ဗုဒ္ဓကိုမျက်စိမှိတ်မယုံပါနဲ့

ကျနော်အခုဖော်ပြပေးမှာက ကာလာမသုတ် အကြောင်းလေးပါ။ ဘုရားရှင်ဟောကြားတဲ့ ကာလာမသုတ်ကို ဘာလို့ဖွင့်ဆိုချင်တယ်ဆိုတဲ့ အကြောင်းအရင်းလေးကို အရင်ဆုံးဖော်ပြချင်ပါတယ်။ ဘာလို့ကာလာမသုတ်ကို ဖော်ပြရလည်းဆိုတော့ ကျနော်တို့ မြန်မာလူမျိုးအများစုဟာ ဗုဒ္ဓဘာသာကို ကိုးကွယ်တယ်သာဆိုတယ်.. မိရိုးဖလာအစဉ်အလာအရသာ မိဘတွေအစဉ်အဆက် ကိုးကွယ်ခဲ့လို့ ကိုးကွယ်နေရသလိုမျိုးတွေ အများစု တွေ့နေရပါတယ်။ ကျနော်လည်း အရင်ကဒီလိုပါပဲ။ ဘုရားဆိုတာ ဘာလည်း.. တရားဆိုတာ ဘာလည်း.. သံဃာဆိုတာ ဘာလည်း ဆိုတာကို ဘာတစ်ခုမှ သေချာမသိခဲ့ပါဘူး။ ကျန်တာမမေးပါနဲ့.. ရှင်းရှင်းပြောရရင် ဘုရားရှင်ရဲ့ ငယ်နာမည်ကိုတောင် သေချာမသိခဲ့တာပါ။ လူအများစုဟာ ကိုယ်ဝတ်မယ့် အ၀တ်အစားတစ်ခုကို ၀ယ်ရင်တောင်မှ ကိုယ့်အသားအရောင်နဲ့ လိုက်ရဲ့လား.. ကိုယ့်အတိုင်းနဲ့ရော ကိုက်ရဲ့လား.. ကိုယ့်မှာရှိတဲ့ အ၀တ်အစားတွေနဲ့ရော လိုက်ရဲ့လားဆိုပြီး သေချာစီစစ်ပြီး ၀ယ်ကြတာ များပါတယ်.. ဒါပေမယ့် ကိုယ်ကိုးကွယ်နေတဲ့ ဘာသာကိုကျတော့.. ဘာလို့ ကိုးကွယ်ရတယ်.. ဘာလို့ ဘုရားရှင်ကိုကြည်ညိုရတယ်.. ဘုရားရှင်နဲ့ တခြားဘာသာတွေနဲ့ဘာကွာလည်း.. ငါတို့ကိုးကွယ်တဲ့ ဘာသာကမှားနေလား.. ဟုတ်ရော ဟုတ်ရဲ့လားဆိုတာကိုတော့ သေချာမဆန်းစစ်ကြတာ များပါတယ်။ တကယ်တမ်းက ဆန်းစစ်သင့်ပါတယ်..။ ဗုဒ္ဓဘာသာကမမှန်ဘူးဆိုရင် တခြားဘာသာကို ပြောင်းသင့်ရင် ပြောင်းရမှာပါပဲ။ တခြားဘာသာတွေက မှန်နေတယ်ဆိုရင် တခြားဘာသာကို ယူသင့်ရင်ယူရမယ်။ ဒါမှာ့.. ကိုယ်ကိုးကွယ်တဲ့ဘာသာကို သူများပြောလို့ ဟုတ်နိုးနိုးလို့ ကိုးကွယ်နေရတာ မဟုတ်ဘဲနဲ့ မိမိဥာဏ်နဲ့ သက်ဝင်ပြီးကိုးကွယ်ရာ ရောက်မှာပါ။ ဗုဒ္ဓရဲ့အယူဝါဒ မှားနေရင်တော့ ဗုဒ္ဓကို ကျောခိုင်းလိုက်လည်း အပြစ်မပြောလိုတော့ပါဘူး။ တကယ်တမ်းက အမှားတကာ့အမှားဆုံးမှာ ကိုးကွယ်မှုမှားခြင်းဟာ အဆိုးဝါးဆုံးပါ။ ဘာလို့လည်းဆိုတော့.. ကိုးကွယ်မှုမှားရင် ဒီဘ၀မှာတင်မဟုတ်ပါဘူး.. ဘ၀သံသရာ တလျောက်လုံး မှားနေမှာမလို့ပါ။ ကျနော်ခုဖော်ပြပေးချင်တဲ့ အကြောင်းအရင်းကလည်း ဗုဒ္ဓကို ဘာလို့ကိုးကွယ်ရလည်း.. ငါတို့ကိုးကွယ်နေတဲ့ဘာသာနဲ့ တခြားဘာသာဘာတွေနဲ့ ဘာကွာလည်း ဆိုတာလေး အနည်းအကျဉ်း ထုတ်နှုတ်ဖော်ပြသွားမှာဖြစ်ပါတယ်။

