သိသာသိ၍ မကျင့်လေသော်

ဒါကတော့ ကိုယ့်ကိုကိုယ် ဆုံးမတဲ့ပို့စ်လေးပါ။ ကောင်းတဲ့အလုပ်တွေ လုပ်ရမှာကို သိရုံပဲသိတယ်.. သိပြီးတော့ လိုက်မကျင့်ဘူးဆိုရင်တော့ စားပြီးသားအစာကို ဒီအတိုင်းထားသလိုပါပဲ.. အစာမကျေပြီး အဟာရဖြစ်လာမှာ မဟုတ်တော့ပါဘူး။ ဒီတော့ အစာစားပြီး အဟာရဖြစ်ချင်တယ်ဆိုရင် အစာချေရသလိုပါပဲ… သိတဲ့အသိကောင်းလေးတွေကိုလည်း လိုက်ကျင့်ဖို့လိုပါမယ်။ ဒါမှလည်း ကိုယ့်အတွက် အဟာရဖြစ်လာမှာပါ။ ဆရာတော်တစ်ပါး ဆုံးမဖူးတာ မှတ်သားမိပါတယ်။ မရှိတာထက် မသိတာခက်တယ်.. မသိတာထက် မကျင့်တာပိုခက်တယ် တဲ့။ ဟုတ်ပါတယ်.. အရင်ဆုံးကိုယ်က ဘုရားအဆုံးအမတွေကို သိအောင်လုပ်ရပါမယ်။ သိမှလည်းရှိမှာပါ.. ရှိမှလည်း ကျင့်ဖြစ်မှာပါ။ ဘာတွေကျင့်ရမလဲဆိုတော့ ဘုရားရှင်ရဲ့အဆုံးအမတွေကိုပါပဲ။ ဒါမှလည်း ဘုရားရှင်ချီးကျူးရာရောက်မှာပါ။ လူအများစုဟာ ကောင်းတဲ့အလုပ်တွေ လုပ်ဖို့တော့ သိကြပါတယ်.. ဒါပေမယ့် ကျင့်မဲ့အပိုင်းကျတော့ ဆက်မလုပ်တော့ပါဘူး။ ကျင့်တယ်ဆိုပြီးတော့လည်း တအားကြီးအခက်ကြီးလို့ မထင်လိုက်ပါနဲ့။ ဘုရားစကားနားထောင်တာဟာ တရားကျင့်နေတာပါ။ ဘုရားကိုချစ်ရင် ဘုရားစကားနားထောင်ရမယ်တဲ့။ တကယ်တမ်းက တရားအလုပ်ဆိုတာ အများကြီး သိနေစရာမလိုပါဘူး။ အများကြီးသိပြီး ကျင့်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ကိုယ်ကတစ်ခုပဲသိတယ် ဆိုပါစို့.. ကိုယ်ကတစ်ခုကိုသိရင် အဲ့တစ်ခုကိုပဲ ကာယကံ၊ ၀စီကံ၊ မနောကံ ဆိုတဲ့ ကံသုံးပါးလုံးဖြောင့်အောင် ကျင့်ကြံဖို့ပဲလိုပါတယ်။ အများကြီးသိနေပြီး တစ်ခုမှ လိုက်မကျင့်ရင်တော့… ဘုရားရှင် ဘယ်လိုဆုံးမထားသလဲ ဆိုတာလေးကို ဖော်ပြပေးပါ့မယ်။

