ရှောင်လို့မရတဲ့ဘေး

အခုခောတ် လူအများစု ကြုံတွေ့နေရတဲ့ အဖြစ်လေးကို အရင်ဆုံး ဖော်ပြပေးလိုပါတယ်။ မကောင်းတာလုပ်ပြီး ကြီးပွားနေတဲ့လူတွေ… သူများ မျက်ရည်ပေါက် ကြီးငယ်ကျပြီးမှ ရရှိလာတဲ့ငွေနဲ့ စည်းစိမ်ချမ်းသာ ခံစားနေကြတဲ့လူတွေ.. သူများကို လိမ်လိုက် ပါတ်လိုက် ညာလိုက်ရမှ ၀မ်းသာပီတိ ဖြစ်နေတဲ့လူတွေကို အများဆုံး တွေ့ဘူးကြမှာပါ။ သူများမိုးခါးရေသောက်ရင် လိုက်သောက်ရတယ်ဆိုပြီး ပြောနေကြတဲ့ လူတွေကလည်း ဒုနဲ့ဒေးပါပဲ။ ငါကောင်းစားရင်ပြီးရော ဘယ်သူဘာဖြစ်ဖြစ် ဂရုမစိုက်ဘူးဆိုတဲ့ လူတွေကလည်း အများသားပေါ့။ ကျွန်တော်ပြောချင်တာက မကောင်းတဲ့လူတွေ ပေါများသလောက် ကောင်းတဲ့လူတွေ အင်မတန် နည်းပါးနေကြပြီဆိုတဲ့ အကြောင်းလေးပါ။ ယခု လက်ရှိ အချိန်မှာ မကောင်းတဲ့လူတွေ မကောင်းတာ လုပ်ပြီး မော်ကြွားနိုင်ပေမယ့် တစ်ချိန်ချိန်မှာ သူတို့တွေ မဖြစ်မနေ တွေ့ကြုံခံစားရမယ့် ဘေးတွေအကြောင်းကို ပြောပြချင်တာပါ။ ဒီအချိန်မှာတော့ ကြိုက်သလောက် မော်ကြွားနိုင်ပါတယ်.. ဒါပေမယ့် တစ်ချိန်ချိန်မှာတော့ ငါဒါတွေလုပ်မိတာ မှားလေခြင်းဆိုပြီး ဒူးထောက်လက်မြောက် အရှုံးပေးကာ မဖြစ်မနေ ကြုံတွေ့ရမယ့် ဘေးတွေ အကြောင်းကို ပြောပြချင်ပါတယ်။

ပုထုဇဉ်တစ်ယောက် မကောင်းတာတစ်ခု လုပ်မိပြီဆိုရင် မဖြစ်မနေ ကြုံတွေ့ရမယ့် ဘေး(၄)ဘေး ရှိပါတယ်။ အဲ့ဒါတွေကတော့ (၁) ပရာနုဝါဒဘေး - သူတစ်ပါးက စွပ်စွဲကဲ့ရဲ့ခြင်း (၂) အတ္တာနုဝါဒဘေး - ကိုယ့်ကိုကိုယ် စွပ်စွဲကဲ့ရဲ့ခြင်း (၃) ဒဏ္ဏဘေး - ထောင်ဒဏ်၊ သေဒဏ်အပြစ်ချခံရခြင်း (၄) ဒုဂ္ဂတိဘေး - သေပြီးနောက် အပါယ်ဘုံသို့ ကျရောက်ရခြင်း ဆိုတဲ့ ဘေး(၄)ဘေးပဲ ဖြစ်ပါတယ်။ အဲ့ဒီ့ဘေး(၄)ဘေးမှာ သူတစ်ပါး စွပ်စွဲကဲ့ရဲ့တဲ့ဘေးနဲ့ ထောင်ဒဏ် သေဒဏ်အပြစ်ကျခံရတဲ့ ဘေး(၂)ဘေးဟာ ယခုအချိန်မှာ ရှောင်လို့ ရနိုင်ပါသေးတယ်။ လုံးဝ ရှောင်လို့မရနိုင်တဲ့ ဘေးတွေကတော့ ကိုယ့်ကိုကိုယ် စွပ်စွဲကဲ့ရဲ့ခြင်းဆိုတဲ့ဘေးနဲ့ သေပြီးနောက် အပါယ်လေးဘုံသို့ ကျရောက်ခြင်းဆိုတဲ့ ဘေးတွေပါပဲ။

