ဖတ်ကြည့်ပြီးမှ ဆုံးဖြတ်ပါ

ကျနော့ဘလော့ထဲကို ၀င်ဖတ်တဲ့ ညီလေးတစ်ယောက်ရဲ့ တောင်းဆိုချက်ကြောင့် ဒီပိုစ့်လေးကို ရေးလိုက်ပါတယ်။ လူငယ်တွေအတွက် ပညာပေးပို့ စ်လေး တစ်ခုရေးပေးပါဆိုလို့ ရေးလိုက်တာပါ။ ကျနော်တို့ ကိုးကွယ်နေတဲ့ ဗုဒ္ဓဘာသာမှာ ဗုဒ္ဓဘာသာဝင်တစ်ယောက် စစ်စစ် ဖြစ်ဖို့အတွက် သရဏဂုံနဲ့ ငါးပါးသီလလုံမှ ဗုဒ္ဓဘာသာဝင် စစ်စစ်လို့ ပြောလို့ရသလို လူစစ်စစ်လို့လည်း ပြောလို့ပါတယ်။ သရဏဂုံတစ်ခုပဲတည်ရင် လူတစ်ဝက် ဖြစ်ပြီးဖြစ်သလို.. ငါးပါးသီလပါ ထပ်လုံခြုံအောင် စောင့်ထိန်းပါမှ လူတစ်ယောက်ဖြစ်သွားတာပါ။ အဲ့နှစ်ခုထဲက တစ်ခုခုချို့ယွင်းနေရင်တော့ မိရိုးဖလာဗုဒ္ဓဘာသာပဲ ဖြစ်သွားမှာပါ။ ဒါ့ကြောင့် အဲ့နှစ်ခုလုံး ပြည့်စုံဖို့ အရေးကြီးပါတယ်။ သရဏဂုံစစ်စစ် ဖြစ်ဖို့အကြောင်းကိုတော့ သရဏဂုံပျက်ခြင်းဆိုတဲ့ ပိုစ့်မှာ အနည်းငယ် ရှင်းပြပြီးသွားပါပြီ။ အခုဆွေးနွေးချင်တဲ့ အကြောင်းအရာကတော့ ငါးပါးသီလထဲမှာ လူတွေအများဆုံး အကျူးလွန်ဆုံးဖြစ်တဲ့ သုရာမေရယကံ ကျူးလွန်ခြင်းပဲ ဖြစ်ပါတယ်။ ကျနော် ခုဖော်ပြမှာက အရက်ကိုမသောက်နဲ့လို့ အတင်းမပြောပါဘူး။ သောက်သင့် မသောက်သင့်ဆိုတာကို ဒီစာဖတ်ပြီးတော့ ကိုယ့်ဘာသာပဲ ဆုံးဖြတ်ပါလို့ ပြောချင်ပါတယ်။

