ဒီပို့စ်ခေါင်းစဉ်ကို ဖတ်လိုက်ရင်တော့ တမျိုးထင်သွားပါ့မယ်။ ဘာမျဉ်းကို ရှည်ရှည်ဆွဲရမှာလဲ ဆိုပြီးတော့..??? ဟုတ်ပါတယ်.. ကျွန်တော် ဆွဲစေချင်တဲ့ မျဉ်းရှည်ရှည်ကတော့ ကိုယ့်ထက်သာမနာလိုတဲ့ စိတ်တွေနည်းသထက် နည်းစေတဲ့ မျဉ်းကြောင်းလေးပါ..။ နောက်မှာ့ မျဉ်းကြောင်းရှည်ရှည် ဆွဲစေချင်တဲ့ အကြောင်းလေးကို ဖော်ပြပေးပါ့မယ်။
ကျနော်အခု ပြောမှာက ဣဿဆိုတဲ့ ကိုယ့်ထက်သာမနာလိုတဲ့ အကြောင်းလေးပါ။ လူအများစု အများဆုံး ဖြစ်နေတဲ့စိတ်လို့ ပြောလို့လည်း ရပါတယ်။ လူအများစုပေါ့.. ကိုယ့်ထက်နိမ့်ကျတဲ့သူဆို သနားဂရုဏာ သက်ဖို့ လွယ်သလောက်.. ကိုယ့်ထက်သာရင်တော့ အလိုလိုဝမ်းမြောက်ဖို့ဆိုတာ ဘယ်လိုမှကို မလွယ်တဲ့ကိစ္စပါ။ ကျနော်လည်း ပုထုဇဉ်တစ်ယောက်ဆိုတော့ ဒီစိတ်တွေ အလုံးစုံကင်းပြီးပြီလို့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် နည်းအောင်တော့ ကိုယ့်စိတ်ကို ပြုပြင်ပေးနေရပါတယ်။ အရင်ဆုံး ဣဿ ဆိုတဲ့စိတ်တွေ ခဏလေးအတွင်းမှာ ဖြစ်လိုက်တဲ့အတွက် ဘ၀သံသရာအဆက်ဆက် ဘယ်လောက် ပေးဆပ်သွားရလဲ ဆိုတာလေး ပြောပြပေးပါ့မယ်။
ကျနော်ပြောမှာက ဘုရားရှင်လက်ထက်ကအကြောင်းရယ်.. ယခုမျက်မှောက်မှာ ဖြစ်ခဲ့တဲ့အကြောင်းလေးပါ။ အရင်ဆုံးဘုရားရှင်လက်ထက်ကအကြောင်းကို ပြောပြပါ့မယ်။ တစ်နေ့မှာ ကျောင်းထိုင်မထေရ်တစ်ပါး သတင်းသုံးနေတဲ့ ရွာကို အာဂန္တုရဟန္တာတစ်ပါး ကြွလာပါတယ်။ အာဂန္တုရဟန္တာကိုမြင်တော့ မထေရ်ရဲ့ဒကာကအိမ်မှာပင့်ပြီး ဆွမ်းလည်းကျွေး၊ သင်္ကန်းလည်းလှူ၊ ပြီးတော့ ဆံပင်တွေရှည်နေတဲ့အတွက် ဆတ္တာသည်ခေါ်ပြီး ခေါင်းလည်းရိပ်ပေးလိုက်ပြန်ပါတယ်။ အဲဒီအချိန်မှာပဲ ကျောင်းထိုင်မထေရ်ကြွလာပါတယ်။ အာဂန္တုရဟန္တာကို ချစ်ချစ်ခင်ခင်ပြုစုနေတဲ့ မြင်ကွင်းကို မြင်လိုက်ရတော့ မထေရ်ရဲ့သန္တာန်မှာ ဣသာတွေ ထုနဲ့ထည်နဲ့ ၀င်လာပါတော့တယ်။ ဒကာသူကြွယ်က