မြွေလားရွှေလား

ယနေ့ခေတ် လူအများစု အမြဲတမ်းထိတွေ့နေရတဲ့ အရာတစ်ခု.. ခေတ်မှီတဲ့ လူသားတိုင်း မသိမရှိ သိနေတဲ့ အရာတစ်ခုပေါ့။ အမိမြန်မာနိုင်ငံကနေခွဲခွာပြီး ရပ်ဝေးရပ်ခြားမှာ အကြောင်းအမျိုးမျိုးကြောင့် သွားရောက် လုပ်ကိုင်နေကြတဲ့ လူအများစုအတွက် မရှိမဖြစ် လိုအပ်တဲ့အရာပါ။ သူ့ဆီကဘာသိချင်လဲ.. ဘာမေးချင်လဲ.. ဘယ်ကိုသွားပြီး ဘာတွေလုပ်ချင်လဲ.. သူမသိတာ မရှိသလောက် ရှားပါတယ်။ ခြွင်းချက်တွေတော့ ရှိတာပေါ့။ ကျွန်တော်တို့ရဲ့ မိတ်ဆွေဆိုလည်း ဟုတ်တယ်.. ရန်သူဆိုရင်လည်း မမှားပါဘူးနော်။ လက်ပွန်းတတီး ထိတွေ့နေရတဲ့ အရာဆိုရင်လည်း မှားမယ်မထင်ပါဘူး။ မြွေလည်း ဟုတ်တယ်.. ရွှေလည်း ဟုတ်တယ်ပေါ့။ ဒီစာကိုလာဖတ်နေတဲ့ လူကိုယ်တိုင် သူ့ကို ကိုင်တွယ် အသုံးပြုနေရတာပါ။ သူဆိုတာတော့ ယခုလက်ရှိသုံးနေတဲ့ ကွန်ပျူတာကြီးပါပဲ။ သူက မြွေလား ရွှေလား???

အသုံးချနေတဲ့ လူရဲ့စိတ်ပေါ်မှာ မူတည်ပြီး အရာဝတ္ထုတစ်ခုရဲ့ တန်ဖိုးဟာ ပြောင်းလဲသွားတာပါ။ ကိုယ်တန်ဖိုး မြှင့်ရင်မြှင့်သလို အရာဝတ္ထုရဲ့ တန်ဖိုးဟာ မြင့်တတ်လာတာပါပဲ။ လူမိုက်တွေက ငွေကြေးကို ကာမဂုဏ်ခံစားဖို့.. မဟုတ်တဲ့နေရာတွေမှာ အလွဲသုံးဖို့အတွက် အသုံးပြုကြပါတယ်။ ပညာရှိ သူတော်ကောင်းတွေကတော့ အမျိုးဘာသာ သာသနာကို စောင့်ရှောက်ဖို့.. ရရှိလာတဲ့ငွေနဲ့ ကုသိုလ်ကို များအောင်စုပြီး ကောင်းမှုကို များအောင်ကြံဖို့ အသုံးချကြပါတယ်။ နှစ်ဦးစလုံးရဲ့ ငွေကြေးရရှိမှုတွေ တူညီကြပါတယ်.. ဒါပေမယ့် အသုံးချမှုအပေါ်မှာ မူတည်ပြီးတော့ သူတို့တွေရဲ့ တန်ဖိုးဟာ သူတော်ကောင်း ဖြစ်သွားနိုင်သလို.. သူယုတ်မာအဖြစ်လည်း ပြောင်းလဲသွားနိုင်ပါတယ်။ ဒီလိုပါပဲ.. ကွန်ပျူတာကို အသုံးပြုနေတဲ့ ကျွန်တော်တို့တွေဟာလည်း ငါကလူမိုက် အလုပ်လုပ်နေတာလား.. ပညာရှိ သူတော်ကောင်းအလုပ် လုပ်နေတာလားဆိုတာ ခွဲခြားစီစစ်ဖို့ အရေးကြီးပါတယ်။

