ဦးဖိုးကျားရေးသားတဲ့ ဘုရားဖူးသွားခြင်းဆိုတဲ့ အကြောင်းအရာလေးကို ဖော်ပြပေးခြင်းဖြစ်ပါတယ်။ အရေးအသား အတွေးအခေါ်တွေ အရမ်းကောင်းတဲ့အတွက် ဦးဖိုးကျား၏မူရင်းစာသားကိုပဲ ဖော်ပြပေး လိုက်ပါတယ်။ ဖော်ပြပေးတဲ့ရည်ရွယ်ချက်ကတော့ မောင်ထွန်းမောင်လို စိတ်ဓါတ်မျိုးနဲ့ လူတွေများများပေါ်ပေါက်လာဖို့ ပါပဲ။ အားကျမိပါရဲ့ မောင်ထွန်းမောင်ရယ်…
ဘုရားဖူးသွားခြင်း
ကျွန်ုပ်သည် ကောလိပ်ကျောင်း ဘီအေအောက်တန်း၌ ရှိစဉ်က ကျွန်ုပ်နှင့် အတန်းတူ၊ အတန် ခင်မင်သော မိတ်ဆွေတစ်ယောက်ရှိဖူး၏၊ ၄င်းကားမောင်ထွန်းမောင်ဖြစ်၏။
ထွန်းမောင်မှာ အလွန်အေးဆေးစွာ နေလေ့ရှိ၏၊ စကားနည်း၏၊ မဟုတ်မမှန် မဟားတရား မပြောတတ်၊ ဣနြေ္ဒကြီး၏၊ စကားနည်းသူတို့၏ စကားသည် လေးနက်တတ်သည်ဖြစ်ရာ ထွန်းမောင် စကားပြောလျှင် ကျွန်ုပ်တို့ကျောင်းသားများ ဂရုပြု၍ နားထောင်လေ့ရှိ၏၊ ဝါကြွားပြောတတ်သူသည် ထွန်းမောင်ရှေ့တွင် စကားပြောခဲ၏၊ အကြောင်းကား ထွန်းမောင်က တစ်ချက်တစ်ချက် ဝင်ထောက် လိုက်လျှင် ထိုကြွားဝါခြင်း ချက်ချင်းပေါ်တတ်၏၊ အပေါင်းအဖေါ်နှင့် အချိန်ဖြုန်းမနေတတ်၊ တစ် ယောက်တည်း တွေးတော၍သော်လည်းကောင်း၊ စာဖတ်၍သော်လည်းကောင်း နေတတ်၏၊ သို့ရာ တွင် အလွန်ရိုးသားဖြောင့်မတ်သူ ဖြစ်လေရကား၊ ကျောင်းသားများက ဝိုင်း၍ရိုသေခင်မင်ကြ၏၊ ကျွန်ုပ် နှင့်ကား အခြားသူတို့ထက် ပို၍ ခင်မင်ကြ၏။
ထိုနှစ် အင်္ဂလိပ် ဒီဇင်ဘာလ( နတ်တော် - ပြာသို) ၌ ကျောင်း ၁၂ ရက်မျှပိတ်၏၊ ထိုအချိန်အ ခါ၌ ကျောင်းသားများ ကျိုက်ထီးရိုးဘုရားသို့ အစုအစုပြု၍ သွားလေ့ရှိကြရာ ကျွန်ုပ်လည်းသွားလို သည်နှင့် ထွန်းမောင်၏အခန်းသို့လာခဲ့၍ -
“ဟေ့ထွန်းမောင်၊ ကျိုက်ထီးရိုးဘုရားကို သွားရအောင်ကွာ၊ ဒို့ ၁၂ ရက်တောင် ရက်အားရ တယ်”
“ဘုရားဖူးသွားတာ ကျိုက်ထီးရိုးတောင်သွားရမလားကွဲ့၊ ရွှေတိဂုံဘုရားကို သွားပါတော့လား၊ အတူတူပေါ့”
“မတူဘူး ဆရာ၊ ကျိုက်ထီးရိုးက မြတ်စွာဘုရား ကိုယ်တော်တိုင် ဒို့မြန်မာပြည်ကိုကြွလာပြီး ရသေ့ကြီးတစ်ပါးကို ဆံတော်ပေးသတဲ့၊ အဲဒီဆံတော်အစစ်ကို ဌာပနာပြီး တည်တာမောင်ရဲ့ နားလည် ရဲ့လား”
“ထိုအခါအလွန်ပြုံးခဲသော ထွန်းမောာင်သည် ပြုံး၍ “ ဘုရားဒီကိုကြွလာတယ်လို့ မင်းကို ဘယ်သူပြောလဲ”
“မင်းလဲ အတော်ဂွကျတဲ့အကောင်ပဲ၊ ဘယ်သူပြောရမလဲကွဲ့၊ သမိုင်းထဲမှာ သေသေချာချာ ကိုရေးထားတယ် သိရဲ့လား”
“အဲဒီသမိုင်းက ဘယ်သူက ဘယ်တုန်းကရေးခဲ့သလဲ”
“ဘယ်သူရေးတယ်လို့တော့ မင်းကို သေသေချာချာ သံတော်ဦးမတင်နိုင်ဘူး၊ ရှေးပညာရှိတွေ လူကြီးတွေ ရေးခဲ့တာပေါ့ကွဲ့ ” (ခပ်ကျယ်ကျယ်ပြောသည်)
“ဟာ ဟာ မင်းမှတ်မိသေးရဲ့လား၊ မင်းနဲ့ ငါနဲ့ ပြည်မြို့ကို သွားလည်ကြတုန်းက ဘုန်းကြီးတစ် ပါးက ဒတ္တပေါင်မင်းကြီးရဲ့ ယတ်လဲတော် အစစ်ကို ပြာချသစ်ဆေးသရိုးကိုင်ပြီး လုပ်ထားတယ်ဆိုတဲ့ ကမ္မဝါစာကိုထုတ်ပြတော့ မင်းက ကိုယ်တော် ဘယ့်နှယ်သိသလဲ …ဘာလဲ… ညာလဲနဲ့ စစ်စစ်ပေါက် ပေါက်မေးတော့ ဘုန်းကြီးကစိတ်ဆိုးပြီး မင်းကိုမောင်းချတာ မှတ်မိသေးရဲ့လား၊ အခုလဲ မင်းကငါ့ကို ငေါက်ပြန်ပြီလား၊ မင်းက ရာဇဝင်ဆရာမို့ သေသေချာချာသိမလားလို့ မေးတာပါဗျာ၊ မကြိုက်ရင်လဲ မမေးပါဘူး”
“ဟေ့အကောင်၊ တော်ပါကွယ်၊ မင်းဟာ တစ်ခါတစ်ခါအင်မတန်လျှာရှည်တယ်၊ မင်းလိုက် ချင်လဲလိုက်၊ မလိုက်ရင်လဲငါ့တစ်ယောက်ထဲ တော်သလိုကြည့်သွားမှာပဲ” (ခပ်ဆတ်ဆတ်ပြောသည်)
“ဟင် ဘုရား တရား ကြည်ညိုတဲ့ သူကလဲ စိတ်တိုလိုက်တာ၊ ကိုင်းကွယ် ငါကပဲ လျှော့ပါ့မယ်၊ ငါလိုက်ပါမယ်”
