ကျနော် ပို့စ်တိုင်းလိုလိုမှာ ဘုရားအဆုံးအမကိုလိုက်နာပါလို့ ပြောပြောနေတာကို သိမှာပါ။ တချို့တရားနဲ့ အစိမ်းသက်သက် ခုမှထိတွေ့တဲ့ သူတွေကျတော့ ဘုရားအဆုံးအမဆိုတာကို သိတော့သိမယ်.. သေချာ ဂဃနဏ သိမှာမဟုတ်တဲ့အတွက် ဒီပို့စ်လေးကို ရေးလိုက်ခြင်းဖြစ်ပါတယ်။ ကျနော်လည်း အများကြီးသိလို့တော့ မဟုတ်ပါဘူး။ အလွယ်သဘောလေးနဲ့ နားလည်အောင် ကျနော်သိသလောက်လေး ဆွေးနွေးကြည့်ပါ့မယ်။ ဘုရားအဆုံးအမဆိုတာကို ပြောမယ်ဆိုတော့ ဓမ္မဆိုတာကို အရင်ဆုံးမိတ်ဆက်ပေးပါ့မယ်။ ဓမ္မဆိုတဲ့ အဓိပ္ပါယ်ကတော့ သဘာဝအမှန်တရား၊ လိုက်နာကျင့်ကြံသူများကို ဆင်းရဲမှထုတ်ဆောင်ပြီး ချမ်းသာပို့ဆောင်ပေးတတ်တဲ့ တရားပါ။ နောက်တစ်နည်းအနေနဲ့ ဗုဒ္ဓရှင်တော်ဆုံးမတဲ့အတိုင်း ကျင့်ကြံနေထိုင်ကြတဲ့သူတွေကို အပါယ်လေးပါးသို့ မကျရောက်ရလေအောင် သယ်ဆောင်ထားတတ်တဲ့ အတွက်ကြောင့် ဓမ္မလို့ခေါ်ပါတယ်။ ဗုဒ္ဓမြတ်စွာ (၄၅)၀ါပတ်လုံး ဟောကြားခဲ့တဲ့ တရားတော်တွေကိုရော၊ မြွတ်ဆိုခဲ့တဲ့ အဆုံးအမသြ၀ါဒတွေကိုရော ဓမ္မ လို့ခေါ်ပါတယ်။
ဓမ္မဆိုတာဘာလဲ? ဘက်လိုက်ခြင်းမရှိဘဲ မိမိပင်ကိုသဘောအတိုင်း တည့်တည့်မတ်မတ် ဆောင်ရွက်တတ်တဲ့ သဘောတစ်ခုစီကို ဓမ္မလို့ခေါ်ပါတယ်။ ဥပမာ.. လောဘဟာ အာရုံအမျိုးမျိုးကို လိုချင်တပ်မက်တဲ့ သဘောရှိတယ်။ ဒီသဘောကနေပြီး တိမ်းစောင်းပြောင်းလဲသွားတဲ့ ထုံးစံမရှိပါဘူး။ လူမှာရှိတဲ့လောဘက လိုချင်တက်မက်တဲ့ သဘောရှိသလို.. ခွေးမှာရှိတဲ့ လောဘကလည်း လိုချင်တပ်မက်တဲ့သဘော ရှိပါတယ်။ ဒီလိုပါပဲ.. ကုသိုလ်ဆိုတာလည်း တရားတစ်ခုပါပဲ။ အပြစ်ကင်းတဲ့အလုပ်ကို ကုသိုလ်လို့ ခေါ်ပါတယ်။ သူဌေးပဲဖြစ်ဖြစ်၊ ဆင်းရဲသားပဲဖြစ်ဖြစ် သူတစ်ပါးကိုစိတ်ချမ်းသာအောင် ပြောဆိုဆက်ဆံတယ်၊ ကူညီတယ်ဆိုရင် ကုသိုလ်ဖြစ်တာပါပဲ။ ကုသိုလ်ဟာ ကောင်းကျိုးပေးတတ်တာမို့ ဘယ်သူလုပ်လုပ် ကောင်းကျိုးရမှာမလွဲပါဘူး။ အကုသိုလ်ဆိုတဲ့တရားကိုတော့ အပြစ်ရှိတဲ့အလုပ်ကို ခေါ်ပါတယ်။ မိမိကိုဖြစ်စေ သူတစ်ပါးကိုဖြစ်စေ၊ နှစ်ဦးစလုံးကိုဖြစ်စေ ထိခိုက်နစ်နာစေတဲ့အလုပ်ဟာ အကုသိုလ်ပါ။ ဥပမာ.. သူတစ်ပါး ကိုလိမ်ညာတာ၊ ထိခိုက်နစ်နာစေတာ၊ သူတစ်ပါးဆီက မတရားယူတာတွေဟာ အကုသိုလ်တွေပါ။ ဒီအကုသိုလ်ကို ချမ်းသာတဲ့သူပဲလုပ်လုပ် ဆင်းရဲတဲ့သူပဲလုပ်လုပ် မကောင်းကျိုးကိုပဲရမှာပါ။ ဒါ့ကြောင့် ဓမ္မဆိုတဲ့သဘောဟာ ဘယ်သူဘယ်ဝါကိုမှ မျက်နှာမလိုက်ဘဲ အမြဲတမ်း မှန်ကန်တဲ့သဘောကို ဆောင်တဲ့အတွက် ဓမ္မလို့ခေါ်တာပါ။