သူတစ်ပါး စွပ်စွဲကဲ့ရဲ့ခြင်းဆိုတဲ့ ဘေးက သူများမသိအောင် ပိပိရိရိ လုပ်နိုင်ရင် လက်ရှိအချိန်မှာ မခံရနိုင်သေးပါဘူး။ မကောင်းမှုတွေတော့ လုပ်နေပါတယ်.. ဒါပေမယ့် သူများအထင်ကြီးအောင် ငွေကိုရေလို သုံးပြနေတဲ့ လူစားမျိုးတွေပေါ့။ သူတော်ကောင်းယောင်ဆောင်ပြီး ကောင်းတဲ့အလုပ်လေးလုပ်တာ ရှေ့မှာ ပြထားပြီး နောက်မှာ မကောင်းတာမှန်သမျှ လုပ်စားနေတဲ့ သူတွေပေါ့။ ဒါတွေက ကိုယ်ကပိရိရင် ပိရိသလို သူတစ်ပါးစွပ်စွဲ ကဲ့ရဲ့တဲ့ဘေးက လွတ်နေနိုင်ပါတယ်။ နောက်လွတ်နေနိုင်တဲ့ ဘေးတစ်ဘေးက ထောင်ဒဏ် အပြစ်ဒဏ် ကျခံရခြင်းဆိုတာပါ။ ဒါလည်းပဲ လာဘ်ထိုးပြီး မမျှမတ လုပ်ဆောင်မယ်.. ပိုက်ဆံနဲ့ အမှုကိုမရမက လိုက်ပိတ်မယ်၊ နောက်ပြီး.. သူခိုးက လူပြန်ဟစ်တဲ့ စကားပုံအတိုင်း မကောင်းတဲ့လူက ကောင်းတဲ့လူကို ချောက်တွန်း လုပ်ကြံရင်လည်း ဒီထောင်ဒဏ် သေဒဏ်ဘေးတွေက လွတ်ကင်းနိုင်ပါတယ်။ ဒီဘေး(၂)ဘေးက မကောင်းတာတွေ လုပ်နေပေမယ့် လွတ်နေနိုင်သေးတဲ့ ဘေးတွေပေါ့။

နောက်ဘယ်လိုမှ မလွတ်ကင်းနိုင်တဲ့ဘေး (၂)ဘေးကတော့ ကိုယ့်ကိုကိုယ် စွပ်စွဲကဲ့ရဲ့တဲ့ဘေးနဲ့ သေပြီးနောက် အပါယ်လေးဘုံသို့ ကျရောက်ရခြင်းဆိုတဲ့ ဘေးတွေပါ။ ဒီဘေးတွေ ဘာလို့ မလွတ်ရတာလည်း ဆိုတော့ မကောင်းတာတစ်ခု လုပ်ရင် ဘယ်သူမသိသိ ကိုယ်အသိဆုံးပါ။ ကိုယ့်ကိုကိုယ် ဘယ်လိုမှ လိမ်လို့မရပါဘူး.. ငါမဟုတ်တာ လုပ်ထားတယ်၊ ငါသူတစ်ပါးကို မကောင်းကြံထားတယ်၊ ငါ သူများ အတင်းပြေထားတယ်ဆိုတဲ့ မကောင်းတဲ့ စိတ်တွေက မင်းဟာ လူကောင်းမဟုတ်ဘူးဆိုတာ ကိုယ့်ဘာသာကိုယ် ပြောပြနေသလိုပါပဲ။ ကိုယ့်ကိုကိုယ် မကြည်ညိုနိုင်ပြီး ကိုယ့်ကိုကိုယ် စွပ်စွဲကဲ့ရဲ့ နေတော့တာပါ။ သေခါနီး အချိန်ကျရင်လည်း အဲ့ဒီ့ မကောင်းတာလုပ်မိတဲ့ အချက်တွေကို ပူဆွေးနောင်တရကာ မဲ့သေတွေ သေရပြီး အပါယ်လေးဘုံသို့ သွားကြရတာပါ။

ဆရာတော်အရှင်ဇ၀န ဟောပြဆုံးမတဲ့ ဆုံးမစကားတစ်ခွန်း ရှိပါတယ်။ သူတစ်ပါးကို မကြည်ညိုရင် ကုသိုလ်မရယုံဘဲ ရှိမယ်.. ကိုယ့်ကိုကိုယ် မကြည်ညိုရင် အပါယ်ကျလိမ့်မယ်.. အကြောင်းမှာ သူတစ်ပါးကို လိမ်ညာ၍ရသော်လည်း ကိုယ့်ကိုကိုယ် လိမ်ညာ၍ မရသောကြောင့်တည်း တဲ့။ အင်မတန် မှတ်သားသင့်တဲ့ ဆုံးမစကားလေးပါ။ ဒီကိုယ့်ကိုကိုယ် မကြည်ညိုတတ်တဲ့ဘေးဟာ ဘေး(၄)ဘေးထဲမှာ အဆိုးဝါးဆုံးပါ။ သေပြီးနောက် အပါယ်လေးဘုံကို ကျရောက်ရမဲ့ဘေးက သေပြီးမှ တွေ့ရမှာပါ။ ဒီကိုယ့်ကိုကိုယ် မကြည်ညိုတဲ့ ဘေးကတော့ မကောင်းတာ လုပ်နေတဲ့သူတွေတိုင်း လက်ရှိခံစားနေကြရတဲ့ ဘေးပေါ့။ သူတို့ကို အပြင်ပန်းက ကြည့်လိုက်ရင် ကားကောင်းတွေ စီးနေရတယ်၊ တိုက်တွေခြံတွေနဲ့ နေရတယ်ဆိုပြီး စိတ်ချမ်းသာနေတယ်လို့ ထင်ရပေမယ့် သူတို့ရဲ့ စိတ်တွေထဲမှာ သူတို့ကိုယ်သူတို့ ငါ မကောင်းတာ လုပ်ထားတဲ့လူဆိုပြီး ကိုယ့်ကိုကိုယ် မကြည်ညိုနိုင်တဲ့ ဘေးက အမြဲ စိုးမိုးနေတာပါ။ သူများအပေါ် မကောင်းတာတွေလုပ်မိပြီး ငါလည်း ဘယ်တော့ ပြန်ခံရမလဲဆိုတာတွေကို အချိန်နဲ့ အမျှ စိုးရိမ်ပူပန် နေကြရတာပါ။ စိုးရိမ်ပူပန်မှုပေါင်း များစွာနဲ့ ကျီးလန့်စာ စားနေကြရတဲ့ သနားစရာလူတွေပါ။ ဒါ့ကြောင့် မကောင်းတာလုပ်ပြီး ကြီးပွားနေတဲ့ လူတွေကိုကြည့်ပြီးများ အားမကျမိပါလေနဲ့။

