ဒီနေ့ဟာ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ တရားဦး ဓမ္မစင်္ကြာဟောသည့်နေ့.. သန္ဓေယူသည့်နေ့.. တော်ထွက်တော်မူသည်နေ့.. ဆိုတဲ့ အမှတ်တရများစွာ ဖြစ်စေတဲ့နေ့လေး တစ်နေ့ပါ။ အင်မတန်မှ မွန်မြတ်တဲ့နေ့လေးမလို့ မြတ်ဗုဒ္ဓအား သတိတရ ပူဇော်လိုက်ပါတယ်။ ကျွန်တော်လည်း အရင်က ၀ါဆိုလပြည့်နေ့ဆိုတာ မသိလိုက် မသိသလိုနဲ့ပဲ ကုန်ဆုံးသွားခဲ့တာ များပါတယ်။ လူအများစုပေါ့.. ဘယ်နေ့တွေ သတိရလည်းဆိုတော့.. ချစ်သူများနေ့တို့.. နှစ်သစ်ကူးနေ့တို့.. ကိုယ့်မွေးနေ့တွေမှာ အမှတ်တရ သတိတရ ဖြစ်မိကြတာ များပါတယ်။ အဲ့လိုမျိုးနေ့မျိုးတွေတောင် အမှတ်တရနဲ့ သတိရနိုင်သေးရင် ကျေးဇူးရှင် အနန္တရှိတဲ့ မြတ်ဗုဒ္ဓရဲ့ နေ့တွေကိုတော့ ရင်ထဲအသည်းထဲမှာပါ စွဲမြဲသင့်ပါတယ်။ မြတ်ဗုဒ္ဓကို ဒီနေ့မှ သတိတရရှိရမှာ မဟုတ်ပါဘူး.. အချိန်တိုင်းနှလုံးသားထဲမှာ ဘုရားရှင်ရဲ့ ကျေးဇူးတွေကို သတိတရရှိနေပြီး ဘုရားရှင်ရဲ့ ကျေးဇူးကို ဓမ္မနဲ့ ကျေးဇူးဆပ်နေရမှာပါ။ ဒါမှလည်း တုနှိုင်းမမှီတဲ့ မြတ်ဗုဒ္ဓကို တုနှိုင်းမမှီတဲ့ ကျေးဇူးတွေနဲ့ ကျေးဇူးဆပ်ရာ ရောက်နေမှာပါ။
ဘာလို့ တုနှိုင်းမမှီရတာလည်း? မြတ်ဗုဒ္ဓရဲ့ သတ္တ၀ါတွေ အပေါ်မှာ ထားရှိတဲ့ အနန္တမေတ္တာဓါတ်တွေဟာ တုနှိုင်းမမှီတဲ့ အတွက်ပါ။ သုမေဓါရှင်ရသေ့ဘ၀တုန်းက အကြောင်းလေး ပြန်ကြည့်မယ် ဆိုပါစို့။ အဲ့ဒီ့ဘ၀မှာ ဘုရားရှင်ရဲ့ ဘုရားဖြစ်ချင်တဲ့ ရည်ရွယ်ချက်က (၁) ဗုဒ္ဓေါဗေါဓေယျံ- ငါကိုယ်တိုင် သစ္စာလေးပါးကို သိသလို သတ္တ၀ါတွေလည်း ငါ့လိုသိစေရမယ်၊ (၂) ဒန္တောဒမ္မေယျံ- ငါကိုယ်တိုင် ယဉ်ကျေးသိမ်မွေ့သလို သတ္တ၀ါတွေလည်း ငါ့လိုယဉ်ကျေးသိမ်မွေ့စေရမယ်၊ (၃) မုတ္တောမောစေယျံ- ငါကိုယ်တိုင် ကိလေသာမှ လွတ်မြောက်သလို သတ္တ၀ါတွေလည်း ငါ့လိုလွတ်မြောက်စေရမယ်၊ (၄) အဿတော အဿရေယျံ- ငါကိုယ်တိုင် သက်သာရာ ရသလို သတ္တ၀ါတွေလည်း ငါ့လိုသက်သာရာ ရစေရမယ်၊ (၅) တိဏ္ဍော တာရေယျံ- ငါကိုယ်တိုင် ဘ၀သံသရာအခက်အခဲမှ ကူးမြောက်နိုင်သလို သတ္တ၀ါတွေလည်း ငါ့လိုကူးမြောက်နိုင်ရမယ်၊ (၆) သုဒ္ဓေါသောရေယျံ- ငါကိုယ်တိုင် ကိလေသာတွေ စင်ကြယ်သလို သတ္တ၀ါတွေလည်း ငါ့လို စင်ကြယ်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်တွေပါ။ ဘုရားရှင်ရဲ့ ရည်ရွယ်ချက်ထဲမှာ သူအတွက်ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုမှ မပါပါဘူးနော်။ သတ္တ၀ါအနန္တအတွက်ကိုပဲ ရှေးရှုပြီး ရည်ရွယ်သွားတာပါ။ ဘယ်လောက်ကြည်ညိုဖို့ ကောင်းလိုက်ပါသလဲ..။
သုမေဓါရှင်ရသေ့ဘ၀မှာ ဘုရားရှင်ဟာ နိဗ္ဗာန်လိုချင်တယ်ဆိုရင် လက်တကမ်းမှာတင် အရယူနိုင်ပါတယ်။ အကြိမ်ကြိမ် သေခြင်းကနေ ကင်းလွတ်ခွင့်ရတော့မယ့် အချိန်မှာ သတ္တ၀ါအပေါင်းအပေါ်၌ သနားဂရုဏာ မေတ္တာဓါတ်ကြီးမားတဲ့အတွက် ရလုနီးပါး မဂ်ဥာဏ်ဖိုဥာဏ် မြတ်နိဗ္ဗာန်ကို မျက်နှာလွဲခဲ့လိုက်တာပါ။ အဲ့လိုမျိုး စာသားလေးရေးမိတဲ့ အချိန်ကျတော့ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးရဲ့ သြ၀ါဒ စကားလေးကို ပြေးပြီး သတိရမိပါတယ်။ ဆရာတော် ဘုရားကြီးက ဘယ်လို သြ၀ါဒပေးခဲ့လည်းဆိုတော့.. ငါတို့ကတော့ ဘုရားရှင်ကို ဘုရားဖြစ်မှ ကြည်ညိုတာမဟုတ်ပါဘူး.. ဘုရားဆုပန်တဲ့ သုမေဓါရှင်ရသေ့ဘ၀ကတည်းက စပြီးကြည်ညိုတာပါ တဲ့။ ဟုတ်ပါတယ်နော်.. ဘုရားရှင်ရဲ့ ဘုရားဖြစ်ချင်တဲ့ ရည်ရွယ်ချက်ကို ကြည့်လိုက်မယ်ဆိုရင်ကိုပဲ ဘုရားရှင်ရဲ့ မေတ္တာဟာ သတ္တ၀ါတွေအပ်ါမှာ တုနှိုင်းမမှီနိုင်ဘူးဆိုတာ လက်ခံလို့ရပါနေပါပြီ။
အဲ့ဘ၀ကစ ဘုရားဆုပန်ပြီးတော့ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပတ်လုံး အစွမ်းကုန်ပါရမီ ဖြည့်တင်းခဲ့ရပါတယ်။ ဘုရားရှင် ပါရမီဖြည့်ခဲ့တဲ့ အသွေးအသားတွေဟာ တောင်လိုပုံလိုက်မယ်ဆိုရင် မြင့်မိုရ်တောင်နဲ့နှိုင်းယှဉ်လို့ မရလောက်အောင် မြင့်လွန်းပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး မျက်လုံး ဖောက်လှူခဲ့တဲ့ မျက်လုံးတွေ ရေတွက်ကြည့်မယ်ဆိုရင် ကောင်းကင်က ကြယ်တွေတောင် အရှုံးပေးရပါမယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး ဖောက်လှူခဲ့တဲ့ သွေးတွေစုထားမယ်ဆိုရင် သမုဒ္ဒရာကြီး(၄)ဆင်းထက် အဆပေါင်းများစွာ များတယ်လို့ ဆိုပါတယ်။ ဘုရားရှင်ဟာ သတ္တ၀ါအားလုံးအပေါ်မှာ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပါတ်လုံး အသက်သွေးချွေးပေါင်းများစွာ ရင်းပြီး ချစ်ခဲ့ရတာပါနော်။ အော်.. သတ္တ၀ါတွေ အားလုံးအတွက် မေတ္တာတော်အနန္တနဲ့ ချစ်ခဲ့တဲ့ ဗုဒ္ဓမြတ်စွာပါလား…။
