လူငယ် နဲ့တရားဆိုပြီး ခေါင်းစဉ်လေးကိုစရေးဖို့ စိတ်ထဲပေါ်လာတာနဲ့ ကောက်ရေးမိလိုက်တာပါ။ ဒါလည်း အရေးကြီးမယ်လို့ထင်လို့ပါ။ လူငယ်တစ်ယောက်အနေနဲ့ တရားအလုပ်ဘာလို့လုပ်သင့်တယ်ဆိုတာကို သူများ ပြောလို့သိတာထက် ကိုယ်တိုင်နားလည်သဘောပေါက်ပြီး စိတ်ပါလာမှသာ လုပ်ဆောင်ခြင်းဟာ ပိုပြီးအောင်မြင်မှာဖြစ်ပါတယ်။ ဘယ်အလုပ်မဆို သူများပြောလို့ လိုက်လုပ်ရတဲ့အလုပ်ဟာ ဘယ်အလုပ်မှာ့ မကောင်းပါဘူး။ ရေရှည်လည်းခံမှာ မဟုတ်ပါဘူး။ လူငယ်အများစုဟာ တရားဆိုရင် ကိုယ်နဲ့မဆိုင်သေးဘူးထင်နေတာ များပါတယ်။ တကယ်က တရားဆိုတာ အရွယ်သုံးပါးမရွေးနဲ့ သက်ဆိုင်ပါတယ်။ လူငယ်တွေကိုတရားနဲ့မွေ့လျော်စေချင်တဲ့ အကြောင်းကြောင့်လည်း ဒီပို့စ်ကို ရေးလိုက်ခြင်းဖြစ်ပါတယ်။ ကျွန်တော်လည်းလူငယ်ထဲက လူငယ်တစ်ယောက်ပါပဲ။ ကိုယ်တိုင်လည်း ဒီအသက်အရွယ်ရောက်မှာ့ဒီလို အသိမျိုးကိုသိခွင့်ရတာပါ။ ကျနော်သိတယ်ဆိုတာလည်း ဘာမှ သိသေးတာမဟုတ်ပါဘူး။ အနည်းအကျဉ်းလေးပါ။ မျှဝေးပေးတဲ့သဘောလေးပါပဲ။ ကျွန်တော်လည်း တအားကြီးသိလို့တတ်လို့ ရေးလိုက်တာ မဟုတ်ပါဘူး။ ကိုယ်သိတဲ့အမြင်လေးတွေကို မျှဝေပေးတဲ့ သဘောလေးပါ။ စာဖတ်သူလည်းဖတ်နေတုန်းမှာ ကိုယ်သိတဲ့အသိလေးနဲ့ ရှုမြင်သုံးသပ်သွားလို့ရပါတယ်။
လူငယ်နဲ့တရားဆိုပြီးရေးလိုက်တာဟာ.. အောက်ဖော်ပြပါစာလေးကိုအတွေးလေးလွဲမသွားစေချင်တာလည်း ပါပါတယ်။
ပထမအရွယ်မှာ… ပညာရှာ
ဒုတိယအရွယ်မှာ … ဥစ္စာရှာ
တတိယအရွယ်မှာ … တရားရှာ ပါတဲ့..