ထိုအခါမှ ကျွန်ုပ်က ပြုံး၍“ အဲဒီလိုမှပေါ့ကွယ်၊ ငါ့မှာငွေ ၅၀ကျပ်လောက်တော့ စုထားတယ်၊ မင်းမှာကော”
“ငါ့မှာလဲ ၅၀ ကျပ်လောက်ပါပဲ”
“အေး နေရာကျပြီ၊ စရိတ်စက စားဖို့သောက်ဖို့ ၁၅ ကျပ်လောက်ပဲ ကုန်မယ်ထင်တယ်၊ လှူဖို့ တန်းဖို့ အပုံကြီးပိုတာပဲ၊ ကိုင်းအခုညပဲ သွားကြစို့ကွယ်”
♠♠♠
ကျိုက်ထိုဘူတာသို့ ရောက်လျှင် ထိုအခါက မော်တော်ကားများ မသွားသေးသဖြင့် လှည်းငှား ၍ သွားကြ၏၊ ကျိုက်ထီးရိုးတောင်ခြေ ကင်ပွန်းစခန်းမရောက်မီ ခရီးတစ်ဝက်သာသာ၌ အင်းဝစခန်း သို့ရောက်ရာ ခရီးနားကြ၏၊ ထမင်းဟင်း၊ လက်ဖက်ရည်၊ ဘူးသီးကြော် စသည်ဖြင့် အစားအသောက် လည်း ပြည့်စုံ၏၊ ထိုစခန်းမှာ ရွာနီးချုပ်စပ်က လာရောက်၍ ဆိုင်တည်ခင်းသော နေရာစခန်းကြီး တစ်ခုဖြစ်၏။
ထိုအင်းဝစခန်းဆိုင်စု၏ မြောက်ဘက်အတန်ကွာရှိ သရက်ပင်ကြီးတစ်ပင်အောက်တွင် တဲငယ်ငယ်တစ်ခုရှိ၏ ၊ ထိုတငယ်ဘက်သို့ ထွန်းမောင်သည် လျှောက်၍သွားသည်ကိုမြင်လိုက်၏ ၊ မကြာမီပင် တဲပေါက်တွင် ရပ်၍ အတန်ကြာကြာကြည့်နေသည်ကို မြင်ရ၏။
နာရီဝက်ခန့် ကြာလျှင် ကျွန်ုပ်တို့ သွားချိန်ကျသည်နှင့် ထွန်းမောင်ကို ဟစ်၍ခေါ်ရ၏ ၊
ထွန်းမောင်သည် သုတ်လာခဲ့၍-
“ဟေ့-ဟိုတဲထဲမှာ အဘိုးကြီးလင်မယား နှစ်ယောက်နှင့် မြေးနှစ်ယောက် ဖျားပြီး လဲနေကြ တယ်၊ ငါအစားအသောက်ကလေး ၀ယ်ပေးခဲ့ချင်တယ်၊ မင်းသွားနှင့်ကွယ်၊ ကင်ပွန်းစခန်းကို ငါမီ အောင် လိုက်လာခဲ့မယ်”
“ဟောဗျား၊ မင်းဗွေဖောက်ပြီ၊ မင်းအကျင့် ဒီလိုပဲ၊ စိတ်တစူးစားကြီးနဲ့၊ ကဲ-မောင်သဘောရှိ၊ ငါတော့ မင်းကိုစောင့်မနေနိုင်ဘူး၊ ကင်ပွန်းစခန်းကို မီအောင်လိုက်ခဲ့ပေတော့၊ မမီရင်တော့ ငါဆက် သွားမှာပဲ”
“အေးပါကွယ်၊ ငါမီအောင် လိုက်ခဲ့ပါမယ်” ဆို၍လှည်းပေါ်က သူ့လွယ်အိတ်ကိုယူ၍ တဲငယ် ဘက်သို့  စိုက်စိုက်စိုက်စိုက်နှင့်သွားပြန်လေ၏။
ကျွန်ုပ်မှာကား ဘုရားသို့သာရောက်လို၍ကျွန်ုပ်တို့ကျာင်းက ကျောင်းသားတစ်စုလည်း ထပ်ရောက်လာသည်နှင့် ထိုလူစုနှင့်ရော၍ လိုက်သွား၏၊ ကင်ပွန်းစခန်းသို့ရာက်သော်လည်း ထွန်း မောင်မပေါ်လာချေ၊ ရေမြောင်ကလေး၊ ရေမြောင်ကြီး၊ ဘိုးပြန်တောင်၊ စိုင်တမော့ စသည်ဖြင့် စခန်းအ စဉ်တိုင်း နောက်ဆံတငင်ငင်နှင့်ပင် လာခဲ့ရာ ဘုရားသို့ သာ တိုင်တော့၏၊ ထွန်းမောင် မပေါ်လာချေ။
ကျွန်ုပ်တို့တစ်စုလည်း တပျော်တပါးကြီး ပြော-ဆို-က နှင့် လာခဲ့ကြရာ ဘုရားအနီး နတ်ရုပ် နတ်စင်နှင့် မိန်းမကြီးတစ်ယောက် ပိုက်ဆံခံနေသည်ကိုတွေ့ ရ၏၊ နတ်ရုပ်မှာ ပါးတစ်ခြမ်း-နားတခြမ်း ပဲ့နေ၏၊ ၎င်းအပဲ့တို့ ကိုပြ၍ ပြင်ဆင်ရန်ဆိုကာ ပိုက်ဆံခံနေခြင်းဖြစ်၏၊ ထိုအခါ ကျွန်ုပ်သည် ရုပ်တရက် သတိရမိသည်ကား လွန်ဆံခံနေခြင်း ဖြစ်၏၊ ထိုအခါကျွန်ုပ်သည် ရုပ်တရက် သတိရမိသည်ကား လွန်ခဲ့သောနှစ်က ကျွန်ုပ်တို့ အခန်းက ကျောင်းသားတစ်စု ကျိုက်ထီးရိုးက ပြန်လာကြသောအခါ ထိုပါးပဲ့ နားပဲ့နေသော နတ်စင်က နတ်ကတော်ကြီးအား နတ်မေးကြကြောင်း ပြန်ပြောသည်ကို သတိရသည်နှင့် ကျွန်ုပ်တို့၏ အဖော်အလှော် ခေါ်ခဲ့သော လှည်းသမားကို မေးကြည့်ရာ လှည်းသမားက ပြုံးရယ်၍ “ဒီအပဲ့တွေဟာ ကြာလှပြီဗျ၊ ပြင်လိုက်ရင် နောက်ထပ် ပိုက်ဆံ ဘယ့်မယ် လုပ် အလှူခံမလဲဗျ” ဟုပြောလိုက်မှ ကောလိပ်ကျောင်းသားထက် သာသော လှည်းသမားများလည်း ရှိသေးကြောင်း သိရသည်။
“နို့ ကွယ်၊ ရသေ့တွေ၊ ရသေ့မတွေ၊ ဖိုးသူတော်တွေ၊ မယ်သီလတွေ ပေါလှချည်ကလားကွဲ ”့
“အဲဒီအထဲမှာ ခါတော်မီ တွေ အများကြီးပါတယ်ဗျ”
ကျွန်ုပ်တို့ ဘုရားရှိခိုးနေစဉ် ပန်းသည်၊ ရွှေသည်၊ ရေသည်တို့၏ အနှောက်အယှက်ကို များစွာခံရ၏၊ ဘုရားရှိခိုးနေစဉ် ရေ ပန်း ရွှေ ၀ယ်ပါ ၀ယ်ပါဟု တစာစာလိုက်၍ပူနေ၏၊ ကျွန်ုပ်သည် ကလဲ့စားချေလိုသည်နှင့် ရေ ပန်း ရွှေတို့ ကို ဣနြေ္ဒနှင့်ရောင်းသော ဆိုင်တို့ တွင်သာဝယ်ယူလိုက်၏။
ကျောက်ကျီးကန်းပါးစပ်ဘက်သို့ လာခဲ့ရာ လမ်းတွင် တောင်စောင်းတစ်ခု ဂူအတွင်း
၌ ရသေ့တစ်ပါးထံတွင် ဘုရားသွားတော် အစစ် ရှိသည်ဆို၍ ဂူအတွင်းသို့ ကျဉ်းကျဉ်းကျပ်ကျပ်နှင့် ၀င်ခဲ့၏၊ ရသေ့က “သွားတော်” ကိုလက်ဖြင့်ကိုင်၍ ခပ်လှမ်းလှမ်းက ပြ၏၊ သေသေချာချာ ကိုယ်တိုင် ကိုင်၍ ဖူးပါရစေဟု တောင်းသောအခါ-
“ဟဲ့-ဒကာရဲ့၊ လက်နဲ့ မကိုင်ကောင်းဘူး၊ ငရဲကြီး တတ်တယ်၊ ခပ်ဝေးဝေးကပဲ ဖူးတာပေါ့”
“နို့ -ရသေ့တော့ ငရဲမကြီးဘူးလား”
“ဟဲ့-ရသေ့ဆိုတာ စင်ကြယ်တဲ့ သူတော်ကောင်းဖြစ်တယ်၊ ဘယ်တော့မှ ငရဲမကြီးဘူး၊ မင်းတို့ လူလို မဟုတ်ဘူး”
ထိုအခါ ကျွန်ုပ်သည် ဘာမျှပြန်မပြောဘဲ အခွင့်ရသမျှ သေချာစွာ စူးစိုက်၍ကြည့်ရာ သွားတော် ၏ အတွင်းက ဘာရှိသည်ကိုကားမသိရ၊ အပြင်ကမူကား စီးကရက်ဘူးထဲက ငွေရောင်ပြားကို ကပ်ထားသည်ကို မြင်တွေ့ ရ၏၊ သို့ ကြောင့်လည်း ရသေ့ရှေ့ က အလှူခံပိုက်ဆံခွက်ထဲသို့  တစ်ပြား တစ်ချပ်မျှ မထည့်ခဲ့ဘဲ ခပ်သုတ်သုတ် ပြန်၍ထွက်ခဲ့၏။
ဤသို့လျှင် ကျိုက်ထီးရိုးတော်၊ မုဆိုးတောင်တို့ ၌ အေးချမ်းပျော်မြူးစွာ ခုနစ်ညကြာကြ၏၊ ပြီးမှ ဆင်းခဲ့ကြ၏။
အပြန်လမ်းတွင် အင်းဝစခန်းသို့ရောက်ကြသော် ထွန်းမောင်၏ အပြစ်ကိုမေးမြန်းလိုသည်နှင့် ကျွန်ုပ်သည် အဖော်များနှင့်ခွဲ၍ ယခင် တဲငယ်ဘက်သို့ လာခဲ့၏။
တဲငယ်မှာ ကျွန်ုပ်ပထမမြင်စဉ်ကကဲ့သို့ စုတ်ချာပျက်စီးနေသည် မဟုတ်ဘဲ အမိုးအကာနှင့် အတန်ပင်သပ်ရပ်ကောင်းမွန်နေသည် ကိုတွေ့ ရ၏၊ ခေါင်းရင်းခန်းကလေး၌ အတန်အိုမင်းပြီးဖြစ်သော အဘိုးအို၊ အဘွားအို နှစ်ယောက်ပုတီးစိတ်၍နေကြ၏၊ ခြေရင်းပိုင်း မြေကွက်တွင် မီးဖိုတစ်ခု၌ လက်ဖက် ရည်ကရားနှင့် ရေနွေးအိုးကျိုနေသော ၁၃နှစ် ၁၄နှစ် မိန်းကလေးကိုမြင်ရ၏၊ ၎င်း အနီး၌ ၃နှစ် ၄နှစ်သားခန့် ရှိ ယောက်ျားသူငယ်ကလေးတစ်ယောက် ဘူးသီးကြော်တစ်ခုကို စားနေ၏။
ကျွန်ုပ်ကိုမြင်ကြလျှင် အဘွားအို့က “အလို-မောင်၊လာပါ လာပါ၊ ဘယ်အရပ်ကပါလဲမောင်၊ ဘုရားဖူး အသွားလား၊ အပြန်လား၊ လာပါလာပါ ထိုင်ပါ” ဆို၍ နေရာပေးခြင်း၊ ကွမ်းအစ်ချခြင်းတို့ကို ပျာပျာသလဲပြု၏၊ “ဟဲ့-ဖွားမေ၊ ရေနွေးဆူပြီ မဟုတ်လား၊ လက်ဖတ်ခြောက်ခတ်ပြီး ယူခဲ့ဟေ့၊ သြော်-ဖွားမေ၊ဟဲ့ဟို ထန်းလျက် ကလေးရှိသေးမဟုတ်လား၊ တခါတည်း ထည့်ခဲ့ဟေ့၊ သောက်ပါ စားပါ မောင်ရယ်…” ဟု အလွန်ကြီးစွာသော စေတနာဖြင့် ဧည့်ခံလင့်၏။
အဘိုးကြီးက တစ်ဖန် “ငါ့မြေးက ဘုရားဖူး မဟုတ်လား”
“ဟုတ်ပါတယ် အဘိုးရယ်၊ကျွန်တော်ဟာ လွန်ခဲ့တဲ့ ကိုးရက်လောက်က တက်သွားပါတယ်၊ အခုပြန်ခဲ့တာပါ၊ အဲဒီတက်သွားတဲ့ နေ့က ကျွန်တော့် သူငယ်ချင်းတယ်ယောက် ဒီတဲမှာ ကျန်ရစ် တယ်။အဲဒါ အခု သူဘယ်သွားလေသလဲလို့  မေးချင်လို့ ဝင်လာတာပါ အဘိုးရဲ့”
ထိုအခါ အဘိုးကြီးနှင့် အမယ်ကြီးသည် ငေါက်ခနဲ တစ်ပြိုင်တည်း ဆန့် ၍ မောင်ထွန်းမောင်ကို မေးတာမဟုတ်လား ဟု သံပြိုင်မေးကြ၏။
“ဟုတ်ပါတယ်ခင်ဗျာ”
အမယ်ကြီးက ဆက်၍ “သြော်-မောင်က မောင်ထွန်းမောင်ရဲ့သူငယ်ချင်းလား၊ ဒါဖြင့် မောင်လဲ သူတော်ကောင်းပေါ့၊ အေး အေး၊ မောင်ထွန်းမောင်ရယ်၊ ခုမနက်ပဲ ရန်ကုန်ကိုပြန်သွားပြီ၊ သူတို့ ကျောင်းတက်ရမယ်ဆိုကိုးကွဲ့၊ ပြောလိုက်ပါရစေဦးမောင်ရယ်၊ ဒီလို သူတော်ကောင်းမျိုးရှိတာ အဘွားတို့ အခု အသက် ၇၀ ရှိပြီ ကြားပဲ မကြားဖူးပေါင် မောင်ရယ်”
