့ သင်ခန်းစာယူရမယ့် အချက်လေးပါပဲ။


ဒီအချက်ကို ဆရာတော်အရှင်ဇ၀န ရေးသားတဲ့ အတွင်းရန်သူစာအုပ်ထဲက အကြောင်းအရာလေးနဲ့ ဖော်ပြပေးလိုပါတယ်။ လယ်တီဆရာတော်ဘုရားကြီး ရှိစဉ်အခါတုန်းက လယ်တီဆရာတော်ကို မြန်မာတစ်ပြည်လုံးမှာ ထင်ရှားကျော်ကြားတဲ့ ဇာတ်မင်းသားကြီး ဦးဖိုးစိန်က လာရောက် ဖူးမြော်တဲ့ အချိန်ပေါ့။ လယ်တီဆရာတော် ဘုရားကြီးက ဘယ်သူလဲလို့ မေးလိုက်တဲ့အချိန်မှာ.. ဦးဖိုးစိန်က တပည့်တော် ဇာတ်မင်းသားဖိုးစိန်ပါဘုရားလို့ လျောက်ပါတယ်တဲ့။ ဒါနဲ့ လယ်တီဆရာတော်ဘုရားကြီးက သြော်..ဒါဖြင့် မင်းက မြန်မာတစ်ပြည်လုံးကို မီးလှည့်ရှို့နေတဲ့ ဒကာကြီးပဲလို့ ပြောလိုက်တယ် ဆိုတဲ့အချက်လေးပါ။ လယ်တီဆရာတော်ဘုရားကြီးရဲ့ ဆိုလိုရင်းကတော့.. လူတွေရဲ့ သန္တန်မှာ လောဘမီး၊ ဒေါသမီးတောက်အောင် လုပ်ပေးနေတာဟာ လူတွေကို မီးရှို့နေတာနဲ့ အတူတူပဲဆိုတဲ့သဘောလေးကို ဦးဖိုးစိန်သိသွားအောင် စကားလေး တစ်ခွန်းမိန့်လိုက်တဲ့ သဘောလေးပါပဲ။


နောက်တစ်ယောက်ကတော့ ကမ္ဘာမှာ ထင်ရှားကျော်ကြားခဲ့တဲ့ စာရေးဆရာကြီး တော်စတွိုင်းအကြောင်းပါ။ တော်စတွိုင်းဟာ စစ်နှင့်ငြိမ်းချမ်းရေးဝတ္ထုကြီးကို ဇွဲကြီးကြီးနဲ့ နှစ်ပေါင်းများစွာ အကြိမ်များစွာ ရေးသားခဲ့သူပါ။ ဒီဝတ္ထုနဲ့ပဲ ကမ္ဘာကျော်ခဲ့တာပါ။ ဒါပေမယ့် နောက်ဆုံးမှာ သူ ဒီဝတ္ထုကြီးကို ရေးမိတဲ့ အတွက် အရှက်ကြီး ရှက်ခဲ့မိတယ် ဆိုတဲ့ အကြောင်းကို ၀န်ခံခဲ့ပါတယ်။ တော်စတွိုင်းက ဘယ်လိုပြောခဲ့လဲဆိုတော့.. သူရေးတဲ့ ၀တ္ထုအထဲမှာ အကျိုးမရှိ ပြိန်ဖျင်းပြီး အနှစ်သာရမရှိတဲ့စကားတွေ များစွာပါတဲ့အတွက် အင်မတန် စိတ်မကောင်း ဖြစ်ခဲ့ပါတယ် တဲ့။ တော်စတွိုင်းဖြစ်ရပ်မှ သင်ခန်းစာ ထုတ်ယူမယ်ဆိုရင်တော့ မိမိရေးသားသောစာသည် လိုချင်တပ်မက်သော လောဘမီး၊ စိတ်ဆိုးအမျက်ထွက်သော ဒေါသမီး၊ တွေဝေမိုက်မဲသော မောဟမီး၊ ငါရှိ ငါသိဟု ထောင်လွှားတတ်သော မာနမီး၊ စိတ်ကို လေးလံထိုင်းမှိုင်းစေတတ်သော ထိနမီး၊ အကုသိုလ်ကို မရှက်သော အဟိရိကမီး ဆိုတဲ့ မီးပေါင်းများစွာကို သူကိုယ်တိုင်မွှေးခဲ့ပြီး လူတွေကိုပါ မီးတွေ ကူးစေခဲ့တဲ့အတွက် နောက်ဆုံးမှာ စိတ်မကောင်းဖြစ်ရတယ်လို့ ၀န်ခံသွားတဲ့သဘောပါ။


