ဘုရားလည်မှာလား ဘုရားတည်မှာလား

ဦးဖိုးကျား၏ ဘုရားဖူးသွားခြင်းဆိုတဲ့ အကြောင်းအရာလေးကိုဖတ်ပြီးတော့ စိတ်ထဲမှာဖော်ပြလိုတဲ့ စကားတွေ ရှိတာကြောင့် ဒီစာကိုရေးလိုက်ခြင်းဖြစ်ပါတယ်။ ဦးဖိုးကျားရေးသားတဲ့အထဲမှာ ဘုရားကိုသွားဖူးတာထက် ဘုရားစကား နားထောင်တာ ပိုပြီးကုသိုလ်ရတယ်.. နောက်ပြီး… ဘုရားကိုကြည်ညိုသည်ဆိုသည်မှာ ဘုရားစကားကို နားထောင်မှ ကြည်ညိုရာ ရောက်သည် ဆိုတဲ့ စာသားတွေကို အရမ်းကြိုက်မိပါတယ်။ မှန်လိုက်တဲ့ စကား ဆိုပြီး တော့လည်း စိတ်ထဲကနေ အထပ်ထပ်အခါခါပွားမိပါတယ်။ ယခု ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ အဖြစ်အများဆုံး ဖြစ်နေတယ်ဆိုရင်လည်းမမှားပါဘူး။ တကယ်အမှန်ကလည်း ဘုရားကိုသွားပြီးဖူးနေခြင်းထက် ဘုရားစကားကိုပိုနားထောင်တာ အကျိုးရှိမယ်လို့ ကျွန်တော်လည်း အကြွင်းမဲ့ ယုံကြည်မိပါတယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး ဆုံးမတဲ့ စကားတစ်ခွန်းကိုလည်းပြေးပြီးတော့ သတိရ မိပါတယ်။ ဘုရားရှင်ဆုံးမသည်မှာ “ငါဘုရားရဲ့ နောက်တော် ကနေ ငါဘုရားရဲ့ သင်္ကန်းကိုဆွဲပြီး လိုက်နေစေကာမူ ငါဘုရားရဲ့အဆုံးအမအတိုင်း မလိုက်နာမကျင့်ကြံရင် ငါဘုရားသာဓုခေါ်တော်မမူဘူး… ငါဘုရားနဲ့ အဝေးဆုံးမှာနေပေမယ့်လည်း ငါဘုရားရဲ့အဆုံးအမအတိုင်း လိုက်နာကျင့်ကြံ သူကိုကား ငါဘုရား သာဓုအကြိမ်ကြိမ်ခေါ်၏…” ဆိုတဲ့ဆုံးမစကားလေးပဲ ဖြစ်ပါတယ်။ ဘုရားရှင်၏ စကားအတိုင်းသာဆိုလျှင် ဘုရားလည်ခြင်းထက် ရင်ထဲမှာဘုရားတည်ခြင်းက ပိုမြတ်တယ်ဆိုတာ ထင်ရှားနေပါတယ်။ ရင်ထဲမှာ ဘုရား တည်တယ်ဆိုတာလည်း ဘုရားရဲ့အဆုံးအမအတိုင်း လိုက်နာကျင့်ကြံ နေထိုင်တာကိုဆိုလိုတာပါပဲ။ ကဲ..ဘယ်လိုဘုရားတည်မလဲ?