ဘုရားမဖြစ်ခင် ပါရမီဖြည့်ခဲ့ရတဲ့ အချိန်တွေမှာလည်း ဘယ်သူမှ မလုပ်နိုင်တဲ့ အလုပ်မျိုးတွေကို လုပ်ပြီး ပါရမီဖြည့်ခဲ့ရတာပါ။ ဘုရားလောင်းတို့ ပါရမီဖြည့်ကျင့်ရတဲ့အခါ အချက်ငါးချက်နဲ့ အညီ မနားမနေ ဖြည့်ကျင့်ခဲ့ရပါတယ်။ အချက်ငါးချက်ကတော့ (၁) မရပ်မနားလုပ် (၂) မခြွင်းမခြံလုပ် (၃) ရိုးရိုးသားသားလုပ် (၄) ပျော်ပျော်ပါးပါးလုပ် (၅) ကြာကြာလုပ် ဆိုတဲ့ အချက်ငါးချက်ပါ။ ဘုရားရှင်ဟာ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး ထိုအချက်(၅)ချက်လုံးနဲ့အညီ ဖြည့်ကျင့်ခဲ့တာပါ။ ဘယ်လောက်ကြည်ညိုဖို့ ကောင်းလိုက်ပါသလဲနော်။ လေးအသင်္ချေကမ္ဘတစ်သိန်းဆိုတဲ့ ရှည်လျားတဲ့အချိန်ကို မနက်ဖြန်ပဲ ဘုရားဖြစ်တော့မယ်ဆိုတဲ့ စိတ်ဓါတ်မျိုးနဲ့ ဖြည့်ကျင့်ခဲ့ရတာပါနော်။
ဘုရားဖြစ်လာတဲ့ အချိန်ကျတော့လည်း.. တလောကလုံးက ကာမဂုဏ်တွေနဲ့ မွေ့လျော်ပြီး ငါကောင်ကြီးကို အတ္တလို့ ထင်နေတဲ့ အချိန်မှာ.. သူတို့တွေခံယူထားတဲ့ အတ္တဆိုပြီး မှားနေတဲ့ လမ်းတွေကို အနတ္တအဖြစ် မှန်အောင် ဘုရားရှင်တစ်ပါးတည်း ဆုံးမပြုပြင်ပေးခဲ့တာပါ။ အတိုက်အခံပေါင်းများစွာနဲ့ သတ္တ၀ါအပေါင်းကို သူ့ရဲ့ သားတော် ရာဟုလာနဲ့ မေတ္တာတူ ချစ်မြတ်နိုးစွာဖြင့် လမ်းမှန်ရောက်အောင် ပို့ဆောင်ပေးခဲ့သူပါ။ ကြိမ်ဖန်များစွာ သေရာလမ်းကို သွားနေကြတဲ့လူတွေကို နောက်ပြန်လှည့်စေပြီး မသေရာ မြတ်နိဗ္ဗာန်ကို ပို့ ဆောင်ပေးခဲ့သူပါ။ အင်မတန် အကျင့်စရိုက် ဆိုးရွားနေတဲ့ သတ္တ၀ါတွေကို လုံးဝယဉ်ကျေးသိမ်မွေ့သွားအောင် ဆုံးမပေးနိုင်ခဲ့သူပါ။ မည့်သူ့အပေါ်မှာမှ ရန်သူလို သဘောမထားပဲ.. သူရဲ့သားတော်ရာဟုလာအလား ချစ်မြတ်နိုးခဲ့သူပါ။ ဒါ့ကြောင့်လည်း အနန္တကျေးဇူးရှင်လို့ ခေါ်ထိုက်တာပါနော်။