ဒီအပေါ်ကအချက်တွေကို ကြည့်မယ်ဆိုရင်.. စာရေးတဲ့သူတွေအနေနဲ့ သတိထားရေးသားဖို့ အင်မတန် အရေးကြီးပါတယ်။ မိမိရေးလိုက်တဲ့စာဟာ မိမိသူတစ်ပါး အကျိုးများစေမယ့် စာလား? အနှစ်သာရရှိရဲ့လား? အားလုံးအတွက် ကောင်းကျိုးဖြစ်စေမယ့် စာလား? စာဖတ်သူအတွက် အသိပညာ အတတ်ပညာတိုးစေမယ့် စာလား? ဆိုတာ ကိုယ်တိုင်နားလည် စီစစ်ရေးဖို့ဟာ အင်မတန် လိုအပ်ပါတယ်။ မိမိရေးလိုက်တဲ့ စာတစ်ကြောင်းကြောင့် တဖက်သားမှာ လောဘတွေ တိုးလာမလား? ဒေါသတွေ တိုးစေမလား? မောဟတွေ ဖြစ်စေနိုင်တဲ့ စာမျိုးတွေလား? ဆိုတာဝေဖန်စီစစ်ဖို့ လိုအပ်ပါတယ်။ ဒါမှလည်း တော်စတွိုင်းလို နောက်မှနောင်တရတဲ့သူအဖြစ်မှ ကင်းဝေးနိုင်သလို.. ဇာတ်မင်းသားကြီး ဦးဖိုးစိန်လိုလည်း တပါးသူကို မီးရှို့သူ မဖြစ်မှာပါ။


ဆရာတော်တစ်ပါး ဆုံးမဖူးတာ မှတ်သားမိပါတယ်.. လူမိုက်တစ်သောင်း ချီးမွှမ်းရှောင်းလည်း လူကောင်းတစ်ယောက် ပြစ်တင်ကြောက်လော့ ဆိုတဲ့ စကားလေးပါ။ အသိအလိမ္မာဥာဏ်ပညာ နည်းသူတွေရဲ့ ချီးမွှမ်းထောပနာစကားတွင် နှစ်သက်မနေပဲ ဥာဏ်ပညာပြည့်ဝတဲ့ သူတော်ကောင်းများ အပြစ်တင် အကဲ့အရဲ့မခံရဖို့ရာကို ပိုပြီး ဂရုစိုက်ဖို့ လိုတယ်ဆိုတဲ့ အချက်လေးပါ။ ဒီအချက်လေးအတိုင်းပါပဲ.. ကိုယ်ရေးလိုက်တဲ့ စာတစ်လုံး စာတစ်ကြောင်းဟာ သူတော်ကောင်းတွေ ချီးမွှမ်းစေတဲ့ စာမျိုးဖြစ်လား မဖြစ်လားဆိုတာ ကိုယ်တိုင် ဝေဖန်စီစစ်ပြီး ရေးဖို့ အရေးကြီးပါတယ်။ ဒါမှလည်း မိမိရေးလိုက်တဲ့ စာတစ်လုံးဟာ ဖတ်နေတဲ့ လူအတွက်ရော မိမိအတွက်ပါ အကျိုးများနိုင်သလို.. သူများအကျိုးကို ဆောင်နေရင်းနဲ့ ကိုယ့်အကျိုးပါ အောင်နေမယ်ဆိုတာ မလွဲမသေပါပဲ။ စာရေးသူအပေါင်းလည်း.. ထာဝရမီးငြိမ်းပေးနေတဲ့ ဘလော့ဂါများ ဖြစ်ကြပြီးတော့.. စာဖတ်သူအပေါင်းလည်း ထာဝရမီးငြိမ်းနိုင်ကြပါစေ..။။။