ကျွန်တော်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ အများစုပေါ့… လူငယ်ရောလူကြီးရော ဘုရားဖူးသွားကြပါတယ်။ ဘုရားဖူး သွားကြတော့မယ်ဆိုရင် အရင်ဆုံး စဉ်းစားတာကတော့ ဘယ်ဘုရားကဘယ်လိုတန်ခိုးကြီးတယ်.. ဘယ်ဘုရားက ဘယ်လိုထူးတယ်.. ဘယ်ဘုရားက ဘယ်လိုလာဘ်ဝင်တယ်ဆိုပြီး ဘယ်ဘုရားသွားမယ် ဘာတွေလုပ်မယ်ဆိုပြီး စဉ်းစားကြတာများပါတယ်။ စစဉ်းစားကတည်းက ဘုရားကို တကယ်ကြည်ညိုတဲ့စိတ်နဲ့ သွားတာမဟုတ်တဲ့အတွက် ဘုရားရှင် သာဓုမခေါ်တာကတော့သေချာပါတယ်။ တကယ်တမ်းတော့ အိမ်မှာ ရှိတဲ့ဘုရားရုပ်ထု၊ ဘုရားပုံတော်တွေဟာလည်း ဘုရားတွေပါပဲ။ ကိုယ့်အိမ်ကဘုရားကို မနက်တိုင်း ဘုရား ကန်တော့နေတာဟာလည်း တကယ်တမ်းတော့ ဘုရားဖူးသွားနေတာနဲ့ အတူတူပါပဲ။ ဘုရားပုံတော် မရှိဘူးဆိုရင်လည်း ကိုယ့်ရဲ့စိတ်ထဲမှာ ဘုရားရှင်ရဲ့ဂုဏ်တော်တွေကိုပွားများပြီးတော့ ကိုယ့်ရှေ့မှာ ဘုရားရှင် ရှိတယ်လို့စိတ်ညွတ်ပြီး ရှိခိုးလိုက်ရင်လည်း ဒါဟာ ဘုရားကိုရှိခိုးဦးချလိုက်တာပါပဲ။ ဘုရားကို ရှိခိုးတယ်ဆိုတာ ဘုရားရဲ့မေတ္တာတော် ကျေးဇူးတော် ဂုဏ်တော်အနန္တတွေကို အာရုံပြုပြီးတော့ ရှိခိုးဦးချတဲ့ သဘောလေးပါပဲ။ ရွှေတွေပြောင်ဝင်းနေတဲ့ ဘုရားကိုသွားပြီးမှ ဘုရားကို ပုစိန်ပေါက်ရှိခိုးပြီး ဘာဂုဏ်တော်မှာ့လည်းမပွားမိ အချင်းချင်းနောက်ပြောင် ရန်ဖြစ်ပြီးပြန်လာရင် ကုသိုလ်မရပဲနဲ့ အကုသိုလ်တွေရနေတာပါ။ ဘုရားဖူးသွားရင် တချို့ကရှိကြသေးတယ်။ ငါတို့က ပိုက်ဆံဘယ်လောက်ကုန်ခဲ့တာ.. ဘယ်နှစ်ရက်တောင်ကြာတာနဲ့… အချင်းချင်း ပြိုင်ဆိုင်ပြီးတော့ ဘုရားဖူးထွက်တာကို ပျော်ပွဲစားထွက်သလိုမျိုးတွေတွေ့ဖူးကြမှာပါ။ တကယ်တမ်း ဘုရားဖူးသွားလည်လို့ ကုန်ကျမဲ့ ပိုက်ဆံတွေကို ရဟန်းသံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းမယ်၊ တကယ်လို အပ်နေတဲ့နေရာတွေမှာ လှူဒါန်းမယ်ဆိုရင် ပိုပြီးတောင်မှာ့ အကျိုးများ ပါသေးတယ်။ ကျွန်တော်ပြောတဲ့ အဓိပ္ပါယ်က ဘုရားကို မသွားနဲ့လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဘုရားဖူးသွားရင် ထားရမဲ့စိတ်ထားလေးတွေ လွဲမှားမသွားအောင်၊ နောက်ပြီး ဘုရားဖူးသွားရင် ဘုရားဖူးသွားတာနဲ့အညီ ကိုယ့်မှာရရှိမဲ့အကျိုးတွေ များလာအောင် စိတ်ထားလေးတွေ ထားတတ်ဖို့ ဖော်ပြပေးခြင်း ဖြစ်ပါတယ်။

နောက်ပြီး နှလုံးသားမှာ အမြဲတမ်းဘုရားတည်ထား ဖို့လည်းအရေးကြီးပါတယ်။ သာသနာကွယ်တယ်ဆိုတာ တကယ်တမ်းတော့ အပြင်ကသာသနာကွယ်တာကိုပြောတာမဟုတ်ပါဘူး။ လူတွေရဲ့နှလုံးသားမှာ ဘုရားကိုယ်စီ မတည်တာဟာလည်း သာသနာကွယ်နေတာပါ။ ကိုယ့်ရင်ထဲမှာ ဘုရားတည်မထားရင် တကယ်တမ်းတော့ ကိုယ်တစ်ယောက်ထည်း သာသနာကွယ်နေတာပါ။ အပြင်မှာ စေတီဘုရားပုထိုးတွေ ဘယ်လောက်များများ ဗုဒ္ဓဘာသာလူတိုင်းလူတိုင်းရဲ့ စိတ်ထဲမှာ ဘုရားတည်မထားရင် တကယ်တမ်းတော့ သာသနာကွယ်နေတာပါပဲ။ အိန္ဒိယနိုင်ငံဟာ အရင်က ဗုဒ္ဓဘာသာနိုင်ငံတစ်နိုင်ငံပါ။ စေတီပုထိုးပေါင်း ထောင်ကျော် ရှိပါတယ်။ ဒါပေမယ့် အခုတော့ သူတို့ဆီမှာ သာသနာတွေကွယ်ပျောက်ခဲ့ရပါပြီ။ အဲ့ဒါရဲ့အဓိက အကြောင်းအရင်းကတော့ သူတို့တွေရဲ့ ရင်ထဲမှာဘုရားတည်မထားကြလို့ပါပဲ။ ကျွန်တော်တို့လူမျိုးတွေလည်း ဒါကို ဥပမာယူရပါမယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်းရဲ့ရင်ထဲမှာ ဘုရားတည်ကြဖို့ အင်မတန် အရေးကြီးပါတယ်။