မြတ်စွာဘုရားရှင် လက်ထက်တော်က ဧကူဒါနလို့ အမည်ရတဲ့ မထေရ်တစ်ပါး ရှိခဲ့ပါတယ်။ ဧကူဒါန မထေရ်ဟာ ဂါထာတစ်ပုဒ်ပဲရပါတယ်။ တစ်ပုဒ်ပဲရပေမယ့် အဲဒီဂါထာတစ်ပုဒ်က ပြောတဲ့အတိုင်း လိုက်နာကျင့်ကြံသူပါ။ အဲဒီလိုအသိနဲ့အကျင့် ထပ်တူကျသွားလို့လည်း မကြာခင်ကာလမှာပဲ ရဟန္တာမထေရ်တစ်ပါး ဖြစ်သွားခဲ့ရပါတယ်။ ဧကူဒါနမထေရ်ဟာ တောထဲမှာတစ်ပါးထဲပဲနေပြီး သူရတဲ့ဂါထာလေး တစ်ပုဒ်ကိုပဲ အမြဲရွတ်ဆိုပါတယ်။ မရွတ်ခင်မှာလည်း တောထဲမှာနေကြတဲ့ နတ်အားလုံးကို တရားနာဖို့အမြဲဖိတ်ခေါ်လေ့ရှိပါတယ်။ ဧကူပါဒမထေရ် ဂါထာရွတ်လို့ပြီးတာနဲ့ တောထဲက နတ်အားလုံးဟာ သာဓုခေါ်ကြပါတယ်။ တစ်တောလုံးကို ဟိန်းထွက်သွားအောင်ခေါ်ကြတာပါ။

ဒီိလိုနဲ့တစ်နေ့ကျတော့ ပိဋိကသုံးပုံဆောင်တဲ့ ဆရာတော်နှစ်ပါးဟာ တပည့်ငါးရာအခြံအရံနဲ့ ဧကူဒါနမထေရ် သီတင်းသုံးတဲ့ တောထဲကိုရောက်လာပါတယ်။ ဧကူဒါနမထေရ်က တရားနာချင်တဲ့အတွက် တရားဟောပေးဖို့ လျောက်ထားပြီးတော့.. တရားဟောပြီးရင် တောထဲကနတ်များ သာဓုခေါ်ကြောင်းကိုလည်း လျောက်ထားပါတယ်။ ဒါနဲ့ ဆရာတော်နှစ်ပါးလည်း ပိဋိကသုံးပုံထဲက တကယ့်အနှစ်တွေရွေးပြီးတော့ ဟောပြောကြပါတယ်။ ဒါပေမယ့် တရားဆုံးတဲ့အချိန်မှာ ဘယ်နတ်ကမှ သာဓုမခေါ်ပါဘူး။ ဆရာတော်နှစ်ပါးက တရားဟောပြီးလို့ သာဓုမခေါ်တော့မေးပါတယ်။ ဘာလို့မခေါ်ကြသလဲဆိုပြီးတော့??? ဧကူဒါနမထေရ်ကလည်း သူရွတ်ဆိုရင်တော့ သာဓုခေါ်တဲ့အကြောင်းကို လျောက်ထားပါတယ်။ ဒီလိုနဲ့ ဧကမထေရ်က သူရွတ်ဆိုနေတဲ့ ဂါထာကို ရွတ်ဆိုပြလိုက်ပါတယ်.. ဒီအချိန်မှာတော့ နတ်တွေက တစ်တောလုံးညံသွားအောင် ၀ိုင်းပြီး သာဓု ခေါ်ကြပါတယ်။ ဒီလိုနဲ့ ဆရာတော်နှစ်ပါးနဲ့တပည့်တွေက နတ်တွေက မျက်နှာလိုက်တယ်လို့ ပြောပြီးတော့ မကျေမနပ်နဲ့ ကျောင်းကိုပြန်သွားကြပါတယ်။ ကျောင်းရောက်တော့ မြတ်စွာဘုရားရှင်ကို လျှောက်ထားပါတယ်။ မြတ်စွာဘုရားက ဘယ်လိုရှင်းပြသလဲဆိုတော့-

ချစ်သားတို့ သင်လည်းသင်ပါရဲ့.. သိလည်းသိပါရဲ့.. ဟောလည်းဟောပါရဲ့.. ဒါပေမယ့် အဲဒီပုဂ္ဂိုလ်ကို တရားဆောင်တဲ့ ပုဂ္ဂိုလ်လို့ မခေါ်သေးဘူး။ သိရုံတင်မကဘူး.. ကျင့်လည်းကျင့်ပါမှ တရားဆောင်တဲ့ပုဂ္ဂိုလ်လို့ ခေါ်တယ် လို့ ဟောပြလိုက်ရပါတယ်။