ကျနော်တို့ဗုဒ္ဓဘာသာမှာ တခြားဘာသာကြီးတွေနဲ့ မတူတဲ့အချက်တွေ အများကြီးရှိပါတယ်။ ထင်ရှားတဲ့အချက် နဲနဲလောက်ကို ပြောပြချင်ပါတယ်။ ကျနော်တို့ ဘာသာမှာ ဘုရားရှင်ကို ယုံကြည်ကိုးကွယ် ရှိခိုးနေရုံနဲ့ နိဗ္ဗာန်ကို မရနိုင်ပါဘူး။ ဘုရားရှင်ကလည်း သူ့ကိုကိုးကွယ်ရင် နိဗ္ဗာန်ရောက်အောင် ပို့ပေးမယ်လို့ တာဝန်မယူခဲ့ပါဘူး။ အတ္တာဟိ အတ္တနော နာထော- မိမိကိုယ်သာကိုးကွယ်ရာပါပဲ။ မိမိပြုမှားတဲ့(အကုသိုလ်) ကို ကုစားပေးမယ်လို့ တာဝန်လည်းမခံဘူး။ ကိုယ်ပြုရင်ကိုယ်ခံပဲ။ ဘုရားရှင်တာဝန်ယူတာက လမ်းကြောင်းမှန်ပြမယ်။ ဒီလမ်းအတိုင်းလျောက်.. ဒီလမ်းအတိုင်းသွား.. ဒါဆိုရင်နိဗ္ဗာန်ရောက်မယ်။ ဒီအချက်ပါပဲ… တခြားဘာသာတွေနဲ့လုံးဝမတူတဲ့အချက်ပါ။ တခြားဘာသာတွေကို ပုတ်ခတ်တာမဟုတ်ပါဘူး။ အရှိကိုအရှိအတိုင်းပဲပြောတာပါ။ ဒါ့ကြောင့် ဘာသာရေးလိုက်စားတဲ့ ပညာရှင်အချို့ကပြောကြပါတယ်.. Buddhism is not a religion တဲ့။ ဟုတ်ပါတယ်.. ဗုဒ္ဓဟာ ဖန်ဆင်းရှင်လည်းမဟုတ်ပါဘူး.. ကယ်တင်ရှင်လည်းမဟုတ်ပါဘူး။ ဒါပေမယ့် သတ္တ၀ါတွေအားလုံးကို မသေရာနိဗ္ဗာန်သို့ ရောက်အောင် ပို့ဆောင်ပေးတဲ့ ကယ်တင်ရှင်လို့ ပြောရင်တော့ မမှားနိုင်ပါဘူး။ နိဗ္ဗာန်သွားမယ့် လမ်းကို ဖောက်ပေးခဲ့တယ် ဆိုရင်လည်းမမှားနိုင်ပါဘူး။