လမြတ်ဝါဆို အမှတ်တရ


ဒီနေ့ဟာ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ တရားဦး ဓမ္မစင်္ကြာဟောသည့်နေ့.. သန္ဓေယူသည့်နေ့.. တော်ထွက်တော်မူသည်နေ့.. ဆိုတဲ့ အမှတ်တရများစွာ ဖြစ်စေတဲ့နေ့လေး တစ်နေ့ပါ။ အင်မတန်မှ မွန်မြတ်တဲ့နေ့လေးမလို့ မြတ်ဗုဒ္ဓအား သတိတရ ပူဇော်လိုက်ပါတယ်။ ကျွန်တော်လည်း အရင်က ၀ါဆိုလပြည့်နေ့ဆိုတာ မသိလိုက် မသိသလိုနဲ့ပဲ ကုန်ဆုံးသွားခဲ့တာ များပါတယ်။ လူအများစုပေါ့.. ဘယ်နေ့တွေ သတိရလည်းဆိုတော့.. ချစ်သူများနေ့တို့.. နှစ်သစ်ကူးနေ့တို့.. ကိုယ့်မွေးနေ့တွေမှာ အမှတ်တရ သတိတရ ဖြစ်မိကြတာ များပါတယ်။ အဲ့လိုမျိုးနေ့မျိုးတွေတောင် အမှတ်တရနဲ့ သတိရနိုင်သေးရင် ကျေးဇူးရှင် အနန္တရှိတဲ့ မြတ်ဗုဒ္ဓရဲ့ နေ့တွေကိုတော့ ရင်ထဲအသည်းထဲမှာပါ စွဲမြဲသင့်ပါတယ်။ မြတ်ဗုဒ္ဓကို ဒီနေ့မှ သတိတရရှိရမှာ မဟုတ်ပါဘူး.. အချိန်တိုင်းနှလုံးသားထဲမှာ ဘုရားရှင်ရဲ့ ကျေးဇူးတွေကို သတိတရရှိနေပြီး ဘုရားရှင်ရဲ့ ကျေးဇူးကို ဓမ္မနဲ့ ကျေးဇူးဆပ်နေရမှာပါ။ ဒါမှလည်း တုနှိုင်းမမှီတဲ့ မြတ်ဗုဒ္ဓကို တုနှိုင်းမမှီတဲ့ ကျေးဇူးတွေနဲ့ ကျေးဇူးဆပ်ရာ ရောက်နေမှာပါ။