အခုလို ဘုရားလည်တာရယ် ဘုရားတည်တာရယ် ကိုဘာလို့ယှဉ်ပြထားရတာလဲဆိုတော့ ဘုရားတွေ ကိုလည်ပြီး ရှိခိုးနေခြင်းထက် လူတိုင်းလူတိုင်းရဲ့ ရင်ထဲမှာ ဘုရားတည်ထားဖို့က ပိုအရေးကြီးတယ် ဆိုတာကို သိစေချင်တဲ့သဘောလေးပါပဲ။ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါ… ငါ့ရင်ထဲမှာ ဘုရားတည်ပြီးပြီလားဆိုတာ? မတည်ရသေးရင်တော့ တည်ထားလိုက်ပါ။ ကိုယ့်ရင်ထဲမှာ ဘုရားတည်မထားရင် ကိုယ့်မှာ သာသနာကွယ် နေပြီဆိုတာကို အမြဲတမ်းသတိရလိုက်ပါ။ ကိုယ့်ရင်မှာ ဘုရားတည်မယ်ဆိုရင်တော့ အရင်ဆုံးအပြင်မှာ ဘုရားတည်သလိုပါပဲ။ အခြေခိုင်ဖို့လိုပါတယ်။ အခြေခိုင်ဖို့အတွက် အရင်ဆုံးဘာလိုသလဲဆိုတော့ သဒ္ဒါတရား လိုပါတယ်။ သဒ္ဒါဆိုတာ ယုံကြည်ခြင်းပါ။ ဘာတွေကိုယုံကြည်ရမလဲဆိုတော့ ဘုရား၊တရား၊သံဃာ၊ ကံ နှင့် ကံ၏အကျိုးပါပဲ။ ဤငါးပါးကို ယုံကြည်ပြီဆိုမှာ့ ကိုယ့်ရဲ့ရင်ထဲမှာ တကယ် သာသနာတည်တယ် ဘုရားတည်တယ် လို့ဆိုနိုင်ပါတယ်။ သဒ္ဒါတရားရှိဖို့အတွက် တရားနာမှာ့ရပါမယ်။ ကဲ… မိတ်ဆွေ ကိုယ့်ရင်ထဲမှာ တကယ်ဘုရားတည်ချင်တယ်ဆိုရင်တော့ အရင်ဆုံးတရားနာဖို့လိုပါတယ်။ နာတဲ့အတိုင်းလည်း သိအောင်ကြိုးစားပါ။ သိတဲ့အတိုင်းလည်း ကျင့်ကြံနိုင်အောင် ကြိုးစားကြပါလို့ဖော်ပြရင်း… လူတိုင်းလူတိုင်းရဲ့ရင်ထဲမှာ ဘုရားလည်ဖို့ထက် နှလုံးသားမှာ ဘုရားကိုယ်စီ တည်ထားဖို့ ပိုအရေးကြီးကြောင်း ဖော်ပြရင်း ဘုရားကိုယ်စီတည်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

1 ရင်ထဲရှိသမျှ ထားခဲ့ကြ:

ayeyarwaddylibrary.co.cc said... / May 2, 2009 at 12:49 AM  

ဘုရားကိုသွားဖူးတာထက် ဘုရားစကား နားထောင်တာ ပိုပြီးကုသိုလ်ရတယ်.. နောက်ပြီး… ဘုရားကိုကြည်ညိုသည်ဆိုသည်မှာ ဘုရားစကားကို နားထောင်မှ ကြည်ညိုရာ ရောက်သည်
ဒီစကားလေးကို မှတ်သားသွားပါတယ် ပို့စ်လေးကို ဖတ်ပြီး ကျေးဇူးတင်ပါတယ် မောင်ကောင်း
ပန်းကဗျာ

Post a Comment