ပြီးတော့ ဗုဒ္ဓမြတ်စွာရဲ့ ၀ါဒဟာ ဝေဖန်ပိုင်းခြားတဲ့ဝါဒ ပါ။ ဘယ်အရာမဆို ဝေဖန်ပိုင်းခြား ဆန်းစစ်ပြီးမှ ယုံကြည်ရတဲ့ဝါဒလို့ ပြောလည်း ရပါတယ်။ မျက်စိမှိတ်ပြီးတော့လည်း ဗုဒ္ဓမြတ်စွာက မယုံခိုင်းပါဘူး။ ဘုရားရှင်က ငါဟောတာမှအမှန်.. ငါဘုရားကိုကိုးကွယ်ပါ.. မျက်စိမှိတ်ယုံပါလို့.. တခါမှမဟောကြားခဲ့ပါဘူး။ အဲ့အကြောင်းလေးကို ဘုရားရှင်ဟောကြားခဲ့တဲ့ ကာလာမသုတ်တော်ကိုဖွင့်ပြီး ဘုရားရှင်ရဲ့ အယူဝါဒ ကြည်ညိုဖွယ်ကောင်းပုံကို ဖော်ပြပေးပါ့မယ်။ ဘာကြောင့်ဒီသုတ်ကို ဖော်ပြရသလည်းဆိုတော့ ဖတ်နေရင်း သိလာပါလိမ့်မယ်။ ကာလာမပုဏ္ဏားတွေကို အကြောင်းပြုပြီး ဟောကြားတော်မူခဲ့လို့ ကာလာမသုတ်လို့ လူသိများသော်လည်း ပိဋိကတ်တော်မှာတော့ ကေသမုတ္တိသုတ် လို့ပဲ ဆိုပါတယ်.. (အင်္ဂုတ္တိုရ်- မြန်မာပြန်(ပထမတွဲ) စာမျက်နှာ-၂၀၆) မှာတွေ့နိုင်ပါတယ်။

တစ်ခါမှာတော့ ဘုရားရှင်က ဒေသစာရီလှည့်လည်တော်မူရင်း ကာလာမမင်းတို့နေထိုင်ရာ ကေသမုတ္တိ နိဂုံးရွာကို ရောက်သွားပါတယ်။ ကာလမမင်းတို့က ဘုရားရှင်ကို လျှောက်ထားမေးမြန်းပါတယ်။ သူတို့မေးပုံကို ကြည့်ပါဦး- အရှင်ဘုရား၊ တပည့်တော်တို့ဆီမှာတော့ ဒဿနပညာရှင်တွေ လာသမားမမေးပါနဲ့တော့။ တစ်ယောက်လာလည်း ငါ့အယူ ငါ့ဝါဒမှမှန်တယ်၊ တခြားသူ ပြောတာတွေက အလကားဟာတွေလို့ ပြောတာပဲ။ နောက်တစ်ယောက်လာလည်း ငါ့ဝါဒအယူကမှ မှန်တယ်။ သူတို့ပြောတာတွေ အလကားလို့ ပြောပြန်တာပါပဲ။ ကြာတော့ ဘယ်သူပြောတာကို ယုံရမှန်းတောင် မသိတော့ပါဘူး တဲ့။ သူတို့ပြောတဲ့ အဓိပ္ပါယ်ကတော့ ဘုရားရှင်ကလည်း ဘာပြောမှာလဲပေါ့.. သူတို့လိုပဲမဟုတ်လား.. ပြောချင်တာသာပြော ယုံမယ်လို့တော့ မထင်လေနဲ့ ဆိုတဲ့သဘောမျိုးနဲ့ ဘုရားရှင်ကို အထင်သေးတဲ့သဘောမျိုးနဲ့ လျောက်လိုက်တာပါ။ ဒီတော့..ဘုရားရှင်က ဘာပြောသလဲဆိုတော့..- ကာလာမတို့- ပြောသံကြားရုံနဲ့လည်း မယုံနဲ့၊ ရှေးရိုးစဉ်ဆက်စကားရယ်လို့လည်း မယုံနဲ့၊ အဲသလို ဖြစ်ဖူးသတဲ့လို့လည်း မယုံနဲ့၊ ကိုယ့်ဘာသာ တွေးမိကြံမိတာလောက်လေးနဲ့လည်း မယုံနဲ့၊ ကိုယ့်ခံယူထားချက်နဲ့ တူတယ်ဆိုရုံနဲ့လည်း မယုံနဲ့၊ ကိုယ်ယုံကြည် ရိုသေတဲ့ သူရဲ့စကား ဆိုပြီးတော့လည်း မယုံနဲ့၊ သူများပြောတိုင်းလည်း မှန်ပြီလို့ မယုံနဲ့၊ အစဉ်အလာ လက်ခံခဲ့ကြလို့လည်း မယုံနဲ့၊စာပေကျမ်းဂန်ထဲမှာပါတယ်လို့လည်း မယုံနဲ့.. ကိုယ်ပိုင်ဥာဏ်နဲ့ အထပ်ထပ် ချင့်ချိန်ပြီး ကျိုးကြောင်းခိုင်မာမှ ယုံပါလို့ ဟောကြားလိုက်ပါတယ်။ နောက်ဆုံးမှာတော့ ဘုရားရှင်က ကုသိုလ်နဲ့ အကုသိုလ်ရဲ့ အကျိုးအပြစ်တွေကို နှိုင်းယှဉ်ပြီးဟောကြားလိုက်မှပဲ ကာလာမမင်းတို့ ဘုရားဝါဒကို လက်ခံပြီးတော့ ကိုးကွယ် ယုံကြည်သွားကြပါတယ်။