“မောင်ထွန်းမောင်ဟာ ဘုရားကို လိုက်မလာဘဲ ဒီကပဲ ပြန်သွားပုံကို ပြောပါဦး အဘွားရဲ့”
“ပြောပါပြီလား မောင်ရယ်၊ ဒီလိုကွဲ့၊ငါတို့က အဲလို ကျိုက်ထိုကို သွားတဲ့လမ်းနားမှာရှိတဲ့ မီးသွေးကုန်းရွာကပါ၊ အဘွားတို့မှာသမီးတစ်ယောက်ထဲရှိတယ်၊ သူအိမ်ထောင်ကျလို့ သားသမီး လေးယောက် ရပြီးတော့ လွန် ခဲ့တဲ့ သုံးနှစ်လောက်ကပဲ သူ့ခင်ပွန်း အနိစ္စ ရောက်တယ်၊ သူကိုယ်တိုင် လဲ မနှစ်က ဆုံးပြန်ပါရော့၊ သား သမီးလေးယောက်အနက်ကနှစ်ယောက်သာ အဖတ်တင်တယ်၊ ဟော- အခု မြင် တာ အကြီးဆုံးနဲ့ အငယ်ဆုံးပေါ့၊ဒီကလေးနှစ်ယောက်ကို ငါတို့ ပဲမွေးရတော့တာပေါ့၊ ငါတို့ကလဲ အိုအိုမင်းမင်း သူတို့ကလဲ လူသားမမြောက်သေး၊ ပိုက်ဆံကြေးငွေကလဲ မပြည့်စုံ၊တိုတို ပြောကြစို့မြေးရယ်၊ ငါတို့ ထမင်းရက်မှန်မှန်မစားရတာကြာပြီ၊ အဲဒါအခု ဘုရားဖူးများလာတဲ့အချိန် ဒီ အင်းဝစခန်းမှာ တဲကလေး ထိုးပြီး ဖွားမေကိုပဲဘူးသီးကြော်ကလေးကြော်ပြီး ရောင်းစေရတာပဲ။
အဲ့ဒါနဲ့ လဲ ထမင်းရက်မှန်မှန်မစားရပါဘူး၊ ကံများ ဆိုးချင်တော့ လွန်ခဲ့တဲ့နှစ်လ သုံးလကစပြီး ဟော-မောင့်အဘိုးကြီးဟာ လူကလဲအို၊ အစာရေစာ ၀လင်အောင်လဲမစားရတော့ လဲပါရော မောင်ရေ ၊ နောက် ဆယ်ရက်လောက်က အဖျားဝင်လာပြီး သတိမရ တစ်ချက် ရတစ်ချက်နေပါရော၊ အဲဟို မောင်ထွန်းမောင် ရောက်တဲ့နေ့ က မြော့မြော့ ပဲရှိတော့တယ်။
အဘွားကိုယ်တိုင်လဲ မောင့်အဖိုးလိုပဲ အားနည်းပြီး လဲနေရာက နွေးနွေးမှ ခြုံစရာမရှိ၊ အဲဒီအ ထဲ တဲကလေးကလဲ မိုးမလုံတော့အအေးမိပြီး အဘွားလဲ လဲပါရောမောင်ရေ့။
အဲဒီလို အဘွားတို့ အကျိုးအကန်း နှစ်ယောက်ကို မြေးမကလေး ဖွားမေက ချက်ပြုတ်ကျွေး နေရာက ဟော-ထင်းချိုးရာမှ သံစူးလို့တဲ့၊တစ်ခါထဲ ငန်းတွေမန်းတွေလိုက်ပြီး ပြည့်တယ်လို့ မောင် ထွန်းမောင် ရောက်တဲ့နေ့ က ခြေထောက်မြှောက်ပြီး အော်နေရတာပဲ။
အဲဒီ မောင်ထွန်းမောင် လာကြည့်တော့ ငါတို့ ထမင်းရေစာမစားရတာ နှစ်ရက်တိတိ ရှိနေပြီ မောင်ရဲ့၊ သေဖို့ အဆင့်သင့်ပဲ ဆိုပါတော့၊ ဟော ဟိုမြေးအငယ်ကို အဲဟိုဆိုင်စုမှာသွားပြီး တောင်းရမ်း စားသတဲ့။
အဲဒီလို ငါတို့သေဖို့ အနေမှာ မောင့်သူငယ်ချင်း မြင်တော့မေးသံကိုကြားပါရဲ့၊ ငါတို့ လူအိုနှစ် ယောက်ကတော့ စကားမပြန်နိုင်တော့ဘူး၊ ဖွားမေကသာ အအော် အငိုရပ်ပြီး ပြန်ပြောသံကို ကြား လိုက်ရတယ်။
အဲဒါနဲ့ မောင်ထွန်းမောင်ဟာ ပထမ အဘိုးကြီး ပါးစပ်ထဲကို ရေချပေးတယ်၊ နောက် နည်းနည်း လှုပ်လာတော့ ဟိုဆိုင်စုမှာ လက်ဖက်ရည်၊ ကော်ဖီရည်၊ ရေနွေး၊ စားစရာတွေ ၀ယ်လာပြီး ကော်ဖီနွေး နွေးကလေးကို အစက်ချပြီး တိုက်ပေးရှာတယ်၊ အဘွားကိုလဲ ဒီလိုပဲ။
ဖွားမေကိုလဲ အနာကိုရေဆေး၊ ပြည်ဖောက်၊ ဆေးထည့်လုပ်တာနဲ့မောင်ရယ် တစ်နာရီလောက် မှာပဲ သက်သာသွားပါတယ်။
အမှန်ကတော့ ငါတို့တစ်စုလုံး အစားအသောက်ချို့ တဲ့လို့ ငတ်လို့ ဖြစ်ရတာကလားကွယ်၊ ငါတို့ တော့ အရည်လောက်သာ သောက်နိုင်ကြပါတယ်၊ ဖွားမေတို့မောင်နှမ နှစ်ယောက်ကတော့ ဖျားတာမဟုတ်ဘူး၊ အဲဒါကို မောင်ထွန်းမောင်ရယ် သူ့လွယ်အိတ်ထဲက ပေါင်မုန် ၊ ငါးသေတ္တာတွေ တစ်ခါတည်း ထုတ်ကျွေးတယ်၊ ငတ်ငတ်နဲ့စားလိုက်ကြတာမောင်ရယ်၊ အဘွားတို့လဲ ဘေးကကြည် ရတာ အားရ၀မ်းသာတာနဲ့  အားပြည့်လာကြတာပဲ။