ဆရာတော် အရှင်ဒေ၀ိန္ဒာဘိဝံသ ရေးသားတဲ့ စာကြောင်းလေးတစ်ကြောင်းကို သတိရမိပါတယ်။ မြွေပွေး၏ ပါးစပ်ထဲသို့ ရောက်သွားသော မိုးရေစက်သည် အဆိပ်ဖြစ်သွားသော်လည်း မုတ်ကောင်၏ ပါးစပ်ထဲသို့ ရောက်သွားသော မိုးရေစက်သည်ကား ပုလဲ ဖြစ်သွားပေသည် ဆိုတဲ့ စာသားလေးပါ။ ဟုတ်ပါတယ်.. ကွန်ပျူတာကို မိုးရေစက်တစ်ခုလို သဘောထားမယ်ဆိုရင် ကျွန်တော်တို့တွေဟာ ကိုယ်သုံးနေတဲ့ ကွန်ပျူတာကို အဆိပ်ဖြစ်အောင် အသုံးပြုမှာလား? ပုလဲ ဖြစ်အောင် အသုံးပြုမှာလား? ကိုယ်တန်ဖိုးထားတဲ့အတိုင်း ကိုယ်ရဲ့ကွန်ပျူတာရဲ့ တန်ဖိုးဟာ ပြောင်းလဲသွားမှာပါနော်။ တစ်ချို့တွေက ကွန်ပျူတာကို ဇာတ်ကားလေးတွေကြည့်ဖို့.. သီချင်းနားထောင်ဖို့.. ချက်တင်ထိုင်ပြီး မဟုတ်ကဟုတ်က ပြောဖို့.. ဂိမ်းကစားဖို့ ဆိုတဲ့ အသုံးချနည်း ပေါင်းစုံနဲ့ အဆိပ်ဖြစ်အောင် အသုံးပြုနေကြတာပါ။ တစ်ချို့တွေကျတော့လည်း တရားနာဖို့.. တရားစာအုပ်လေးတွေ ဖတ်ဖို့.. မိမိအတွက် သူတစ်ပါးအတွက် အကျိုးရှိမဲ့ လုပ်ငန်းလေးတွေ လုပ်ဆောင်ဖို့ကို အချိန်မနား ကြိုးစားနေကြတာပါ။ ကိုယ်က ဘယ်အထဲမှာပါပြီလဲ? ကိုယ့်ရဲ့ ကွန်ပျူတာဟာ မြွေလား ရွှေလား?

နောက်တစ်ခုက မိုးကုတ်ဆရာတော်ဘုရားကြီးက သူရဲ့ ဒကာဦးထွန်းတင်ကို ဆုံးမသြ၀ါဒ ပေးတဲ့ စကားလေးတစ်ခွန်းပါ။ ဆရာတော်ဘုရားကြီးက ဘယ်လိုဆုံးမသြ၀ါဒ ပေးထားသလဲဆိုတော့ ဒကာထွန်းတင်ရေ.. အခုလို သိပ္ပံပစ္စည်းတွေ ထွန်းကားလာပြီးတော့ အသံတွေ ဖမ်းယူနိုင်တာဟာ အသုံးချတတ်ရင် နိဗ္ဗာန်ရောက်ဖို့ဘဲကွ၊ အသုံးမချတတ်ရင်လည်း အပါယ်ငရဲ ဇောက်ထိုး ဆင်းဘို့ပဲ၊ သတိရှိဖို့တော့ လိုတယ် တဲ့။ မှန်လိုက်တဲ့ စကားနော်.. ရုပ်မြင်သံကြားတွေပေါ်လာတာ.. အသံဖမ်း စက်တွေ ပေါ်လာတာ.. ကွန်ပျူတာတွေ ပေါ်လာတာဟာ အသုံးချတတ်ရင် နိဗ္ဗာန်ကိုရောက်ဖို့ အမြန်ယာဉ်နဲ့ သွားသလိုပါပဲနော်။ ယခင်ကအသံဖမ်းစက်တွေ ခေတ်မှီစက်ကိရိယာတွေ မပေါ်ခင်ကဆို ဆရာတော်ဘုရားတွေ ဟောကြားတဲ့ တရားတော်တွေနာကြားချင်ရင် တကူးတက သွားရောက်ပြီး နာကြားနှလုံးသွင်းကြရပါတယ်။ အခုဆိုရင် ဘယ်အချိန် အင်တာနက်က ဒေါင်းလုပ်ချပြီး နာချင်လဲ.. အချိန်မရွေး ရပါတယ်နော်။ အွန်လိုင်းကနေ စေတနာမေတ္တာအပြည့်နဲ့ တရားဟောဆုံးမသြ၀ါဒ ပေးနေတဲ့ ကြည်ညိုဖွယ်ရာ ဆရာတော်တွေလည်း အများသားပါ။ မိုးကုတ်ဆရာတော် ဘုရားကြီးရဲ့ စကားနဲ့ ပြောရရင် လူအများစုက အသုံးမချတတ်တော့ အပါယ်ငရဲကို ဘီးတပ်ပြီး ဇောက်ထိုးဆင်းမဲ့ အလုပ်တွေနဲ့ပဲ ပျော်မွေ့နေကြတာ များပါတယ်။