သုရမေရယကံ ကျူးလွန်ခြင်းဆိုတာတော့ မူးယစ်စေတတ်သောအရာကို မှီဝဲသုံးဆောင်ခြင်းပါ။ အရက်မှမဟုတ်ပါဘူး.. မူးယစ်စေတတ်တဲ့ အရာမှန်သမျှ သုံးဆောင်မှီဝဲခြင်းကို သူရာမေရယကံ ကျူးလွန်ခြင်းထဲမှာ ထည့်လို့ရပါတယ်။ သူရာမေရယကံ ကျူးလွန်ခြင်း အထမြောက်ဖို့ အချက်လေးချက်ရှိပါတယ်။ အဲ့ဒါတွေကတော့.. (၁) မူးယစ်စေတတ်သော အရာဖြစ်ခြင်း၊ (၂) သောက်စားလိုသောစိတ် ရှိခြင်း၊ (၃) သောက်ဖြစ်အောင် လုံ့လပြုခြင်း၊ (၄) သောက်စားခြင်းတို့ ဖြစ်ပါတယ်။
ဘာလို့ သူရမေရကံ ကျူးလွန်ခြင်းကို အဓိကထား ပြောရလဲဆိုတော့.. ဒီကံဟာ အကုသိုလ်တွေ ပြုလုပ်ခြင်းကို အလွယ်တကူဖြစ်စေတဲ့ အတွက်ကြောင့်ပါပဲ။ သေရည်သေရက် သောက်သည့်အတွက် ကျန်သီလများအားလုံး အလွယ်တကူ ပျက်တတ်ပုံနှင့် အဋ္ဌကထာတွင်ကား ငါပါးသီလတွင် သေရည်သောက်ခြင်းကို အပြစ်အကြီးဆုံးဟု ဖွင့်ပြထားပါတယ်။ အဋ္ဌကထာက ဘယ်လို ဖွင့်ထားသလဲဆိုတော့.. အရက်သည် ငါးပါးသီလတွင် အချုပ်ဖြစ်သည်.. အရက်မူးပြီဆိုသည်နှင့် ကျန်သီလများ ဖောက်ဖျက်ရန် ၀န်မလေးတော့ပေ။ သို့အတွက် ဗုဒ္ဓက ငါးပါးသီလတွင် သေရည်သောက်ခြင်းကို ထည့်ဟောထားခြင်းဖြစ်သည်ဟု ဖွင့်ထားပါတယ်။ ဘာလို့ ဒီလိုပြောရလဲ ဆိုတာလေး ဖော်ပြပါ့မယ်။

အရက်သောက်ပြီးမိဘကို ပြန်သတ်သော ဖြစ်ရပ်လေးတစ်ခုကို ဖော်ပြပေးပါ့မယ်။ မိဘကိုတောင်မှ ပြန်သတ်မှတော့ တခြားအကုသိုလ်ကံလောက်တော့ မလုပ်ရဲစရာ ဘာမှမရှိတော့ပါဘူး။ ဒါ့ကြောင့်လည်း အရက်ကို ငါးပါးသီလမှာ အပြစ်အကြီးဆုံးလို့ ထည့်ထားရတာပါ။ အရက်သောက်ပြီး မူးနေလျှင်မိဘကိုပင် ပြန်သတ်ရဲသည်ဟူသော စကားကို မှန်းဆပြောခြင်း မဟုတ်ပါဘူး။ တကယ့် လက်တွေ့ ဖြစ်ရပ်ပါ။ ခုနှစ်အားဖြင့် ၁၉၅၁-ခုနှစ်၊မေလ ၂၅ ရက်နေ့၊ နေရာကား ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်၊ ကျိုက်ပိရွာတွင် ဖြစ်ပါတယ်။ သားက အရက်မူးလာပြီး ပါးရိုက်ကာ ဓါးနှင့်လိုက်ခုတ်ခံရသော မိခင်ကြီး၏အမည်မှာ ဒေါ်သာလိဟု ခေါ်ပါတယ်။ တစ်နေ့ သားကအရက်မူးပြီးပြန်လာကာ ပိုက်ဆံထပ်တောင်းသဖြင့် မိခင်ကြီးမှ မပေးနိုင်ကြောင်း ပြောသောကြောင့် မိခင်ကိုဆဲရေးတိုင်းထွာပြီး ပါးရိုက်ကာ ဓါးနှင့်လိုက်ခုတ်သဖြင့် ထွက်ပြေးရင်း ရွာထိပ်ညောင်ပင်ကြီးအောက် အရောက်တွင် မိခင်ကြီးကို ဆက်လိုက်လို့ မရတော့ပဲ အဲ့နေရာမှာတင်ပဲ မြေမြိုခဲ့ပါတယ်။ သူမြေမြိုသောနေရာနှင့် ပတ်လည် ပေ(၁၀၀)အတွင်း မည်သူမျှအနားကပ်လို့ မရတော့ပါဘူး။ သူဟာပူလောင်ပြင်းပြတဲ့ ဝေဒနာတွေကို ပြင်းစွာခံစားပြီး မေလ (၂၅) ရက် မှ ဇွန်လ (၂) ရက်နေ့အထိ ဝေဒနာများခံစားကာ.. (၈) ရက်ကြာပြီး မြေကြီးအောင်သို့ စုန်းစုန်းမြုပ်သွားခဲ့ပါတယ်။ မြေမြိုသွားတဲ့လူဟာ အရက်မသောက်ခင်မှာ ပုံမှန်လူကောင်းလိုပါပဲ.. မိဘကိုရိုသေရမှန်းသိပါတယ်.. ဒါပေမယ့် အရက်လည်းဝင်သွားရော ဘာမှမသိတော့ပါဘူး။ ဒါဟာ အရက်ရဲ့ကျေးကျွန်ဖြစ်မှန်းမသိ ဖြစ်သွားရတာပါ။