ဘာလို့ တုနှိုင်းမမှီရတာလည်း? မြတ်ဗုဒ္ဓရဲ့ သတ္တ၀ါတွေ အပေါ်မှာ ထားရှိတဲ့ အနန္တမေတ္တာဓါတ်တွေဟာ တုနှိုင်းမမှီတဲ့ အတွက်ပါ။ သုမေဓါရှင်ရသေ့ဘ၀တုန်းက အကြောင်းလေး ပြန်ကြည့်မယ် ဆိုပါစို့။ အဲ့ဒီ့ဘ၀မှာ ဘုရားရှင်ရဲ့ ဘုရားဖြစ်ချင်တဲ့ ရည်ရွယ်ချက်က (၁) ဗုဒ္ဓေါဗေါဓေယျံ- ငါကိုယ်တိုင် သစ္စာလေးပါးကို သိသလို သတ္တ၀ါတွေလည်း ငါ့လိုသိစေရမယ်၊ (၂) ဒန္တောဒမ္မေယျံ- ငါကိုယ်တိုင် ယဉ်ကျေးသိမ်မွေ့သလို သတ္တ၀ါတွေလည်း ငါ့လိုယဉ်ကျေးသိမ်မွေ့စေရမယ်၊ (၃) မုတ္တောမောစေယျံ- ငါကိုယ်တိုင် ကိလေသာမှ လွတ်မြောက်သလို သတ္တ၀ါတွေလည်း ငါ့လိုလွတ်မြောက်စေရမယ်၊ (၄) အဿတော အဿရေယျံ- ငါကိုယ်တိုင် သက်သာရာ ရသလို သတ္တ၀ါတွေလည်း ငါ့လိုသက်သာရာ ရစေရမယ်၊ (၅) တိဏ္ဍော တာရေယျံ- ငါကိုယ်တိုင် ဘ၀သံသရာအခက်အခဲမှ ကူးမြောက်နိုင်သလို သတ္တ၀ါတွေလည်း ငါ့လိုကူးမြောက်နိုင်ရမယ်၊ (၆) သုဒ္ဓေါသောရေယျံ- ငါကိုယ်တိုင် ကိလေသာတွေ စင်ကြယ်သလို သတ္တ၀ါတွေလည်း ငါ့လို စင်ကြယ်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်တွေပါ။ ဘုရားရှင်ရဲ့ ရည်ရွယ်ချက်ထဲမှာ သူအတွက်ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုမှ မပါပါဘူးနော်။ သတ္တ၀ါအနန္တအတွက်ကိုပဲ ရှေးရှုပြီး ရည်ရွယ်သွားတာပါ။ ဘယ်လောက်ကြည်ညိုဖို့ ကောင်းလိုက်ပါသလဲ..။

သုမေဓါရှင်ရသေ့ဘ၀မှာ ဘုရားရှင်ဟာ နိဗ္ဗာန်လိုချင်တယ်ဆိုရင် လက်တကမ်းမှာတင် အရယူနိုင်ပါတယ်။ အကြိမ်ကြိမ် သေခြင်းကနေ ကင်းလွတ်ခွင့်ရတော့မယ့် အချိန်မှာ သတ္တ၀ါအပေါင်းအပေါ်၌ သနားဂရုဏာ မေတ္တာဓါတ်ကြီးမားတဲ့အတွက် ရလုနီးပါး မဂ်ဥာဏ်ဖိုဥာဏ် မြတ်နိဗ္ဗာန်ကို မျက်နှာလွဲခဲ့လိုက်တာပါ။ အဲ့လိုမျိုး စာသားလေးရေးမိတဲ့ အချိန်ကျတော့ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးရဲ့ သြ၀ါဒ စကားလေးကို ပြေးပြီး သတိရမိပါတယ်။ ဆရာတော် ဘုရားကြီးက ဘယ်လို သြ၀ါဒပေးခဲ့လည်းဆိုတော့.. ငါတို့ကတော့ ဘုရားရှင်ကို ဘုရားဖြစ်မှ ကြည်ညိုတာမဟုတ်ပါဘူး.. ဘုရားဆုပန်တဲ့ သုမေဓါရှင်ရသေ့ဘ၀ကတည်းက စပြီးကြည်ညိုတာပါ တဲ့။ ဟုတ်ပါတယ်နော်.. ဘုရားရှင်ရဲ့ ဘုရားဖြစ်ချင်တဲ့ ရည်ရွယ်ချက်ကို ကြည့်လိုက်မယ်ဆိုရင်ကိုပဲ ဘုရားရှင်ရဲ့ မေတ္တာဟာ သတ္တ၀ါတွေအပ်ါမှာ တုနှိုင်းမမှီနိုင်ဘူးဆိုတာ လက်ခံလို့ရပါနေပါပြီ။