သူရဲ့ကျောင်းထိုင်မထေရ်နဲ့ အာဂန္တုရဟန္တာကို မိတ်ဆက် ပေးပါတယ်။ မနက်ကျရင်လည်း အတူတူဆွမ်းစားကြွဖို့ဖိတ်လိုက်ပါတယ်။ အာဂန္တုရဟန္တာက ကျောင်းမှာ ကျိန်းမှာဖြစ်တဲ့အတွက် သူကြွယ်ဒကာက ကျိန်းမယ့်ကုတင်အပိုလည်း ထည့်ပေးလိုက်ပါတယ်။ ဒီအချိန်မှာ ကျောင်းထိုင်ရဲ့စိတ်မှာ ဣသာစိတ်တွေ တစ်ချိန်လုံးနှိတ်စက်နေပါတော့တယ်။ ကံအနေနဲ့ပြောရရင်တော့ မနောကံ အနေနဲ့ ဖြစ်နေတာပါ။ ကျောင်းရောက်လို့ ညရောက်တဲ့အချိန်ကျတော့ အာဂန္တုရဟန္တာ ကျိန်းစက်ရာကို သွားပြီး ရုန်းရင်းကြမ်းတမ်းတဲ့စကားတွေနဲ့ ဆဲရေးပါတော့တယ်။ ရဟန္တာမထေရ်ကတော့ ကိုယ်အမှတ်နဲ့ ကိုယ်သည်းခံနေပါတယ်။ အဲ့မှာတင်ကျောင်းထိုင်ရဲ့ အကုသိုလ် ၀စီကံအဆင့်ထိ ရောက်လာပါတယ်။ နောက်ပြီး မနက်အာရုဏ်တက်တော့ မထေရ်ဟာ ၀ိနည်းကို လက်တစ်လုံးကြား လုပ်ပြန်ပါတယ်။ ခေါင်းလောင်းကို လက်သည်းဖျားနဲ့ခေါက်ပါတယ်။ ခေါက်ပြီး ဒကာအိမ်ကို တစ်ယောက်ထဲဆွမ်းစား ကြွခဲ့ပါတယ်။ ဒကာသူကြွယ်က အခြေနေအရပ်ရပ်ကိုကြည့်ပြီး ရိပ်မိသွားပါတယ်။ ဒါကြောင့်ဆွမ်းကပ်ပြီးတဲ့အခါ သပိတ်ထဲကို ဆွမ်းအပြည့်ထည့်ပြီး ရဟန္တာမထေရ်အတွက် ထည့်ပေးလိုက်ပါတယ်။ ကျောင်းထိုင်မထေရ်ရဲ့စိတ်ထဲမှာ ဣသာစိတ်တွေအရမ်းများနေတဲ့အတွက် ကျောင်းထိရောက်အောင် ဆွမ်းကိုသယ်မသွားတော့ပဲ လမ်းဘေးမှာတင် သွင်ပြစ်လိုက်ပါတယ်။ ဒီနေရာရောက်တော့ ကျောင်းထိုင်မထေရ်ရဲ့ အကုသိုလ်ဟာ ကာယကံထိ မြောက်သွားပါပြီ။ ကံသုံးပါးလုံးမြောက်သွားတဲ့အတွက် အဲ့စိတ်တွေကြောင့်ပဲ ကျောင်းထိုင်မထေရ် ပျံလွန်တော်မူတဲ့အခါ အ၀ီစိငရဲကျသွားရပါတယ်။ တကယ်သာ ဣသာစိတ်လေး မဖြစ်ခဲ့ရင် မထေရ်ဟာ ကဿပဘုရားရှင်လက်ထက်မှာပဲ ရဟန္တာဖြစ်ချင်ဖြစ်၊ မဖြစ်ရင်တောင် ပျံလွန်တော်မူတဲ့အခါ ကောင်းရာသုဂတိကို ရောက်သွားမှာပါ။ အခုတော့ တရားထူးတရားမြတ်ရဖို့လည်း ဘုရားတစ်ဆူစာလောက် ဝေးသွားရပါတယ်။ မထေရ်ဖြစ်လိုက်တဲ့ စိတ်လေးဟာ နေ့တ၀က်နဲ့တမနက်ပါပဲ။ ဒါပေမယ့် သူပြစ်မှားလိုက်တဲ့ ပုဂ္ဂိုလ်ဟာ ရဟန္တာဖြစ်တဲ့အတွက် ပေးဆပ်လိုက်ရတာဟာမနည်းပါဘူး။ ဒီစိတ်တွေဘာလို့ဖြစ်ရလဲဆိုတော့ အကြောင်း အရင်း လိုက်ရှာတော့ ဣဿ စိတ်တွေကြောင့်ဖြစ်ရတာပါ။