ကျနော်ဘာလို့ဓမ္မရဲ့ အဓိပါယ်ကိုပထမဆုံး ဖော်ပြရသလဲဆိုတော့.. ဓမ္မရဲ့အဓိပ္ပါယ်ထဲမှာ ကုသိုလ် နဲ့ အကုသိုလ်ရဲ့ သဘောကိုပါ ရှင်းပြထားတဲ့အတွက် ပထမဆုံးဖော်ပြပေးရတာပါ။ ဓမ္မအဓိပ္ပါယ်ကို သေချာနားလည်မှ ဘုရားအဆုံးအမဆိုတာကို ရှင်းသွားမှာ ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့… ဒီဓမ္မတွေဆိုတာ ဘုရားရှင်ရဲ့အဆုံးအမတွေမလို့ပါပဲ။ ဘုရားရှင်ရဲ့ အဆုံးအမဆိုတာဘာလည်းဆိုတော့ မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား ဆိုတာပါ။ ဒီစာကြောင်းဟာ သာသနာရဲ့အရင်း အမြစ်ဆိုလည်းမမှားပါဘူး။ ဆိုလိုရင်းကတော့… မကောင်းတာမလုပ်နဲ့၊ ကောင်းတာလုပ်၊ စိတ်ကိုဖြူစင်အောင်ထား။ ဒါဘုရားရှင်ရဲ့ ဆုံးမခဲ့တာတွေအားလုံးရဲ့ အနှစ်ချုပ်ပါပဲ။ မကောင်းတာဆိုတာ ဘာလည်း? မိမိသူတစ်ပါး နှစ်ဦးစလုံး ထိခိုက်စေတဲ့အလုပ်ဟာ မကောင်းတဲ့အလုပ်ပါ။ ဒါဆိုကောင်းတာဆိုတာ ကျတော့ ဗြောင်းပြန်ပေါ့.. မိမိသူတစ်ပါး အကျိုးရှိတယ်… အပြစ်ကင်းတယ်.. ဒါဆိုရင် ကောင်းတာပါပဲ။ စိတ်ကိုဖြူအောင်ထားဆိုတာကျတော့ ဘယ်အာရုံနဲ့ပဲတွေ့တွေ့ လောဘ၊ ဒေါသ၊ မောဟ တွေ ၀င်မလာစေပဲနဲ့ မိမိရဲ့ စိတ်ကလေး ဖြူစင်နေတာကို ပြောတာပါ။ ကိလေသာကင်းနေတယ်ဆိုတာ မိမိရဲ့စိတ်ကလေး ဖြူစင်နေတာကို ပြောတာပါ။ မကောင်းတာမလုပ်ဘူုး.. ကောင်းတာလုပ်နေတယ်.. စိတ်တွေကြည်လင်အေးမြပြီး သန့်ရှင်းနေတယ် ဆိုတာကိုက ဘုရားအဆုံးအမအတိုင်း လိုက်နာကျင့်ကြံနေတာပါပဲ။
ဒါဆိုဟုတ်ပြီ.. ဘုရားအဆုံးအမ နားထောင်တယ်ဆိုတာဘာလည်း?။ ပုထုဇဉ်တစ်ယောက်အနေနဲ့ (၅)ပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ လုံ့ခြုံအောင် စောင့်ထိန်းတယ်။ နောက်ပြီး ဒုစရိုက်(၁၀)ပါးဖြစ်တဲ့ သူများအသက်သတ်ခြင်း၊ မပေးသောပစ္စည်းအားခိုးယူခြင်း၊ သူများသားမယားအား စော်ကားခြင်း၊ မုသားစကားပြောခြင်း၊ ဂုန်းချောစကားပြောခြင်း၊ အပြောအဆိုကြမ်းတမ်းခြင်း၊ အကျိုးမရှိ သိမ်ဖျင်းသောစကားများကို ပြောဆိုခြင်း၊ သူတစ်ပါးပစ္စည်းအား မတရားလိုချင်ခြင်း၊ သူတပါးအား ညှင်းဆဲလိုခြင်း၊ မှားယွင်းသောအယူရှိခြင်း တို့ကိုရှောင်ကြဉ်လိုက်တယ်.. ပယ်လိုက်တယ်ဆိုရင် ဒါဟာ.. ဘုရားစကားနားထောင်ရာ ရောက်သွားပါတယ်။ ဒါန၊ သီလ၊ ဘာဝနာတွေ အချိန်ရှိသရွှေ့တိုးသထက် တိုးလာအောင် အားထုတ်နေတာဟာလည်း ဘုရားအဆုံးအမ နားထောင်နေတာနဲ့ အတူတူပါပဲ။ ဥပမာ.. မိဘကို ကိုယ်ကမလုပ်ကျွေးနိုင်၊ မပြုစုနိုင်၊ မပံ့ပိုးနိုင်သေးပေမယ့်.. မိဘစကားနားထောင်တယ်.. မိဘကိုစိတ်ချမ်းသာအောင်ထားတယ်.. မိဘဆုံးအတဲ့အတိုင်းနာခံတယ်ဆိုရင် ဒါဟာ ကျေးဇူးဆပ်နေတာနဲ့ အတူတူဖြစ်သလိုပါပဲ.. ကျနော်တို့တွေဟာလည်း ဘုရားစကားနားထောင်မယ်.. ဘုရားအဆုံးအမအတိုင်း လိုက်နာကျင့်ကြံနေတယ်ဆိုရင်.. ဒါဟာ..ဘုရားရှင်ကို ကျေးဇူးဆပ်နေတယ်.. နောက်ပြီး.. ဘုရားအဆုံးအမကို နာခံတဲ့အတွက် ဘုရားကို တကယ်ကိုးကွယ် ကြည်ညိုနေတယ်လို့ ပြောလို့ရပါမယ်။ ဘုရားကိုကြည်ညိုတယ်ဆိုသည်မှာ ဘုရားရှင်ဆုံးမစကားကို နားထောင်မှ ကြည်ညိုရာရောက်ပါတယ်။
နောက်ဆုံးအနေနဲ့ ဘုရားရှင်ရဲ့ အရေးကြီးတဲ့ မလွဲမသွေလိုက်နာရမယ့် အဆုံးအမတစ်ခုကို ဖော်ပြပေးပါ့မယ်။ ဘုရားရှင် ပွင့်ထွန်းလာတဲ့ရည်ရွယ်ချက်နဲ့ ဘုရားရှင်အဓိက ဆုံးမလိုတဲ့ အကြောင်းအရင်းကတော့.. ဘုရားရှင်ကိုယ်တော်မြတ်ကြီး အဲသလောက်အပင်ပန်းခံပြီး ပါရမီတွေဖြည့်ခဲ့တယ်ဆိုတာ ဒါနပြုတတ်ရုံ၊ သီလဆောက်တည်တတ်ရုံ၊ သမထပွားတတ်ရုံလောက်အတွက် မဟုတ်ပါဘူး။ ဒီကုသိုလ်တွေကတော့ သာသနပကာလမှာလည်း ရှိတဲ့တရားတွေပါ။ အချိန်မရွေးပြုလို့ ရပါတယ်။ ၀ိပဿနာ ဘာဝနာတရားကတော့ သာသနာတွင်းမှာသာ ရနိုင်တဲ့တရားပါ။ မဂ်ဖိုလ်ကို တိုက်ရိုက်ပေးနိုင်တဲ့တရားလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်ဘုရားရှင်ရဲ့ အဆုံးအမအဓိကကတော့ ၀ိပဿနာတရားအားထုတ်ပြီးတော့ မဂ်ဖိုလ် နိဗ္ဗာန်ကိုတက်လှမ်းနိုင်ဖို့ ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။ သတ္တ၀ါအပေါင်း ဘုရားရှင်ရဲ့ အဆုံးအမတွေကို ကာယကံ၊ ၀စီကံ၊ မနောကံ စသော ကံသုံးပါးလုံးဖြောင့်မတ်အောင် ကျင့်ကြံလိုက်နာရင်းဖြင့် မဂ်ဖိုလ် နိဗ္ဗာန်ကို တက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြု ရေးသားလိုက်ရပါတယ်။
0 ရင်ထဲရှိသမျှ ထားခဲ့ကြ:
Post a Comment