အဲဒါ သူကိုယ်တိုင် ငါတို့ ကို ဆေးတိုက်ပြုစုတဲ့အပြင် သူကိုယ်တိုင် ဆန် ၊ ဆီ ၊ ဆား ၊ ကြက်သွန် ၊ ငရုတ် ၊ အစုံဝယ်ပြီးချက်ကျွေးရှာတယ်။ ဖွားမေကို အညှော်မိမှာစိုးလို့တဲ့ မီးဖိုနားတောင် မလာစေရဘူး၊ ပြီးတော့ ဟော တဲကလေးကို ကြည့်ပါဦး၊အခုတော့ သပ်သပ်ရပ်ရပ်ပေါ့၊ မောင်ထွန်း မောင် ရောက်စက အမိုးမလုံ၊ အကာတွေလဲ ပျက်ကျနေတယ်၊ လေပြင်းပြင်းတိုက်ရင် မခံနိုင်ဘူး၊ အဲဒီ လို အနေမှာ မောင်ထွန်းမောင်ပါမကျန် ငါတို့အကုန်လုံးရွှဲရော ဆိုပါတော့၊ မောင်ထွန်းမောင် ဘာလုပ် သလဲသိလား၊ အနီးအနားက ဆိုင်စု အိမ်စုမှာ သက်ကယ်တို့၊ထရံတို့သူကိုယ်တိုင် သွားဝယ်ပြီး ကိုယ်တိုင် မိုးကာပေးခဲ့တယ် မောင်ရယ်”
အဘွားအိုသည် စကားကို ဖြတ်၍ လက်အုပ်အထက်သို့ မြှောက်ချီကာ “ဘုရားသိကြားတော်၊ တပည့်တော်မရဲ့ မြေးကြီး မောင်ထွန်းမောင် ကျမ်းမာ ချမ်းသာပါစေ၊ ခလုတ်မထိ ဆူးမငြိပါစေနဲ့၊ ရေလိုအေးလို့ ပန်းလို မွှေးပါစေ…”ဆို၍မျက်ရည်စမ်းစမ်းနှင့်ရှိခိုး ဆုတောင်းလေ၏၊ ကျွန်ုပ်တို့ ပတ်လည်ရှိလူများကိုပင် မေ့နေဟန်ရှိ၏၊အတန်ကြာမှ ဆက်ပြန်၍-
“ငါတို့မိုးတွေစိုလို့ အေးကြချမ်းကြတော့၊မောင့်သူငယ်ချင်းဘုရားလောင်းကြီးက ဟော-သူ့ မှာပါတဲ့ အကျီတွေ၊ ပုဆိုးတွေ၊ မျက်နှာသုတ်ပ၀ါတောင်မကျန်ဘူး၊ အဲဒါတွေနဲ့တစ်ခါထဲငါတို့ လေးယောက်ကို ပတ်ရံခြုံပေးတာပဲ၊ မိဘက သားသမီးကိုပြုစုသလိုပါပဲမောင်ရယ်၊ သူကိုယ်တိုင်က တော့ စွပ်ကျယ်ကလေးနဲ့သာနေတယ်၊ အောင်မယ် ဟော-မောင့်သူငယ်ချင်းက သတ္တိကောင်းက လားကွဲ့ ၊ မိုးကြီးပေမယ့် သူမချမ်းဘူးတဲ့၊ ပြီးတော့ လူကြည့်တော့ လုးရပ် တန်တန်ရယ်၊ နို့ ပေမယ့် သူ့ အသားတွေက သံခဲလိုပါကလားကွဲ့ ၊ ဟော-နေ့ ခင်းနေ့ ခင်းမှာ ဖွားမေမေတို့ မောင်နှမနှစ်ယောက်ကို သူ့ လက်မောင်းသားကြီးတွေ ကြွက်သားကြီးတွေကို ထုတ်ထုတ်ပြတယ်၊ မောင်နှမနှစ်ယောက် သူ့ လက်မောင်းကြီးကို စီးစီးပြီးကစားကြတာပဲ၊ အင်မတန်ပျော်ကြတာပေါ့၊ ဒီသူငယ်ဟာ လူထူးပါကွယ်၊ သန်ကသန်မာပါဘိနဲ့၊ ဘုရားလောင်းများ ဆင်ပြောင်ငါးစီး ဆယ်စီးအား ဆောင်နိုင်တယ် ဆိုတာပဲ ထင်ပါရဲ့ ကွယ်။
နောက်တစ်နေ့ မနက်စောစော ဟိုအနား ခဏသွားဦးမယ်ဆိုပြီး ထွက်သွားလိုက်တာ ညနေမှပြန်လာတယ်၊ တို့်တွေဆိုတာတစ်နေ့ ခင်းလုံး သူ့ကိုထမင်းစားစောင့်နေကြတယ်၊ အနီးအနား လိုက်ရှာကြတယ်၊ အဲဒီမနက် ငါတို့ထမင်းမစားဖြစ်ဘူး၊ ညနေကျလို့ပြန်လာတော့မှ သိရတာက လက်စသတ်တော့ သူ ဟို ကျိုက်ထိုကို သွားတာကိုး မောင်ရဲ့ ၊ ဟဲ့ ဖွားမေ၊ နင့်အစ်ကိုကြီး ၀ယ်ပေးခဲ့ တဲ့ အ၀တ်အစားတွေယူခဲ့စမ်း၊ ကိုင်း-မောင်ရင်ကြည့်တော့ ငါတို့ ဖို့ သူဝယ်လာတာတွေ”
ထိုအခါ အဘိုးကြီးသည် အထုပ်ခပ်ကြီးကြီးတစ်ခုကို ကောက်ယူ၍ “ဟောဒါက ကျုပ်အထုပ် မောင်ရဲ့ ၊ မောင့်ကိုပြရဦးမယ် ” ဆိုကာအထုပ်ကို ဖြေရသည်၊ အထုပ်အပေါ်က ကြိုးစေ့အောင် အပတ် ပေါင်းများစွာရစ်ပတ်ထား၏၊ ကြိုးတွေကုန်သောအခါ ပုဆိုးဟောင်း တစ်ထပ်၊ နောက်ပိတ်ဖြူတစ်ထပ်၊ နောက် စက္ကူ သုံးလေးထပ် အလွန်သေချာစွာထုပ်ထားသည်ကိုတွေ့ရ၏၊ နောက်ဆုံးအထပ် ကုန်လေမှ လုံချည် အညိုရောင်တစ်ထည်၊ အတွင်းခံအကျီတစ်ထည်၊ အပေါ်အကျီ တစ်ထည်၊ ခေါင်း ပေါင်းပ၀ါတစ်ထည်၊ ပခုံးတင်ပိတ်ဖြူစ တစ်ထည်တို့ ထွက်လာလေ၏။
ထိုလေးထည်သော အ၀တ်တို့ကို အဘိုးကြီးသည် ယုယမြတ်နိုးစွာ ကိုင်တွယ်၍ “အဲဒါ ကျုပ် မြေးရဲ့ ကုသိုလ်တွေပဲ မောင်ရယ်၊ ကျုပ်အဘိုး အဘ ဒီလိုမပေးခဲ့ဖူးပါဘူး၊ကျုပ်သားသမီးတွေလဲ မပေးခဲ့ဖူးဘူး၊ ကိုယ်တိုင်လဲ ၀ယ်ပြီးမ၀တ်နိုင်ခဲ့ဖူးဘူး၊ ဒီအ၀တ်လေးထည်ကိုကျုပ် ဘာလုပ်မလဲ သိလား၊ ဥပုဒ်နေ့တိုင်း ၀တ်ဆင်ပြီး ဥပုဒ်စောင့်မယ်၊ အခုစိတ်ကူးတာကတော့ ကျုပ်မြေးကုသိုလ်ပွား အောင် နေ့တိုင်းပဲ ရှစ်ပါးသီလစောင့်ပြီး သူ့အ၀တ်တွေ နဲ အရိုးထုတ်တော့ မယ်၊ကျုပ် သေတဲ့အခါ ဒီအ၀တ်တွေ ကျုပ်တို့ ဆရာ ဘုန်းကြီးကို လှူလိုက်ဖို့  မှာပြီးပြီမောင်ရဲ့”