ဒီအချက်ကို ဘာလို့ပြောရလဲဆိုတော့.. ဒီအချက်ဟာ.. ဗုဒ္ဓနဲ့ အခြားဘာသာတွေရဲ့ ခြားနားတဲ့ အချက်ပါပဲ။ ကျနော်ပြောချင်တာကတော့ ကိုယ့်ဘုရားမလို့ သူများပြောလို့သာ ကြည်ညိုလိုက်တယ်.. ဘုရားစာလိုက်ဆိုလို့သာ ဆိုလိုက်ရတယ်.. ဘာမှန်းလည်းမသိ ဘာမှလည်းမသိလိုက်ရဘူး.. ဟိုလူပြောဟုတ်နိုးနိုး ဒီလူပြောဟုတ်နိုးနိုးနဲ့တော့ ဘုရားကိုမကိုးကွယ်သင့်ပါဘူး။ တကယ်တမ်းက ဘုရားဟောကြားတဲ့ တရားတွေကို လိုက်နာကျင့်သုံးပြီးတော့.. ကိုယ်ပိုင်အသိဥာဏ်နဲ့ ချင့်ချိန် သုံးသပ်သင့်ပါတယ်။ ကျနော်ပြောချင်တဲ့ အဓိကအကြောင်းအရင်းကတော့ ဘယ်သူတွေ ဘာတွေပဲပြောပြော ကိုယ်ပိုင်အသိဥာဏ်နဲ့ စဉ်းစားဆုံးဖြတ်ပါ။ ဘုရားကို မျက်စိနှစ်လုံးပိတ်ပြီး ဇွတ်မယုံကြပဲနဲ့.. ကိုယ်ပိုင်အသိဥာဏ်နဲ့ ဘုရားဟောကြားခဲ့တဲ့ တရားစကားများကို လိုက်နာကျင့်ကြံကြည့်ပါ။ ကိုယ့်ဘာသာ ဟုတ်မဟုတ်ဆုံးဖြတ်ပြီး ပညာမျက်စိနှစ်လုံး အလင်းပွင့်ပြီးတော့ မဂ်ဖိုလ် နိဗ္ဗာန်ကို တက်လှမ်းနိုင်ကြစေခြင်း အလို့ငှာ ဆန္ဒပြု ရေးသားလိုက်ရပါတယ်။

1 ရင်ထဲရှိသမျှ ထားခဲ့ကြ:

nyahkinyaelamin.co.cc said... / March 25, 2009 at 10:39 AM  

တကယ်တမ်းက အမှားတကာ့အမှားဆုံးမှာ ကိုးကွယ်မှုမှားခြင်းဟာ အဆိုးဝါးဆုံးပါ--အင်မတန် ကောင်းမွန်သော
အဆုံးအမနဲ့  လမ်းညွန်မှုကောင်းသော ပို့ လေးပါလို့ မ

မှတ်ချက်ပြုပါတယ် ညီလေးစိတ်ချမ်းသာ ကိုယ်ကျန်းမာစွ ဖြင့်

ပိုမို ရေးသား နိုင်ပါစေ

Post a Comment