ဆရာတော်ဘုရားကြီးတွေ ဆုံးမသြ၀ါဒ ပေးတဲ့ စကားတွေအတိုင်းဆိုရင် ကျွန်တော်တို့တွေမှာ ရှိနေတဲ့ အရာတွေရဲ့ တန်ဖိုးဟာ ကျွန်တော်တို့တွေရဲ့ အသုံးပြုမှုပေါ်တွေမှာ မှီခိုပြီးတော့ ပြောင်းလဲနေတယ်ဆိုတာ မမှားတော့ပါဘူးနော်။ ကိုယ်က ဘာအဖြစ်ခံမှာလဲ? မြွေအဖြစ်ခံမှာလား ရွှေအဖြစ်ခံမှာလား? မြွေအဖြစ်ခံမယ် ဆိုရင်တော့ ကိုယ်ရိုက်လိုက်တဲ့ ကီးဘုတ်က စာတစ်လုံး.. ကိုယ်ကလစ်နှိပ်လိုက်တဲ့ မောက်စ်က ကလစ်သံတစ်သံဟာ အပါယ်ငရဲမှာ မီးသွားမွှေးဖို့အတွက် ဆိုရင်လည်း မမှားသလို.. ရွှေအဖြစ်ခံမယ်ဆိုရင်လည်းပဲ နိဗ္ဗာန်ရကြောင်း အထောက်အပံတွေ ရှာဖွေနေတယ်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။

ဆရာတော် ဦးဇောတိက ပြောပြဆုံးမတဲ့ စကားလေးတစ်ခွန်းလိုပါပဲ။ မင်းကို ဒုက္ခအပေးဆုံးအရာဟာ မင်းရဲ့စိတ်ပါပဲ တဲ့။ ဟုတ်ပါတယ်.. မိမိရဲ့စိတ်တွေ ဦးညွတ်ရာကသာ မိမိလုပ်ကိုင်ချင်တဲ့ အရာကို ဆိုက်ရောက်ရတာပါ။ ကိုယ့်ရဲ့စိတ်က ကိုယ်လက်ရှိအသုံးပြုနေတဲ့ ကွန်ပျူတာကို မြွေအဖြစ်ခံမှာလား ရွှေအဖြစ်ခံမှာလားဆိုတာ ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။ ကိုယ့်မှာ ရှိနေတဲ့ကွန်ပျူတာကို အသုံးချပြီးတော့ တရားတွေဝေမျှမယ်.. တရားအကြောင်းလေး ဆွေးနွေးမယ်.. မိမိသူတစ်ပါး အကျိုးရှိမယ့် လုပ်ငန်းတွေ အချိန်ပြည့် လုပ်ဆောင်နေမယ်.. အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့ စကားတွေ.. စာပေတွေ ဝေမျှနေမယ်ဆိုရင် ကိုယ်ရဲ့ကွန်ပျူတာကြီးဟာ တန်ဖိုးဖြတ်လို့မရတဲ့ ရွှေတုန်းရွှေခဲကြီးပါနော်။ တရားတော်တွေ ကွန်ပျူတာထဲမှာ ပြည့်နေမယ်ဆိုရင်ကို စေတီထိုက်နေပါပြီနော်။ မြတ်ဘုရားရဲ့ ဆုံးမသြ၀ါဒတွေ ကိုယ့်ရဲ့ကွန်ပျူတာထဲမှာ ပြည့်နေတာဟာ ဘုရားရှင်ရှိနေသလိုမျိုး ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ဒ့ါကြောင့် မိမိအသုံးပြုနေတဲ့ ကွန်ပျူတာကို ရွှေဖြစ်ချင်လည်း ဖြစ်လို့ရသလို မြွေဖြစ်ချင်လည်း ဖြစ်လို့ရတယ်ဆိုတာ ကိုယ်အပေါ်မှာပဲ မူတည်နေတယ်ဆိုတာ ကိုယ်တိုင်သိပြီးတော့ အချိန်တိုင်း ရွှေတွေနဲ့ ပြည့်ဝနေတဲ့ ရတနာကွန်ပျူတာကြီးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြု ဆုတောင်းပေးပါတယ်။ မြွေဖြစ်နေရင်လည်း ရွှေအဖြစ်သို့ ပြောင်းလဲပေးနိုင်ကြပါစေ…။။။