အဲ့ဘ၀ကစ ဘုရားဆုပန်ပြီးတော့ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပတ်လုံး အစွမ်းကုန်ပါရမီ ဖြည့်တင်းခဲ့ရပါတယ်။ ဘုရားရှင် ပါရမီဖြည့်ခဲ့တဲ့ အသွေးအသားတွေဟာ တောင်လိုပုံလိုက်မယ်ဆိုရင် မြင့်မိုရ်တောင်နဲ့နှိုင်းယှဉ်လို့ မရလောက်အောင် မြင့်လွန်းပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး မျက်လုံး ဖောက်လှူခဲ့တဲ့ မျက်လုံးတွေ ရေတွက်ကြည့်မယ်ဆိုရင် ကောင်းကင်က ကြယ်တွေတောင် အရှုံးပေးရပါမယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး ဖောက်လှူခဲ့တဲ့ သွေးတွေစုထားမယ်ဆိုရင် သမုဒ္ဒရာကြီး(၄)ဆင်းထက် အဆပေါင်းများစွာ များတယ်လို့ ဆိုပါတယ်။ ဘုရားရှင်ဟာ သတ္တ၀ါအားလုံးအပေါ်မှာ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပါတ်လုံး အသက်သွေးချွေးပေါင်းများစွာ ရင်းပြီး ချစ်ခဲ့ရတာပါနော်။ အော်.. သတ္တ၀ါတွေ အားလုံးအတွက် မေတ္တာတော်အနန္တနဲ့ ချစ်ခဲ့တဲ့ ဗုဒ္ဓမြတ်စွာပါလား…။



ဘုရားမဖြစ်ခင် ပါရမီဖြည့်ခဲ့ရတဲ့ အချိန်တွေမှာလည်း ဘယ်သူမှ မလုပ်နိုင်တဲ့ အလုပ်မျိုးတွေကို လုပ်ပြီး ပါရမီဖြည့်ခဲ့ရတာပါ။ ဘုရားလောင်းတို့ ပါရမီဖြည့်ကျင့်ရတဲ့အခါ အချက်ငါးချက်နဲ့ အညီ မနားမနေ ဖြည့်ကျင့်ခဲ့ရပါတယ်။ အချက်ငါးချက်ကတော့ (၁) မရပ်မနားလုပ် (၂) မခြွင်းမခြံလုပ် (၃) ရိုးရိုးသားသားလုပ် (၄) ပျော်ပျော်ပါးပါးလုပ် (၅) ကြာကြာလုပ် ဆိုတဲ့ အချက်ငါးချက်ပါ။ ဘုရားရှင်ဟာ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး ထိုအချက်(၅)ချက်လုံးနဲ့အညီ ဖြည့်ကျင့်ခဲ့တာပါ။ ဘယ်လောက်ကြည်ညိုဖို့ ကောင်းလိုက်ပါသလဲနော်။ လေးအသင်္ချေကမ္ဘတစ်သိန်းဆိုတဲ့ ရှည်လျားတဲ့အချိန်ကို မနက်ဖြန်ပဲ ဘုရားဖြစ်တော့မယ်ဆိုတဲ့ စိတ်ဓါတ်မျိုးနဲ့ ဖြည့်ကျင့်ခဲ့ရတာပါနော်။