ဖွားမေကလည်း မိမိအထုပ်ကို အားပါးတရ ဖြေကာပြ၏၊ ပိုးသားလုံချည်၊ အကျီ၊ ဘီး ၊ မှန် စသည်ဖြင့် မိန်းမအသုံးအဆောင်အတန်များများတွေ့ရ၏၊ “အဲဒါတွေ ကျွန်မရဲ့အစ်ကိုကြီး ၀ယ်ပေး ခဲ့တာရှင့်၊ ကျေးဇူးတင်လိုက်တာ အစ်ကိုကြီးရယ်၊ကျွန်မလေ ညတိုင်းညတိုင်း အိပ်ခါနီးကို ဦးသုံး ကြိမ်ချပါတယ်၊ အစ်ကိုကြီးလဲပြန်သွားပြီ၊ သိပ်အောက်မေ့တာပဲ” ဆို၍ မျက်ရည်လည်လာ လေ၏၊ အနားတွင်အစ်မ၏ မျက်နှာကို စိုက်ကြည့်နေသော မောင်ကလေးမှာလည်း မဲ့တဲ့တဲ့ဖြစ်၍ လာလေ၏။
အဘွားကြီးက ဆက်၍ “အဲဒါ သူအပြုအစုကောင်းတာနဲ့ ငါတို့ အတော်အတန် ထူထောင်လာကြတာပါပဲ၊ သူနေလို့ လေးငါးရက်ရှိတော့ငါတို့လဲမာပါပြီ၊ မင်း ဘုရားကိုသွားဖို့ဟာ သွားတော့လေလို့ ပြောတော့၊ အဘွားရယ်တဲ့၊ ဘုရားကိုသွားဖူးတာထက် ဘုရားစကားနားထောင်တာ ပိုပြီးကုသိုလ်ရတယ်တဲ့၊ ပြီးတော့လဲ ဘုရားသွားဖို့အချိန်မရှိတော့ဘူး၊ ကျောင်းဖွင့်မီအောင် ပြန်ရမယ်တဲ့၊ သူဘုရားမှာ ရွှေချဖို့ ပန်းလှူဖို့ မှန်းခဲ့တဲ့အတွက် ငွေကိုလဲ အဘွားတို့ကိုပဲ လှူခဲ့မယ်ဆိုပြီး ငွေဒင်္ဂါးပြားရေ ၃၀ကျပ်တိတိ ငါတို့ ကိုပေးသွားတယ်၊ အခု ငါတို့ အသက် ၇၀ ရှိပြီ၊ ကိုယ်ပိုင်အဖြစ်နဲ တစ်ခါမှ ငွေ ၃၀ ကျပ်ပြည့်အောင် မကိုင်ခဲ့ရဘူး၊ ဒီလိုလူမျိုးတွေ့ဖူးဖို့ထားလို့ ကြားတောင် မကြားဖူး ပါဘူးကွယ်၊ ဟော မောင့်အဘိုးကဖြင့်လူမဟုတ်ဘူး၊ နတ်သိကြားများ လူယောင်ဆောင်လာတာလို့ အခုထက်ထိ အတပ်စွဲနေတုန်းပဲ”
ထိုအခါ အဘိုးကြီးက ၀င်တဲ့၍ “ဟဲ့-မယ်တုတ်ကဲ့၊ အခု ဒီမောင်ရင်က သူ့ သူငယ်ချင်းဆိုလို့ သာ နေလိုက်ရတယ်၊ ငါတော့ ဧကန္တ နတ်သိကြားပဲလို့ စွဲလမ်းနေတုန်းပဲ၊ ကြည့်လေ၊ ငါအလကား ပြောတာမဟုတ်ဘူး၊ ငါတို့ဆရာဘုန်းကြီး ဟောဖူးတယ်၊ ဟဲ့-ဒကာကြီး ဖိုးခွေးတဲ့၊ ငါးပါးသီလမြဲပြီး မေတ္တာပို့ ပြီး ဣတိပိသော ဂုဏ်တော်ကို တစ်နေ့ ကို အနည်းဆုံး ၁၀ ပတ်ရအောင် စိပ်တဲ့၊ အကျဉ်း အကျပ် တွေ့ ရင် နတ်သိကြားများလာပြီးကယ် မတတ်တယ်တဲ့၊ အဲဒါ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်စပြီးဘုန်းကြီးစကားအတိုင်း စောင့်ထိန်းပြီး ပုတီးမှန်မှန်စိပ်ခဲ့တာ ညည်းအသိပဲ မဟုတ်လား၊ အဲ-ဟိုနေ့ ငါပက်လက်ကလေး မြော့နေတော့ ဆရာဘုန်းကြီးရဲ့ အဆုံးအမနဲ့ ဂုဏ်တော်ကို သတိရပြီး ဂုဏ်တော်ကိုနှလုံးသွင်းနေတယ်၊ တော်တော်ကြာ ပါးစပ်ပေါ်ရေစက် ကျလာ တော့၊ အင်း-သိကြားမင်း ရေစင် ဖျန်းလာပေါ့လို့ငါယုံကြည်လိုက်တယ်၊ လူပုံသဏ္ဌာန်နဲ့ တောက်ပြောင် အေးကြည်နေတဲ့မျက်နှာကို ငါမြင်ရတယ်၊ ဟဲ့-မယ်တုတ်ကဲ့၊ လူရိုးရိုးဟာ ဒီလောက်ကောင်း နိုင်ပါ့မ လားဟဲ့၊ လူမမာလေးယောက်ကို ဆေးကု၊ ပြုစု၊ ကျွေးမွေး၊ ၀တ်ဆင်၊ အိမ်ကို မိုးကာပေးပြီးတော့ ငွေ ၃၀ ကျပ်ရင့်မကြီးကိုပေးတာဟာ လူရိုးရိုးဟုတ်နိုင့်ပါ့မလားဟဲ့၊ ဒို့ဆရာဘုန်းကြီးပြောဖူးတယ်၊ နတ်သိ ကြားများ လူယောင်ဆောင်လာရင် အရိပ်မထွက်ဘူး၊ မျက်တောင်မခတ်ဘူးတဲ့၊ ငါဖြင့် မောင်ထွန်း မောင်ရဲ့ အရိပ်ထွက်တာ၊ မျက်တောင်ခတ်တာမမြင်မိဘူးဟဲ့၊ ပြီးတော့ ရုပ်ရည်ကလဲ သန့်ပါဘိသနဲ့၊ ငါဖြင့်ဒီလိုချောတဲ့လှတဲ့ ယောက်ျားကလေး မြင်ဖူးပေါင်ဗျာ”