ဒီအကြောင်းကို ဘာလို့ အဓိကထားပြောရလည်းဆိုတော့.. အခုခောတ် လူအများစုပေါ့.. ငွေသာအဓိကကွာ.. ဘယ်သူဘာဖြစ်ဖြစ် အရေးမကြီးဘူး ငါကောင်းစားပြီးရော မတရားတာတွေ တရားတာတွေ လာမပြောနဲ့ ဆိုတဲ့ လူတွေ များလို့ပါ။ တကယ်လည်း များနေတာပါ.. ပတ်ဝန်းကျင်မှာလည်း အများအပြား တွေ့နေရတာပါ။ ဒါ့ကြောင့်လည်း ပုထုဇဉ် တစ်သိန်းသေလို့ သုဂတိ တစ်ယောက် မရောက်ဘူးလို့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ဟောကြားတော်မူခဲ့တာကိုး။ ကိုယ်လည်း ဒီမကောင်းတဲ့ လမ်းအတိုင်း လိုက်ရင်တော့ မကောင်းတဲ့လူတွေ သွားရာလမ်းကိုပဲ ရောက်မယ်ဆိုတာ မမေ့ဘို့ လိုပါတယ်။ မကောင်းတာလုပ်ပြီး ကြီးပွားနေတဲ့လူတွေ တွေ့ရင်လည်း… သူတို့တွေလုပ်နေတဲ့ မကောင်းတဲ့ကံတွေရဲ့ အကျိုးအတိုင်း သံသရာမှာ ခန္ဓာနဲ့ အဆမတန်ပေးဆပ် ကြရမှာပါလားဆိုပြီး သတိသံဝေဂလေး ပွားမိဖို့ လိုပါတယ်။ ဒီရှောင်မရတဲ့ ဘေးတွေနဲ့ မကြုံတွေ့ရအောင် မိမိကိုယ်တိုင်လည်း မကောင်းမှုဆို နည်းနည်းလေးမှ မလုပ်မိဖို့ အရေးကြီးပါတယ်။ ဓမ္မမိတ်ဆွေအပေါင်း ရှောင်မရတဲ့ ဘေးတွေက ကင်းဝေးနိုင်ကြပါစေ…။။။

5 ရင်ထဲရှိသမျှ ထားခဲ့ကြ:

မ အနမ်း said... / June 13, 2009 at 8:52 PM  

ဓမ္မနဲ့ ပတ်သတ်ပြီး ပညာပေးထားတဲ့အတွက် အကျိုးများပါတယ်။ အမြဲရောက်ပါတယ်။ အဆင်ပြေပါစေ ရှင်။

Dream said... / June 13, 2009 at 11:41 PM  

မကောင်းတာလုပ်ရင် ကြုံရမယ့် ဘေးလေးဘေးကို မှတ်သွားတယ် ။မောင်လေးရေ.... အခုမှပဲ လေးမျိုးရှိတယ်ဆိုတာ သိရတယ်

အခုလို အသိတရားတွေ ရအောင်ပြောပြပေးတဲ့အတွက် ကျေးဇူးပါ မောင်လေးကောင်းရေ..

စိတ်ဧ။်ချမ်းသာ ခြင်းနဲ့ အပေါင်းနဲ့ ပြည့်စုံပါစေ
မောင်ကောင်းရေ


ခင်တဲ့
အစ်မတော်
မက်မက်

flowerpoem said... / June 14, 2009 at 12:32 AM  

မောင်ကောင်းပြောတဲ့ ဘေး(၄)ဘေးကို သေချာဖတ်သွားပါတယ်ရှင်

မသက်ဇင် said... / June 16, 2009 at 4:56 AM  

သေချာဖတ်မှတ်ပါတယ်
ဝေငှပေးလို့ သာဓုခေါ်ပါတယ်

မိုးခါး said... / June 16, 2009 at 6:44 PM  

ဖတ်မှတ်သွားပါတယ်ရှင် ..း)
ပျော်ရွှင်ပါစေ

Post a Comment