နောက်တစ်ခုဖြစ်ရပ်ကတော့ လွန်ခဲ့တဲ့ငါးနှစ်လောက်က မန္တလေးမှ ဆရာဝန်မလေးနှစ်ယောက်အကြောင်းပါ။ သူတို့တက်နေတာ ဘွဲ့လွန်သင်တန်းပါ။ အပြိုင်အဆိုင်တွေများလာပြီး တစ်ဦးနဲ့တစ်ဦး မနာလိုဝင်တိုမူတွေ ဖြစ်လာကြပါတယ်။ အဲ့ဒါနဲ့ပဲ ကိုယ့်ထက်သာမနာလိုတဲ့စိတ်ရဲ့ စေ့ဆော်တိုက်တွန်းမူကြောင့် ဆရာဝန်မလေး တစ်ယောက်က နောက်တစ်ယောက်ကို အက်ဆစ်နဲ့ပက်လိုက်ပါတယ်။ တစ်ယောက်ကတော့ မျက်လုံးနှစ်ခုလုံး ပျက်စီးသွားရပါတယ်။ ကျန်တဲ့တစ်ယောက်လည်း ထောင်ကျသွားရပါတယ်။ ဒါတကယ့်ဖြစ်ရပ်ပါ..။ ဒါတွေရဲ့ အကြောင်းအရင်းကိုလည်း ရှာကြည့်လိုက်တော့ ကိုယ့်ထက်သာမနာလိုတဲ့ အကြောင်းရင်းကိုပဲ ရှာတွေ့ရပါတယ်။
ကျနော် အထက်ကအချက်နှစ်ချက်ကို ဘာလို့ ဖော်ပြရလဲဆိုတော့.. ဣဿဖြစ်လိုက်တဲ့အချိန်ဟာ ဘယ်လောက်မှ မရှိလိုက်ပါဘူး။ အချိန်အနည်းငယ်လေးပါ…။ ဒါပေမယ့်ပေးဆပ်သွားရတာကတော့ ဘ၀နဲ့ သံသရာနဲ့ချီပြီးတော့ ပေးဆပ်လိုက်ရတာပါ။ ဘယ်သူ့ဘယ်သူကိုမှ အပြစ်တင်လို့မရပါဘူး။ သူတို့ရဲ့ စိတ်မှာဖြစ်နေတဲ့ ကိုယ့်ထက်သာမနာလိုတဲ့ စိတ်ကိုပဲ အပြစ်တင်ရမှာပါ။ ဒီစိတ်တွေကတော့ လူတိုင်းမှာ အနည်းနဲ့အများ ဖြစ်ကြမှာပါ။ ဒါတွေကို ကိုယ်ကနည်းချင်တယ်။ ဘယ်လိုနည်းအောင်လုပ်ရမလဲဆိုတဲ့ အကြောင်းလေးကို ပြောပြချင်တာပါ။ ကျနော်လည်း နည်းအောင်ကြိုးစားနေတုန်းပေါ့..။