အရက်သောက်ခြင်း အဆင့်အနေနဲ့ သုံးဆင့်ရှိပါသည်။ ပထမအဆင့်အနေနဲ့ လူကအရက်ကိုသောက်ခြင်းပါ။ တစ်ချို့က ဆိုကြပါတယ်။ ကျနော်တို့က ကိုယ့်စိတ်ကိုနိုင်ပါတယ်။ ထမင်းစားကောင်းရုံလောက် ညနေပိုင်းလေး သောက်တာပါဆိုပြီးတော့ စသောက်ကြပါတယ်။ ဒီအဆင့်ကတော့ လူကအရက်ကို သောက်သောအဆင့်ပါ။ ဒီလိုပါပဲ.. ဘ၀ပျက်ပြီးသေသွားကြသော အရက်သမားအားလုံးဟာလည်း ဒီအဆင့်ကပဲ စခဲ့ကြတာပါ။ နောက်တစ်ဆင့် ထပ်တက်လာတာက အရက်က လူကိုပြန်သောက်သော အဆင့်ပါ။ ခန္ဓာက အရက်ကို သောက်သော အဆင့်လို့လည်း ပြောလို့ရပါတယ်။ စိတ်ကဖြတ်နိုင်သော်လည်း ခန္ဓာက လက်မခံတော့ပါဘူး။ အရက်မသောက်ရရင် ခန္ဓာကိုယ်က သွေးတွေ အလုပ်မလုပ်တော့ပါဘူး။ နောက်ပြီး လက်တွေတုန်လာမယ်.. ခြေတွေတုန်လာမယ်။ သောက်တဲ့သူဟာ အရက်နဲ့ပဲ အမြဲတမ်းထိတွေ့ချင် လာတယ်.. နောက်ပြီး မြင်ရင်ကိုမနေနိုင်ဘူး.. တခုခုလိုနေသလိုဖြစ်.. နောက်ဆုံးတော့ အရက်လေးဝင်သွားမှ ငြိမ်သွားတယ်.. ဒါကတော့ အရက်က လူကိုသောက်ခြင်းပါ။ နောက်အဆိုးဆုံးအဆင့်ကတော့ အရက်က အရက်ကိုသောက်ခြင်းပါ။ ဒီအဆင့်မှာတော့ အရက်ကို တအားသောက်ပါတယ်။ နောက်ပြီး ဘာအလုပ်မှ မလုပ်နိုင်တော့ဘူး.. ဘာအစားမှလည်း မစားနိုင်တော့ဘူး.. စားလို့လည်း မကောင်းတော့ဘူး။ တအားအိပ်တယ်.. တအားမူးတယ်.. အိပ်ရာမှနိုးတော့ ခေါင်းတွေအုံလာတယ်။ ခေါင်းတွေအုံတော့ အရက်ကိုထပ်သောက်ရတယ်.. သို့သော်လည်း ခေါင်းအုံတာ မပျောက်ပါဘူး။ အရက်ကတော့ ထပ်မူးလာပြန်ပါတယ်။ ဒီလိုနဲ့ မသေမချင်း သောက်လိုက် မူးလိုက် ခေါင်းအုံလိုက် ပြန်သောက်လိုက်နဲ့ လုံးလည်လိုက်ပြီး .. နောက်ဆုံး အရက်ကျေးကျွန်ဘ၀သို့ ရောက်ပြီးတော့ အပါယ်လေးပါးသို့ သွားလိုက်ရပါတော့တယ်။ ဒါအရက်ကို အဆင့်လိုက် သောက်လာပုံ အကြောင်းပါ။