ဒီစာသားလေးကို အတွေးလွဲစေတဲ့အကြောင်းအရင်းကိုလည်း ကျွန်တော်အမြင်လေးကိုပြောပြရင်းနဲ့ ရှင်းလင်းပေးသွားပါ့မယ်။ ကျွန်တော်တို့လည်းငယ်စဉ်က ဒီလိုပဲထင်ခဲ့ကြတာပါ။ မိဘတွေပြောပြောနေလို့လည်း အမြဲနားယဉ်နေတာပါ။ ကျနော်တို့လိုပဲ လူငယ်တွေ အမှတ်မှားပြီး တရားနဲ့ကိုယ်နဲ့မဆိုင်သေးဘူးလို့ ထင်သွားမှာဆိုးလို့ ရေးလိုက်တာလည်းပါပါတယ်။ ခုပြောမှာက ဘာလို့လူငယ်တွေတရားလုပ်သင့်လဲ? လူ့ရဲ့အသက်အရွယ်ကို (၇၅)နှစ်ကို သုံးပိုင်းခွဲမယ်ဆိုပါစို့.. ။ ပထမအရွယ်ဆိုရင် မွေးစကနေ အသက်(၂၅)နှစ်ထိပေါ့..ဒုတိယအရွယ်ဆိုတာကတော့ အသက်(၂၅) မှာ့ (၅၀) ပေါ့.. တတိယအရွယ်ဆိုရင်(၅၀)မှာ့(၇၅)ပေါ့။ တကယ်တမ်းတော့ မွေးစကနေ အသက်(၂၅)နှစ်ထိ ရှိတဲ့ အပိုင်းအခြားကို လူငယ်လို့သာပြောရတယ်.. လူရဲ့အသက်ကတဖြေးဖြေးနဲ့ငယ်နေတာ မဟုတ်ပါဘူး မွေးလာပြီဆိုကတည်းကလူဆိုတာတဖြေးဖြေးနဲ့အိုလာတာပါ။ အမိဝမ်းကစထွက်ကတည်းက အိုနေတာပါ။ တချို့ကပြောကြပါတယ်.. အသက်(၁၈) နှစ်ကျော်မှာ့ လူပျိုဖြစ်တယ်ဆိုပြီးတော့ … တကယ်က ဘယ်အသက်ရွယ်မဆို ဘယ်အချိန်အခါမဆို အမြဲတမ်းအိုနေတာပါ။ ကုန်နေတဲ့အချိန်တွေ ဦးတည်နေတဲ့ခြေလှမ်းတွေဟာ သေမင်းဆီကိုဦးတည်နေတာပါ။ ဆရာတော်တစ်ပါးဟောတဲ့ တရားခွေထဲမှာ နာလိုက်ရတဲ့စာသားလေးတစ်ခုရှိပါတယ်။ မသွားချင်ပဲနဲ့ရောက်နေရတာ သေမင်းဆီကိုပါ.. သွားချင်ရဲ့သားနဲ့ မရောက်ရတာဟာ နိဗ္ဗာန်ပါတဲ့။ တချို့ကပြောကြပါတယ်… ငါ့အသက်က ငယ်ငယ်ပဲရှိသေးတယ်.. မသေနိုင်သေးပါဘူးတဲ့။ ဒီလိုနဲ့ပဲ ဥာဏ်မဦးခင် အသေဦးသွားကြလို့ပဲ.. အပါယ်လေးပုံမှာ ပလုံစီနေကြရတာပါ။ ဒါ့ကြောင့်မလို့ မိုးကုတ်ဆရာတော်ဘုရားကြီးက တရားဟောရင် အမြဲထည့်ဟောတဲ့ စကားတစ်ခွန်းရှိပါတယ်။ အဲ့ဒါကတော့ အသေမဦးခင် ဥာဏ်ဦးအောင်ကြိုးစားကြလို့ အမြဲတမ်း ထပ်ခါထပ်ခါ မေတ္တာရှေ့ထားပြီး ဟောကြားသွားခဲ့တာပါ။
နောက်တစ်ခုကတော့ ရွှေပြည်သာဆရာတော် ဦးဇ၀န(မေတ္တာရှင်) တရားထဲမှာ နာကြားဘူးတဲ့ တရားစာသားလေးကို ဖော်ပြပေးချင်ပါတယ်။ ပုထုဇဉ်တွေ ကြိုတင်မသိနိုင်သောအရာ(၅)မျိုးဆိုတာလေးပါ။ အဲ့ဒါတွေကတော့ (၁) ဘယ်အသက်အရွယ်မှာ သေရမည်ကို ကြိုမသိနိုင်ခြင်း (၂) ဘယ်အနာရောဂါဖြင့် သေရမည်ကို ကြိုမသိနိုင်ခြင်း (၃) နံနက်၊ နေ့လည်၊ ည ဘယ်ကာလမှာ သေရမည်ဟု ကြိုမသိနိုင်ခြင်း (၄) ဘယ်နေရာမှာသေရမည် (၅) ဘယ်သုဿန်မှာ သဂြိုလ်ရမည်ဟု ကြိုမသိနိုင်ခြင်း ဆိုတာလေးပါ။