“အို-ကိုဖိုးခွေးကလဲ လူတော့ လူအစစ်ပါတော့၊ လူရိုးရိုးမဟုတ်တာတော့အမှန်ပဲ၊ ဧကန္တ အလောင်းအလျာ တစ်ခုခုတော့ ဖြစ်မှာပဲ၊ ကိုင်း-မောင်ရယ်၊ မောင်ထွန်းမောင်ရဲ့ သူငယ်ချင်းဆို ရင်ဖြင့်အဘွားတို့ တဲမှာတစ်ညလောက်တော့ တည်းပါဦး မောင်ရယ်၊ သူ့ငွေထဲက အလှူဦးပြုပြီး ထမင်းတစ်နပ်တော့ ကျွေးလိုက်ပါရစေ၊ သံဃာတော်ဆွမ်းကျွေးဖို့တော့ ငွေ ၅ကျပ်ဦးချပြီး ဖယ်ထား ပြီးပါပြီ ”
ထိုအခါ ကျွန်ုပ်မှာ အလွန်ပီတိဖြစ်၍ တစ်ညတည်းရန် ၀န်ခံလိုက်၏။
ညအိပ်ရာဝင်သောအခါ ကျွန်ုပ်၏စဉ်းစားခန်း ပေါ်လာလေ၏။
“အင်း- ထွန်းမောင်ကြီးဖြင့် ဘုရားဖူးလာရကျိုးနပ်လေပြီ၊ ထွန်းမောင်ရဲ့ကုသိုလ်ကို ငါအားကျ လှသည်၊ ငါကြားဖူးသည်ကားမြတ်စွာဘုရားရှိစဉ်က တောနယ်မှ ရဟန်းနှစ်ပါးဘုရားကို ဖူးမြော်ရန်လာ ကြသတဲ့၊ လမ်းခရီးမှာ ရေငတ်ကြသဖြင့် ရေသောက်ကြမည်ရှိရာ ရေစစ်မပါကြသည်နှင့် တစ်ပါးသော ရဟန်းက မြတ်စွာဘုရားသည်ရေစစ်နှင့်မှရေသောက်ရမည်ပညတ်ချက်ထားသည်၊ ယခုရေစစ်မရှိခဲ့၊ ဘုရားကိုကြည်ညိုသည်ဆိုသည်မှာ ဘုရားစကားကိုနားထောင်မှကြည်ညိုရာရောက်သည်၊ ထို့ ကြောင့် ရေမသောက်ဘဲ အသက်သေစေတော့ ဟု ဆုံးဖြတ်လိုက်၏။ တစ်ပါးသော်ကား ဘုရားဆိုသည်မှာ အလွန်ဖူးမြင်ရခဲ၏၊ ပထမရဟန်းသည်လမ်းတွင်ပျံလွန်ခဲ့၏။ ဒုတိယရဟန်းကား ဘုရားထံရောက်၍ အဖြစ်အပျက်ကို ပြန်လှန်လျှောက်ထားသောအခါ မြတ်စွာဘုရားက ဘုရားစကားနားထောင်၍ လမ်း တွင်အသေခံသော ရဟန်းကိုသာ ချီးမွမ်းတော်မူသတဲ့၊ ယခုလည်းငါတို့ နှစ်ယောက်နှင့်တူလေစွ။
ငါ့မှာ ကျိုက်ထီးရိုးဘုရားကိုတော့ရောက်ပါရဲ့ ၊ ရောက်တော့ဘာလုပ်သလဲ၊ ဘုရားကိုပုဆိန် ပေါက်ရှိခိုးတယ်၊ အနားပတ်လည်က ဆူဆူညံညံနှင့်အာရုံစူးစိုက်၍ ရှိမခိုးခဲ့ရ၊ ၎င်းနောက် သူငယ်ချင်းတို့နှင့်လျှောက်၍ ပျော်ခဲ့တယ်၊ ဟားတိုက် သီချင်းဆို၊ ဖဲကစား… အဲဒါတွေနဲ အချိန်ကုန် တာပဲ၊ အခု ထွန်းမောင်ကိုအားကျလို့  အဘိုးကြီး၊ အဘွားကြီးတို့ကို ပိုက်ဆံပေးချင်လို့ ကြည့်တော့ လှည်းခနဲ့ရထားခသာ ကျန်တော့တယ်၊ ပိုက်ဆံတစ်ပြားမှ မပို တော့ဘူး၊ ဟိုကုန်းတော်များ တုန်းက တို့လူစုမြေလတ်က အပျိုတစ်စုနဲ့တွေ့လို့အလွမ်းသင့် ပိုးပမ်းပြီး ဟိုဆိုင် ဧည့်ခံလိုက်၊ ဒီဆိုင် ဧည့်ခံလိုက်နဲ့၊ သုံးလေးရက် တို့လူစုပိုက်ဆံဖြုန်းလိုက်ကြတာ၊ ဘုရားလှူဘို့မှန်းထားတဲ့ အထဲက သုံးပုံနှစ်ပုံလောက်ပါသွားတာပဲ၊ အဲဒီပိုက်ဆံတွေ အခုငါနှမြောလိုက်လှတယ်။
ငါဘုရားဖူးရတာ မယ်မယ်ရရ အကျိုးဘာမျှမထင်ပါတကား။ နတ်ကတော်၊ ရသေ့၊ ရသေ့မ၊ ဖိုးသူတော်၊ မယ်သီလ၊ ပန်းသည်၊ ရေသည် အချို့ တို့ ကို စိတ်မကျေနပ်၊ လည်ပတ်၊ ပျော်ရွှင် ဒါတွေနဲ့ သူအချိန်ကုန်ခဲ့တယ်၊အင်း-အခု ငါတို့ပြည်မှာ ရတနာသုံးပါးကို အကြောင်းပြပြီး လုပ်ကြတဲ့ ပွဲအမျိုးမျိုးတွေကို သတိရလိုက်ပါဘိတယ်၊ ငါဘုရားကို ရောက်သော်လဲ ဘုရားစကားကိုနားထောင်တဲ့ မောင်ထွန်းမောင်ရဲ့ ကုသိုလ်မျိုးကို ဘယ်မှာမီနိုင်မလဲ” စသည်ဖြင့် စိတ်ကူးတွေးတောကာ မပျော် တစ်ချက် ပျော်တစ်ချက်နှင့်မိုးလင်းရလေ၏။
♠♠♠
နံနက်တွင် ကျွန်ုပ်ပြန်တော့မည်ဟု နှုတ်ဆက်လေရာ အဘိုးကြီးက “အေး အေး- ပြန်ဦးတော့ မောင်ရယ်၊ မောင်တို့ကျမ်းမာချမ်းသာကြပါစေဆိုတာ အဘိုးဆုတောင်းပါတယ်၊ မောင်ထွန်းမောင် ကိုပြောပါ၊ သူဝယ်ပေးခဲ့တဲ့ အ၀တ်အစားတို့ကို အဘိုးဘယ်လို စီမံထားတယ်ဆိုတာ၊ အေးအေး-သွား တော့ မောင်ရေ၊ ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေကွယ်”