နောက်အရက်သောက်ခြင်းရဲ့ ဆိုးကျိုးတွေကို အနည်းငယ်ဖော်ပြပေးပါ့မယ်။ သေရည်အရက် သောက်တဲ့ သူတိုင်းဟာ ဖြစ်ရာဘ၀မှာ အရူးပဲ ဖြစ်ရပါတယ်။ ဖြစ်ရာဘ၀ကို မကြည့်ပါနဲ့ဦး.. ယခုဘ၀ကိုပဲကြည့်ပါ.. မူးတဲ့သူဟာ ရူးတဲ့လူလိုပါပဲ.. ပြောချင်တာ လျောက်ပြောတာပါ.. အရှက်အကြောက်လည်း ကင်းပါတယ်။ သောက်တာများလာတာနဲ့အမျှ ပျင်းရိတယ်.. မေ့တတ်တယ်.. ကျေးဇူးကန်းတတ်တယ်.. နောက်ပြီး အသက်အရွက်ကြီးလာတာနဲ့အမျှ ရူးသွားပါတော့တယ်။ ဘာလို့ရူးရလဲ ဆိုတာလေး ကြည့်ရအောင်..။ သိပ္ပံမဂ္ဂဇင်းမှ ဆရာဝန်တစ်ဦးရဲ့ မှတ်ချက်လေး ဖော်ပြပေးပါ့မယ်။ အရက်သောက်တာ မဟုတ်သေးပါဘူး.. အရက်ပါဝင်နှုန်း အနည်းငယ်သာ ရှိတဲ့ ဘီယာတစ်ပုလင်းသောက်လျှင် ဦးနှောက်ကလပ်စီးပေါင်း (၇၀၀၀) ကျော် ပျက်စီးပါတယ်။ သာမာန် လူတစ်ယောက်ရဲ့ ဦးနှောက်ကလပ်စီးပေါင်းဟာ (၁၇)ကုဋေကျော် ရှိပါတယ်။ ဒါ့ကြောင့် အရက်သောက်တဲ့သူများနဲ့ ဘီယာသောက်သောသူများဟာ အစပိုင်းတော့ မသိသာသေးပါဘူး။ နှစ်ရှည်လများ သောက်လာတဲ့အခါမှာတော့ ဦးနှောက်ကလပ်စီးပေါင်း သိန်းပေါင်းများစွာ ပျက်စီးလာပြီး မှတ်ဥာဏ်တွေတဖြေးဖြေးနဲ့ အားနည်းလာခါ ဦးနှောက်ကို ပျက်စီးထိခိုက်လာပါတော့တယ်။ အရက် သောက်ခြင်းကြောင့် ဦးနှောက်ပျက်စီးစေတဲ့ လက္ခဏာများကိုလည်း ဖော်ပြပေးပါ့မယ်။ အရက်သောက်ခြင်းကြောင့် စိတ်ထိခိုက်လွယ်ခြင်း၊ အသိဥာဏ်ထိခိုက်ခြင်း၊ စိတ်ဖောက်ပြန်ခြင်းတို့ ဖြစ်စေပါတယ်။ နောက်ပြီးဖြစ်လေရာဘ၀ ဦးနှောက်မကောင်းဖြစ်ပြီးတော့ အသိဥာဏ်ချို့ယွင်း ဖြစ်ရပါတယ်။ ဒါကတော့အရက်ရဲ့ ဆိုးကျိုးတွေပါပဲ။ နောက်ပြီးအရက်သောက်တဲ့လူတိုင်းဟာ သေခါနီးမှာ အရက်သောက်ချင်တဲ့ လောဘစိတ်နဲ့ သေတဲ့အတွက် သေချာပေါက် အပါယ်လေးပါးကိုပဲ သွားရမှာပါ။ အပါယ်လေးပါးမှလွတ်လာပြီး လူဖြစ်လာရင်လည်း ရူးနေသည့်အတွက် မဂ်ဖိုလ်နိဗ္ဗာန်ကို မရနိုင်ပါဘူး။ ဒ့ါကြောင့် အရက်သောက်သူများဟာ ကိုယ်ရမဲ့ မဂ်ဖိုလ်နိဗ္ဗာန်နှင့် ကောင်းရာသုဂတိကို မရဖို့အတွက် ကိုယ်တိုင် ကြိုးစားအားထုတ်နေတာနှင့်လည်း အတူတူပါပဲ။