အဲ့အချက်ငါးချက်ဖတ်ပြီးတော့ တော်တော်လေး သံဝေဂ ရမိပါတယ်။ ဖော်ပြထားတာတွေကလည်း ကိုယ်တိုင်ပြန်ပြီး ကိုယ့်ဘာသာ တွေးခေါ်ကြည့်တော့ လုံးဝမှန်နေတာပါ။ လူသားအားလုံးလည်းဒီအချက်တွေကို သိမှာပါ။ ဒါပေမယ့် သိသလိုလိုနဲ့ သတိမထားမိလို့သတိမရမိတာပါ။ သတိ လေးရှိရင်တော့သတိရမိမှာပါ။ ကျွန်တော်ဖော်ပြခဲ့တဲ့ အထက်ကအချက်(၃)ချက်နဲ့ အခုဖော်ပြတဲ့အချက် (၅) ချက်နဲ့ နှိုင်းယှဉ်ကြည့် လိုက် တော့ အတော်လေးကွာခြားနေတာ တွေ့ရပါတယ်။
အပေါ်ကအချက်သုံးချက်အတိုင်း လိုက်လုပ်မယ်ဆိုပါစို့။ ဟုတ်ပြီ… ပထမအရွယ်မှာပညာတွေ ရှာမယ်။ ဒုတိယအရွယ်မှာ ဥစ္စာလည်းရှာပြီးပြီ။ ကဲ… တတိယအရွယ်ရောက်တော့ ကိုယ်က တရား အားထုတ်မယ်လုပ်တုန်း သေမင်းကခေါ်ပါပြီတဲ့။ ဘယ်မှာလည်း ကိုယ့်မှာတရားအားထုတ်ရမယ့်အချိန်။ ဘာမှာ့လုပ်လို့မရတော့ပါဘူး။ သေမင်းခေါ်ရင်တော့ မလိုက်ချင်ဘူးလို့လည်း ငြင်းလို့ မရဘူး။ ငါတရားအားမထုတ်ရသေးလို့ ခဏလောက်စောင့်ပါလို့လည်းပြောလို့မရပါဘူး။ သူခေါ်ချင်ရင် ခေါ်မှာပါပဲ။ ကျွန်တော် အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်းပါပဲ… ဘယ်အချိန်မဆိုသေနိုင်တဲ့အတွက် အချိန်တိုင်းမှာ တရားလေးနဲ့နေနိုင်အောင်နေတတ်ဖို့လိုပါတယ်။ ဒါမှာ့လည်း ကိုယ်မသွားချင်တဲ့ အပါယ်လေးဘုံကို မသွားရမှာ ဖြစ်ပါတယ်။ ပထမအရွယ်မှာလည်း တရားလုပ်ရင်း ပညာရှာရင်း.. ဒုတိယ တတိယအရွယ်တွေမှာလည်း ဒီလိုမျိုးနေသွားမယ်ဆိုရင်.. ကိုယ့်ဘက်က သေမင်းဘယ်အချိန်ခေါ်ခေါ် အဆင်သင့်ဖြစ်တဲ့ အနေအထားမျိုးရှိနိုင်ပါတယ်။ ဓမ္မစေတီဆရာတော်ဘုရား အမြဲဟောကြားတဲ့ စကားလေး တစ်ခွန်းရှိပါတယ်။ ကုသိုလ်ကိုများအောင်စု ကောင်မှု့ကိုများအောင်ကြံ.. သတ္တ၀ါကောင်းမကောင်း အကြောင်း ကံ ကသာ စီမံတော့မည် ဆိုတဲ့စာလေးပါပဲ။ အမြဲတမ်း ကောင်းတဲ့အလုပ်လေးတွေနဲ့ နေနေတာဟာ တရားအလုပ်ပါပဲ။ စိတ်ထားကောင်းလေးနဲ့ နေနေတာဟာလည်း တရားကျင့်နေတာပါပဲ။ ဒါန၊ သီလ၊ ဘ၀နာ အားလုံးဟာ တရားအလုပ်တွေပါပဲ။