ဥပမာ.. နံရံပေါ်မှာ မျဉ်းကြောင်းတစ်ကြောင်းဆွဲထားတယ် ဆိုပါစို့။ ဒီမျဉ်းကြောင်းထက် ကိုယ်က ရှည်အောင်ဆွဲချင်တယ်ဆိုရင် ဒီမျဉ်းကြောင်းကိုဖျက်စရာလည်းမလိုဘူး.. သွားပြီးလည်းထိစရာမလိုပါဘူး။ ကိုယ့်ဘာသာမျဉ်းကြောင်းတစ်ကြောင်းကို သူ့ထက်ရှည်အောင် သူ့အောက်ကနေ ဆွဲလိုက်ရင် သူ့ထက်ပိုပြီးရှည်သွားပါပြီ။ အခု ကျနော်ဖော်ပြလိုက်တဲ့ နံရံကမျဉ်းကြောင်းဟာ အခြားလူတစ်ယောက်ပါ။ ရှည်အောင်ဆွဲခိုင်းတာကတော့ ကိုယ့်ရဲ့မျဉ်းကြောင်းကိုပြောတာပါ။ ဖျက်စရာမလိုတာက သူ့ဘ၀ပျက်သွားအောင် မလုပ်ပြစ်မိဖို့.. ထိစရာမလိုဘူးဆိုတာကတော့ မိမိစိတ်မှာဖြစ်မဲ့ ဣဿစိတ်နဲ့ သွားပြီးမထိဖို့ကို ပြောတာပါ။ အောက်ကနေဆိုတာကတော့ ကိုယ်မျဉ်းကြောင်း ဆွဲနေချိန်မှာ မာနမပါဖို့ပါ။
အဓိကကသူတစ်ပါးကောင်းစားနေတာကို မနာလိုဝင်တိုဖြစ်နေမဲ့အစား ကိုယ်သာကောင်းအောင် ကြိုစားဖို့ကို ဦးတည်တာပါ။ တခြားလူတစ်ယောက်တိုးတက်အောင်မြင်တာကို မြင်ရင် ကိုယ့်စိတ်ကို ပြန်ပြောလိုက်ပါ။ မင်းမျဉ်းကြောင်းပိုဆွဲဖို့လိုသေးတယ်ဆိုပြီးတော့…။ ဒါဆိုရင်တော့ ကိုယ့်ကိုကိုယ်ပဲ ပြန်မြင်တဲ့အတွက် သူ့အပေါ်မှာ ဣဿ ဖြစ်စရာမရှိတော့ပါဘူး။ ကိုယ့်ကိုကိုယ့်ပြန်မြင်တာများလာတော့ သူတစ်ပါးကို မကြည့်ဖြစ်တော့ပါဘူး။ သူတစ်ပါးကိုမကြည့်တော့တဲ့အတွက်လည်း ဣဿတွေအလိုလိုနေရင်းကို နည်းလာမှာ မလွဲပါဘူး။ ဒါကြောင့်စာဖတ်သူရော စာရေးသူရောပါ အချိန်မရွေးကိုယ့်ကိုကိုယ်မေးနေရမှာက ကိုယ့်မျဉ်းကြောင်းကိုရှည်ရှည်ဆွဲနေလား..? သူတစ်ပါးမျဉ်းကြောင်းပေါ်သွားပြီး ထပ်ဆွဲနေလား? ဆိုတာပါ။ လူသားအားလုံး ကိုယ့်မျဉ်းကြောင်းကိုရှည်ရှည်ဆွဲပြီး ဣဿစိတ်တွေ နည်းသထက် နည်းနိုင်ကြပါစေခြင်း အလို့ငှာ ဆန္ဒပြုရေးသားလိုက်ရပါတယ်။
မျဉ်းကြောင်းရှည်အောင် ဆွဲနည်းသင်ပေးတဲ့ ကိုသုခ(ဓမ္မသုခ)ကိုလည်း ဒီပိုစ့်နဲ့ ကျေးဇူးဆပ်လိုက်ပါတယ်။
2 ရင်ထဲရှိသမျှ ထားခဲ့ကြ:
မောင်ကောင်းရေ မျဉ်းကြောင်း ကို အတတ်နိုင်ဆုံး အရှည်ဆုံး ကိုယ့်ဘာကိုယ် ဆွဲတာ အကောင်းဆုံးပါ... ကျေးဇူးပါ ဖော်ပြတာ
အချိန်ရတိုင်း မဖတ်ရသေးတဲ့ပို့စ်တွေလာဖတ်ပါတယ် မောင်ကောင်းရေ
ပန်းကဗျာ
Post a Comment