အခုကျနော် အထက်မှာဖော်ပြတာအားလုံးဟာ အရက်သောက်ခြင်းကြောင့် ယခုလက်ရှိမှာခံစားရမဲ့ ဆိုးကျိုး.. နောက်ဘ၀သံသရာအဆက်ဆက်မှာ ခံစားရမယ့် ဆိုးကျိုးတွေပါ။ ဘုရားရှင်က အရက်ကို နည်းနည်း သောက်ပါလို့ မမှာခဲ့ပါဘူး။ ဆေးဖြစ်ဝါးဖြစ်တော့ သောက်လို့လည်း မမှာခဲ့ပါဘူး။ လုံးဝရှောင်ကြဉ်ရမဲ့ အထဲမှာ ထည့်ထားတာပါ။ ဘာလို့လဲဆိုတော့ လူတွေရဲ့စိတ်ဟာ မကောင်းတဲ့ဘက်မှာပဲ ပျော်မွေ့တယ်.. နောက်ပြီး အရက်သောက်လိုက်တာဟာ စိတ်ကို လွှတ်ပေးလိုက်တဲ့ ပုံစံမျိုးဆိုတော့.. စဉ်းစားသာကြည့်ပါ။ မကောင်းတာကိုပျော်မွေ့တဲ့စိတ်ကို လွှတ်ပေးမှတော့ ဆိုးဖို့ပဲရှိပါတယ်.. ကောင်းဖို့အရေး တစ်ခုမှ ပါမလာပါဘူး။ ဒါ့ကြောင့် အရက်ကိုမသောက်နဲ့လို့ မပြောပါဘူး။ ကျနော်ကအရက်ရဲ့ ဆိုးကျိုးကို ဖော်ပြပေးရုံပါပဲ။ သောက်သင့်မသောက်သင့်ကတော့ ကိုယ့်ဘာသာဆုံးဖြတ်ပါ။ သောက်ချင်တဲ့သူဟာလည်း ဘယ်လိုပြောပြော ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် သောက်နေမှာပါပဲ။ ဒါကိုမှ ဆက်သောက်ချင်တယ်ဆိုရင်တော့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်သွားမယ့်လမ်းကို ရွေးချက်လိုက်တယ်လို့ပဲ သဘောထားလိုက်ပါ့မယ်။ မရှင်းတာရှိရင်လည်း ဆက်သွယ်မေးမြန်းဖို့ကို ဖိတ်ခေါ်ပါတယ်။ စာဖတ်သူအပေါင်း အရက်ရဲ့ ကျေးကျွန်အဖြစ်မှ ကင်းလွတ်၍ မဂ်ဖိုလ် နိဗ္ဗာန်ကို အမြန်ဆုံးတက်လှမ်းနိုင်ကြပါစေ။

6 ရင်ထဲရှိသမျှ ထားခဲ့ကြ:

ရွှေပြည်သူ said... / April 4, 2009 at 1:27 AM  

အရက်ရဲ့ဆိုးကျိုးတွေကို ဘာသာတရား ရှုထောင့်ကရော တခြားရှုထောင့်တွေကပါ ပြည့်ပြည့်စုံစုံ ဖော်ပြပေးသွားတာ အရမ်းကို ကောင်းပါတယ်။

burmaborn said... / April 5, 2009 at 5:03 AM  

တန်ဖိုးရှိတဲ့ ဆောင်းပါတစ်ပုဒ်ပါ။ ဟုတ်ပါတယ် သူရာမေရယကံဟာ ကံငါးပါးထဲမှ အချုပ်ဖြစ်ပါတယ်။ လူတော်တော်များများလဲ မဆင်ခြင်နိုင်ပါဘူး။ အထူးသဖြင့် မြန်မာပြည်မှာ လွယ်လင့်တကူ ရတာကတစ်ကြောင်းနဲ့ အပေါင်းအသင်းရဲ့ လှုံဆောင်မှုကြောင့် အရက်ဟာ မကောင်းမှန်းသိပေမယ်လို့ ဆိုင်တွေမှာ စည်ကားနေကြတုန်းပါပဲ။ ဘာသာရေးအသိစိတ်ဓါတ်နဲ့ အသိ၊ သတိပေးတဲ့ဆောင်းပါးတစ်ပုဒ်ဖြစ်လို့ ဖတ်ရကျိုးနပ်ပါတယ်ခင်ဗျာ။

မိုးခါး said... / April 5, 2009 at 5:26 PM  

ဖတ်ပြီး မှတ်သွားပါတယ် .. အရမ်းတန်ဖိုးရှိပါတယ် ..

My Diary said... / April 6, 2009 at 12:16 AM  

အရက်သောက်သူတွေ နှလုံးသွင်းထားသင့်တယ်နော်

wai wai said... / April 30, 2009 at 7:48 AM  

ကျမ တို့ မြန်မာ မိန်းကလေး တော် တော် များ များ ဟာ သူရမေရကံ နှင့် ကာမေသုမိစ္ဆာစာရ ကံ ကို တော် တော် များ များ လုံ ကျ ပါ တယ်လို့ ထင် ပါ တယ်။ ဒါပေမယ့် ခု ခေတ် မှာ မိန်းကလေး တော် တော် များများ က(အထူးသဖြင့် ရန်ကုန် နှင့် နိုင်ငံခြား တိုင်းပြည် များ တွင် ရှိသော မြန်မာ မိန်းကလေးများ) အဲ ဒီ ကံ ကို ခေတ်မှီသူ များ အနေ နှင့် အလွယ် တကူ ကျူး လွန်နေကြတာ ကို တွေ့ ရ ပါ တယ်။ အဲ ဒါ ဟာ ခေတ်မှီ တာ လား? သီလ ပျက် တာ လား ကွဲကွဲ ပြား သိ သင့် တယ် လို့ ထင် ပါ တယ်

Ya said... / April 30, 2009 at 7:52 AM  

ကျမ တို့ မြန်မာ မိန်းကလေး တော် တော် များ များ ဟာ သူရမေရကံ နှင့် ကာမေသုမိစ္ဆာစာရ ကံ ကို တော် တော် များ များ လုံ ကျ ပါ တယ်လို့ ထင် ပါ တယ်။ ဒါပေမယ့် ခု ခေတ် မှာ မိန်းကလေး တော် တော် များများ က(အထူးသဖြင့် ရန်ကုန် နှင့် နိုင်ငံခြား တိုင်းပြည် များ တွင် ရှိသော မြန်မာ မိန်းကလေးများ) အဲ ဒီ ကံ ကို ခေတ်မှီသူ များ အနေ နှင့် အလွယ် တကူ ကျူး လွန်နေကြတာ ကို တွေ့ ရ ပါ တယ်။ အဲ ဒါ ဟာ ခေတ်မှီ တာ လား? သီလ ပျက် တာ လား ကွဲကွဲ ပြား သိ သင့် တယ် လို့ ထင် ပါ တယ်

Post a Comment