ဗုဒ္ဓမြတ်စွာဟာ.. ဖန်ဆင်းရှင်မဟုတ်သလို.. ကယ်တင်ရှင်လည်း မဟုတ်ပါဘူး။ ဗုဒ္ဓမြတ်စွာဟာ ပျောက်နေတဲ့ အလင်းရောင်လမ်းကို ဖောက်သွားတဲ့ အလင်းရောင်လမ်းပြ တစ်ယောက်ပါ။ ငါဘုရားကို ကိုးကွယ်ပါ.. ငါဘုရားကို ကိုးကွယ်ရင် မင်းတို့ အပြစ်တွေကို ငါ ကျေအေးပေးမယ်လို့လည်း မပြောခဲ့ပါဘူး။ ငါပြောတာမှယုံကွာ.. တခြားဟာတွေ မယုံနဲ့လို့လည်း မပြောခဲ့တဲ့အပြင် သူပြောတဲ့တရားတွေတောင် ဝေဖန်ပိုင်းခြားစီစစ်ပြီး နာကြားနှလုံးသွင်းပါလို့ မှာကြားခဲ့တာပါ။ ဘယ်လောက်ကြည်ညိုဖို့ ကောင်းလိုက်ပါသလဲနော်။ ဘုရားရှင်ရဲ့ ကြည်ညိုဖွယ်ကောင်းပုံတွေ ရေးဖွဲ့မယ်ဆိုရင်တော့ ဘယ်တော့မှ ကုန်ဆုံးနိုင်မှာ မဟုတ်ပါဘူး။ လေးအသင်္ချေကမ္ဘာတစ်သိန်းလုံး ချစ်ခဲ့တဲ့ မေတ္တာတော်အနန္တကို ဒီပို့စ်ရေးရင်းနဲ့ အကြိမ်ကြိမ် ရှိခိုးဦးခိုက် ကန်တော့မိပါတော့တယ်။ လမြတ်ဝါဆိုနေ့မှာ ဘုရားရှင်ဆုံးမခဲ့တဲ့ မကောင်းမှုရှောင်ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား ဆိုတဲ့ ဆုံးမစကားလေးကို နှလုံးသွင်း နားထောင်ရင်း ဘုရားရှင်ကို အချိန်တိုင်း ဓမ္မနဲ့ ကျေးဇူးဆပ်နိုင်ကြပါစေ...။။။

3 ရင်ထဲရှိသမျှ ထားခဲ့ကြ:
အချက်ငါးချက်ကတော့ (၁) မရပ်မနားလုပ် (၂) မခြွင်းမခြံလုပ် (၃) ရိုးရိုးသားသားလုပ် (၄) ပျော်ပျော်ပါးပါးလုပ် (၅) ကြာကြာလုပ် ဆိုတဲ့ အချက်ငါးချက်ပါ။ ဘုရားရှင်ဟာ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး ထိုအချက်(၅)ချက်လုံးနဲ့အညီ ဖြည့်ကျင့်ခဲ့တာပါ။
မှတ်ထား လိုက် ပါတယ် ဗျာ
သာဓု အကြိမ်ကြိမ်ခေါ် ပါတယ်
ငြိမ်းချမ်း ပါစေ
ဥပသကာ
(၁) မရပ်မနားလုပ် (၂) မခြွင်းမခြံလုပ် (၃) ရိုးရိုးသားသားလုပ် (၄) ပျော်ပျော်ပါးပါးလုပ် (၅) ကြာကြာလုပ် ဆိုတဲ့ အချက်ငါးချက်ကို မှတ်သားသွားပါတယ်..
မောင်ကောင်းရေ Word Verificatin ကို ဖြုတ်ပြီး name & URL လေးပါထည့်ပေးပါလားရှင် အဲဒါလေး အဆင်ပြေရင်ထည့်ပေးပါနော်
ကျေးဇူး
ပန်းကဗျာ
လမြတ်ဝါဆို ကိုလာဖတ်သွားပါတယ်မောင်ကောင်း။
အမလည်းနေမကောင်းနေတာနဲ့ မရောက်ဖြစ်တာကြာသွားတယ်။ လင့်က ဖွင့်ရနည်းနည်း ခက်နေသေးတယ်။ လုပ်ပါအုံး။
အဆင်ပြေပျော်ရွှင်ပါစေ။
Post a Comment