အဘွားကြီးက “သွားတော့မောင်ရေ၊ သွားတော့၊ အဘွားတို့မသေခင် မောင်ထွန်းမောင်ကို တစ်ခါတော့တွေ့ချင်သေးသကွယ်၊ မိုးမကျခင် အဘွားတို့ကျမ်းမာရင်ဖြင့်ရန်ကုန်ကို ဘုရားဖူးလာခဲ့ မယ်လို့ပြောလိုက်ပါ မောင်ရယ်၊ အခု အဘွားတို့နှစ်ယောက် သေသည်အထိ ရှစ်ပါးသီလစောင့်ဖို့ အဓိဋ္ဌာန်ပြုပြီးတဲ့ အကြောင်းပြောပါလေကွယ်၊ အေးအေး-သွားတော့ မြေးရေ သွားတော့”
ဖွားမေက “အစ်ကိုကြီး ထွန်းမောင်ဖို့ လက်ဆောင်ပေးလိုက်ပါရစေ၊ ဟောဒါက ကျိုက်ထီးရိုး တောင်ဖြစ် ၀ါးဆေးတံ၊ ဒါကသစ်ခွပန်းခြောက်တစ်ခု၊ ဟောဒါက ကျွန်မအရင်ဖျားတုန်းက ဖြတ်ထားတဲ့ဆံစု၊ အဲဒီဆံစုကို တစ်ဝက်ခွဲပြီးဘုရားကို တစ်ဝက်လှူပါ။ တစ်ဝက်ကို အစ်ကိုကြီး ထွန်းမောင်သိမ်းယူထားပါလို့ပြောပါ၊ ကျွန်မ မသေခင် တစ်ခါတော့ရောက်အောင်လာမယ်လို့ လဲပြောပါ၊ သူ့လိပ်စာကို ကျွန်မတောင်းထားလိုက်တယ်၊ ပြီးတော့ ရှိခိုးလက်ဆောင်လဲ ပေးလိုက်ပါ ရစေ၊ သြော်- အစ်ကိုကြီး၊ အခုနေ ရန်ကုန် ဘယ်ဆီမှာလဲ”
ကျွန်ုပ်က ရန်ကုန်ရှိရာသို့ ညွှန်ပြလိုက်သောအခါ ဖွားမေသည် တစ်ပတ်နွမ်း တစ်ထည်ကိုတင်၍ ရန်ကုန်(ထွန်းမောင်ရှိရာသို့) ဘက်သို့ရိုသေလေးမြတ်စွာ လှည့်၍ ဦးသုံးကြိမ်ချ ကာ “အစ်ကိုကြီးကို ဦးသုံးကြိမ်ကန်တော့လိုက်ပါတယ်” ဆို၍ ဦးသုံးကြိမ်ချလေသည်၊ ထိုအခါ ကလေးမ၏ မျက်ရည်တို့ သည် ကျပြန်လေ၏။
ကျွန်ုပ်သည် ခြေလေးလေးဖြင့် ထွက်ခဲ့ရာ ဖွားမေတို့မောင်နှမသည် ကျွန်ုပ်၏လွယ်အိပ်ကိုယူ ဆောင်၍ လှည်းဆိပ်အထိပို့ကြ၏၊ လှည်းသည်တအိအိနှင့် လိမ့်သွားရာ ဖွားမေတို့မောင်နှမသည် မျက်နှာ ငယ်ငယ်ဖြင့် ငေးမျှော်၍ကျန်ရစ်ကြရှာလေသတည်း။
ကျွန်ုပ်သည် ထွန်းမောင်အခန်းသို့ဝင်ခဲ့၏၊ ထွန်းမောင်က “အလို-မင်းပြန်လာပြီလား၊ မင်းဘုရားဖူးခဲ့ရတာ အမျှဝေပါဦးကွဲ့”
“မသရော်ပါနဲ့ကွယ်၊ ငါ့မှာအမျှဝေစရာ ကျကျနန တစ်ခုမှမပါခဲ့ဘူး၊ (မျက်နှာငယ်ငယ် နှင့်ပြောသည်) ဟေ့-မင့်အကြောင်းတွေငါကြားခဲ့ သိခဲ့ပြီ၊ မင်းကုသိုလ်အင်မတန်ထူးမြတ်တာပဲ၊ ငါ့ကိုအမျှ ဝေစမ်းပါကွယ်၊ သူငယ်ချင်းရယ်”
“ဟင်-ဘုရားရောက်တဲ့လူက လမ်းကပြန်လာတဲ့လူကို အမျှဝေခိုင်းနေသလားကွဲ့ ၊ မင်းကလဲ ရူးကြောင်ကြောင်နဲ့ ”
“ငါမရူးဘူး၊ ငါတကယ်ပြောနေတာ၊ ငါဟာ ကျိုက်ထီးရိုးဆိုတဲ့ စေတီနားတော့ ရောက်ခဲ့တာမှန် တယ်၊ နို့ပေမဲ့ မင်းကတော့ သမ္မာသမ္ဗုဒ္ဓဘုရားအစစ်ဆီကို ရောက်ခဲ့တယ်လို့ ဆိုရမယ်၊ ဒါကြောင့် ငါ့ကို အမျှဝေပါကွယ်”
“ဟေ့-မင်းစာကလေး ဘာကလေး အကြည့်ဖူးသား မဟုတ်လား၊ ငါက အမျှဝေမှမင်းရနိုင်တာ မဟုတ်ဘူး၊ မင်းဝမ်းမြောက်ပြီးကိုယ့်ဘာသာကိုယ် သာဓုခေါ်နိုင်သလောက် ကုသိုလ်ရတာပဲကွဲ့ ”
“အဲဒါ ငါသိတယ်၊ ဘာဖြစ်ဖြစ် မင်းပါးစပ်က မြွတ်ဆိုပြီးပေးတာကို ငါကြားချင်တယ်၊ ငါသာဓုခေါ်ချင်တယ်၊ ဆင်ခြေဆင်လက်တွေလုပ်မနေနဲ့ကွယ်၊ ငါကြည်ညိုလွန်းလိုပါ၊ မင့်ပါးစပ်နဲ အမျှဝေစမ်းပါ”
“ကိုင်းဒါဖြင့်လဲ အမျှဆိုတာ အဖို့ဘာဂ ဆိုလိုတယ်၊ ငါကတော့ အဖို့တွေ အဖဲ့တွေ လုပ်မနေ ပါဘူး၊ ငါ့ကုသိုလ်အကုန်လုံးကိုပဲပေးပါတယ်ဗျာ၊ အကုန်လုံးယူပါလေတော့”
ထိုအခါ ကျွန်ုပ်သည် သာဓုလေးလေးနက်နက်ခေါ်ပြီးမှ
“မင်းကိုငါကျေးဇူးတင်တာတစ်ခုရှိသေးတယ်”
“ဘာလဲ ”
“မင်းကငါ့ကို ဘုရားဖူးနည်း နည်းကောင်း နည်းမွန်းတစ်ခုသင်ပေးတဲ့အတွက်ပေါ့”
(မှတ်ချက်။ ။ဤ၀တ္ထုတွင် ဘုရားကြည်ညိုနည်း၌ ဗုဒ္ဓဘာသာကို အရင်းတည်၍ ပြခြင်းမှာ မြန်မာနိုင်ငံတွင် အများအားဖြင့်ကိုးကွယ်သော ဘာသာကြီးဖြစ်၍ ပုံစံအနေဖြင့်သာ ပြုခြင်းဖြစ်သည်၊ အခြား ဘာသာဝင်ဆို့ အတွက်ကား သဘောတရားမျှသာယူရန်ဖြစ်၏)
1 ရင်ထဲရှိသမျှ ထားခဲ့ကြ:
ဒီပို့စ်လေးကို ဖတ်ပြီး ဗဟုသုတတကယ်ကို ရပါတယ်..
Post a Comment