11 ရင်ထဲရှိသမျှ ထားခဲ့ကြ:

ဂျပန်ကောင်လေး said... / June 24, 2009 at 5:17 AM  

အစ်ကိုရေ.. အခုလို သတိပေးတာ တကယ်ပဲ ကျေးဇူးတင်ပါတယ်.. ဟုတ်တယ်. ကွန်ပျူတာကြောင့် မဟုတ်တာတွေ လုပ်ဖို့လွယ်သလို ဟုတ်တာတွေကို လုပ်ဖို့လည်း အင်မတန်မြန်ဆန်စွာလုပ်နိုင်ပါတယ်.. ရွှေဖြစ်အောင် ကြိုးစားရမှာပေါ့..း)

thawzin said... / June 24, 2009 at 5:51 AM  

တန်ဖိုးရှိသော ကွန်ပျူတာလေး ဖြစ်အောင် ကြိုးစားသွားပါမယ့်

မြစ်ကျိုးအင်း said... / June 24, 2009 at 8:18 AM  

ရွှေမဖြစ်သေးပေမယ့် မြွေတော့မဖြစ်ဘူးလို့ ယုံကြည်ပါတယ်....တန်ဘိုးရှိတဲ့စာစုလေးပါ

may16 said... / June 24, 2009 at 9:34 AM  

မင်းကို ဒုက္ခအပေးဆုံးအရာဟာ မင်းရဲ့စိတ်ပါပဲ ကို မှတ်သားသွားပါတယ်.. ရွေလိုအသုံးချနိုင်အောင် ကြိုးစားပါ့မယ် မောင်ကောင်းရေ
အေးချမ်းပျော်ရွင်ပါစေရှင်

ညခင်း said... / June 24, 2009 at 11:14 AM  

အသုံးချမှန်ကန်အောင် လမ်းညွှန်ပေးတဲ့ အတွက်ကျေးဇူးပါ။
ဆထက်တပိုး တိုးတက်ပါစေ။

ညခင်း

မိုးခါး said... / June 24, 2009 at 7:41 PM  

ကျေးဇူးပါနော် ..း)

Anonymous said... / June 26, 2009 at 2:29 AM  

မြွေအဖြစ်ကနေရွေအဖြစ်ကိုပြောင်းနိုင်အောင်ကြိုးစားပါ့မယ်...အရမ်းတန်ဖိုးရှိတဲ့ပိုစ့်ပါပဲ

မျက်မှန်လေး said... / June 26, 2009 at 9:18 AM  

very nice post

saisai said... / June 26, 2009 at 11:19 PM  

တန်ဖိုးရှိသော တရားအဆီအနှစ်များကို ဖတ်ရူမှတ်သွားပါတယ်ခင်ဗျာ။
ခင်မင်လျက်

yen said... / June 27, 2009 at 7:15 PM  

မြွေပွေး၏ ပါးစပ်ထဲသို့ ရောက်သွားသော မိုးရေစက်သည် အဆိပ်ဖြစ်သွားသော်လည်း မုတ်ကောင်၏ ပါးစပ်ထဲသို့ ရောက်သွားသော မိုးရေစက်သည်ကား ပုလဲ ဖြစ်သွားပေသည်
very nice

nyein nyein htwe said... / July 4, 2009 at 9:34 PM  

Thank you so much.

Post a Comment