ဘုရားဖြစ်လာတဲ့ အချိန်ကျတော့လည်း.. တလောကလုံးက ကာမဂုဏ်တွေနဲ့ မွေ့လျော်ပြီး ငါကောင်ကြီးကို အတ္တလို့ ထင်နေတဲ့ အချိန်မှာ.. သူတို့တွေခံယူထားတဲ့ အတ္တဆိုပြီး မှားနေတဲ့ လမ်းတွေကို အနတ္တအဖြစ် မှန်အောင်
ဘုရားရှင်တစ်ပါးတည်း ဆုံးမပြုပြင်ပေးခဲ့တာပါ။ အတိုက်အခံပေါင်းများစွာနဲ့ သတ္တ၀ါအပေါင်းကို သူ့ရဲ့ သားတော် ရာဟုလာနဲ့ မေတ္တာတူ ချစ်မြတ်နိုးစွာဖြင့် လမ်းမှန်ရောက်အောင် ပို့ဆောင်ပေးခဲ့သူပါ။ ကြိမ်ဖန်များစွာ သေရာလမ်းကို သွားနေကြတဲ့လူတွေကို နောက်ပြန်လှည့်စေပြီး မသေရာ မြတ်နိဗ္ဗာန်ကို ပို့ ဆောင်ပေးခဲ့သူပါ။ အင်မတန် အကျင့်စရိုက် ဆိုးရွားနေတဲ့ သတ္တ၀ါတွေကို လုံးဝယဉ်ကျေးသိမ်မွေ့သွားအောင် ဆုံးမပေးနိုင်ခဲ့သူပါ။ မည့်သူ့အပေါ်မှာမှ ရန်သူလို သဘောမထားပဲ.. သူရဲ့သားတော်ရာဟုလာအလား ချစ်မြတ်နိုးခဲ့သူပါ။ ဒါ့ကြောင့်လည်း အနန္တကျေးဇူးရှင်လို့ ခေါ်ထိုက်တာပါနော်။

ဗုဒ္ဓမြတ်စွာဟာ.. ဖန်ဆင်းရှင်မဟုတ်သလို.. ကယ်တင်ရှင်လည်း မဟုတ်ပါဘူး။ ဗုဒ္ဓမြတ်စွာဟာ ပျောက်နေတဲ့ အလင်းရောင်လမ်းကို ဖောက်သွားတဲ့ အလင်းရောင်လမ်းပြ တစ်ယောက်ပါ။ ငါဘုရားကို ကိုးကွယ်ပါ.. ငါဘုရားကို ကိုးကွယ်ရင် မင်းတို့ အပြစ်တွေကို ငါ ကျေအေးပေးမယ်လို့လည်း မပြောခဲ့ပါဘူး။ ငါပြောတာမှယုံကွာ.. တခြားဟာတွေ မယုံနဲ့လို့လည်း မပြောခဲ့တဲ့အပြင် သူပြောတဲ့တရားတွေတောင် ဝေဖန်ပိုင်းခြားစီစစ်ပြီး နာကြားနှလုံးသွင်းပါလို့ မှာကြားခဲ့တာပါ။ ဘယ်လောက်ကြည်ညိုဖို့ ကောင်းလိုက်ပါသလဲနော်။ ဘုရားရှင်ရဲ့ ကြည်ညိုဖွယ်ကောင်းပုံတွေ ရေးဖွဲ့မယ်ဆိုရင်တော့ ဘယ်တော့မှ ကုန်ဆုံးနိုင်မှာ မဟုတ်ပါဘူး။ လေးအသင်္ချေကမ္ဘာတစ်သိန်းလုံး ချစ်ခဲ့တဲ့ မေတ္တာတော်အနန္တကို ဒီပို့စ်ရေးရင်းနဲ့ အကြိမ်ကြိမ် ရှိခိုးဦးခိုက် ကန်တော့မိပါတော့တယ်။ လမြတ်ဝါဆိုနေ့မှာ ဘုရားရှင်ဆုံးမခဲ့တဲ့ မကောင်းမှုရှောင်ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား ဆိုတဲ့ ဆုံးမစကားလေးကို နှလုံးသွင်း နားထောင်ရင်း ဘုရားရှင်ကို အချိန်တိုင်း ဓမ္မနဲ့ ကျေးဇူးဆပ်နိုင်ကြပါစေ...။။။