မြတ်စွာဘုရားရှင်ရဲ့ အဓိက ဆိုလိုချက်ကတော့သိရုံနဲ့တင် မလုံလောက်သေးဘဲ အသိနဲ့အကျင့်ပါတွဲပါနေမှ… အသိနဲ့အကျင့်ဟပ်မိနေမှ… လူသာဓုခေါ်၊ နတ်သာဓုခေါ်ဖြစ်တယ်ဆိုတာပါပဲ။ ဘယ်လောက်ကောင်းလိုက်တဲ့ ဆုံးမစကားလေးလဲဆိုတာ တွေးရင်းတွေးရင်းနဲ့ကို ပီတိဖြစ်နေရတာပါ။ အော်.. ကျနော်လည်း မြတ်ဘုရားဆုံးမတဲ့စကားလေးဖတ်ပြီးတော့ ကိုယ်ကသာ တရားတွေ သိသလောက်လေးကိုရေးနေတာ.. ကိုယ်တိုင်လည်း ကျင့်သလားလို့ ပြန်မေးမိပါတယ်။ ကိုယ်တိုင်လည်း ကြိုစားနေတုန်းလို့ပဲ ပြန်ဖြေရမှာပါ။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကတော့ အစစအရာရာမှာ စံပြဖြစ်အောင် နေပြသွားတာပါ။ ဒါကြောင့်လည်း မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်(၉) ပါးမှာ ၀ိဇ္ဇာစရဏသမ္ပန္န ဆိုပြီးပါဝင်တာဖြစ်ပါတယ်။ ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်တော် ဆိုတာကတော့ နှိုင်းတုလွတ်ကင်းတဲ့ ၀ိဇ္ဇာအသိဥာဏ်များနဲ့ စံတင်ရတဲ့ စရဏအကျင့်တရားများကို ထပ်တူညီကြောင်းကိုဖော်ညွန်းထားတာပါ။

အရိယာသူတော်စင် ဖြစ်သွားတယ်ဆိုတာလည်း တကယ်တမ်းတော့ အသိကောင်းလေး တစ်ခုက နေပြီးတော့ပဲ စကျင့်ရတာပါ။ အသိကောင်းလေးတွေ များများလာပြီးတော့မှပဲ စိတ်ကောင်းလေးတွေ ထားတတ်လာပါတယ်။ စိတ်ကောင်းလေးတွေရှိပြီဆိုမှလည်း ပါရမီမြောက်တဲ့အလုပ်တွေ လုပ်ဖြစ်လာပါတယ်။ ပါရမီမြောက်တဲ့ အလုပ်တွေလုပ်မှပဲ နိဗ္ဗာန်နဲ့ နီးရတော့မှာပါ။ တကယ်တမ်းက ဘုရားရှင်ကို တကယ်ကြည်ညိုတယ်ဆိုရင် ဘုရားရှင်ဆုံးမတဲ့စကားကို လိုက်နာပြီးတော့ ဘုရားအဆုံးအမအတိုင်း လိုက်ကျင့်ကြဖို့ ပိုအရေးကြီးပါတယ်။ ဘုရားကိုကြည်ညိုတယ်ဆိုသည်မှာ ဘုရားစကားကိုနားထောင်မှ ကြည်ညိုရာရောက်ပါတယ်။ ဘုရားစကားနားထောင်နေတာကိုက ဘုရားကိုကြည်ညိုတယ်လို့ မပြောလည်း ကြည်ညိုနေတာနဲ့ အတူတူပါပဲ။ အရိယာသူတော်စင် ဖြစ်ချင်တယ်.. မဂ်ဥာဏ်ဖိုဥာဏ် ရချင်တယ်.. နိဗ္ဗာန်နဲ့ နီးချင်တယ်.. ဆိုရင်တော့ ဆုတောင်းနေမဲ့အစား ဘုရားချီးကျူးမဲ့အလုပ်ဖြစ်တဲ့.. သိသလောက်ကို လိုက်ကျင့်ဖို့ ပိုအရေးကြီးပါတယ်။ သတ္တ၀ါအပေါင်း သိသလောက်ကျင့် ကျင့်သလောက်တရားရပြီး မဂ်ဖို နိဗ္ဗာန်ကို လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

0 ရင်ထဲရှိသမျှ ထားခဲ့ကြ:

Post a Comment