အိပ်နေတဲ့အချိန်ကလွဲရင် ဘယ်အချိန်မှာမဆို ကုသိုလ်ဖြစ်ချင်ဖြစ် မဖြစ်နေရင် အကုသိုလ်ဖြစ်နေတာပါ။ ကျွန်တော်တို့တွေ သတိမထားမိလို့သာ မသိကြတာပါ။ သတိလေးထားပြီး ကြည့်နေရင်သိနိုင်ပါတယ်။ လူအများစုက ထင်ကြတယ်ပေါ့နော်.. တရားအလုပ်လုပ်ရင်ပဲ ဘုန်းကြီးဝတ်တော့မလိုလို တောပဲထွက်တော့မလိုလို အားလုံးကိုပဲအဆက်ဖြတ်ရမလိုလိုနဲ့ မလိုလိုပေါင်း များစွာနဲ့ ထင်မြင်နေကြတာပါ။ တကယ်က အဲ့လိုမဟုတ်ပါဘူး။ ကိုယ်က ဘုန်းကြီးလည်းမ၀တ်နိုင်သေးဘူး တရားလည်းလုပ်ချင်တယ်။ တကယ်က လုပ်လို့ဖြစ်ပါတယ်… နေလို့ရပါတယ်။ ဘာလို့ ဒီလိုမျိုး ပြောရလဲဆိုတော့ ဘုရားရှင်ကိုယ်တိုင်က တရားအလုပ်လုပ်တာနဲ့ပတ်သတ်လို့နည်းလမ်းများစွာ ဟောကြားခဲ့ပါတယ်။ လောကုတ္တရာဘက်ကို ကူးနိုင်ရင်တော့အကောင်းဆုံးပဲပေါ့။ ကိုယ်ကမကူးနိုင်ဘူး ဆိုရင်လည်း လောကီလူ့ဘောင်မှာနေရင်းနဲ့ တရားအလုပ်လုပ်လို့ရပါတယ်..။ အချိန်တိုင်းမှာ တရားတဲ့အလုပ်တွေကို ကောင်းတဲ့စိတ်လေးနဲ့ လုပ်နေတာကိုကပဲ တရားသဘောလေးနဲ့ နေသလိုမျိုးပါပဲ။ လောဘ၊ ဒေါသ၊ မောဟတွေ နည်းသထက်နည်းအောင်နေနေတာဟာလည်း တရားကျင့်နေတာပါပဲ။
ကျွန်တော် အထက်မှာ ဖော်ပြခဲ့တာအားလုံးဟာ လူငယ်မှာ့မဟုတ်ပါဘူး။ ပုထုဇဉ်အားလုံးအတွက်ပါ။ ကိုယ်ကဘယ်အချိန်မှာသေရမယ် ဘယ်နေရာမှာသေရမယ်ဆိုတာ ကြိုတင်ပြီးတော့မသိနိုင်ပါဘူး။ ယခုကိုယ်နေရတဲ့အချိန်အတွင်းမှာပေါ့.. ငယ်သေးလို့တရားအလုပ်မလုပ်ဘူး ကြီးမှာ့လုပ်မယ်ဆိုတဲ့စိတ်တွေ ဖျောက်ဖို့ကိုဦးတည်ပါတယ်။ နောက်ပြီးတော့ အချိန်တိုင်းအချိန်တိုင်းမှာ သတိလေးနဲ့ ကပ်ပြီးတော့ ကုသိုလ်တရားတွေမမေ့မလျော့နဲ့လုပ်သွားဖို့ကို ဆိုလိုခြင်းဖြစ်ပါတယ်။ တရားအလုပ် လုပ်ဖို့မေ့နေတဲ့သူဟာ သေဖို့ကိုမေ့နေတာပါ..သေဖို့ကိုမေ့နေတဲ့သူရဲ့အလုပ်တွေနဲ့ လှမ်းနေတဲ့ခြေလှမ်းတိုင်းဟာလည်း အပါယ်လေးဘုံကိုဦးတည်နေတာပါ။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး နောက်ဆုံးမှာကြား သွားတဲ့စကားလိုပါပဲ.. မမေ့မလျော့မပေါ့မဆပဲမြဲမြံတဲ့သတိတရားနဲ့ကိုယ်စီကိုယ်င ပြည့်စုံအောင် နေကြပါလို့ ဘုရားရှင်မှာခဲ့တဲ့စကားအတိုင်းပဲ။ ငယ်တုန်းမှ မဟုတ်ပါဘူး.. ဘယ်အချိန်မဆို ဘယ်နေရာမဆို တရားလေးနဲ့ နေနိုင်ကြဖို့ ဆန္ဒနဲ့ ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်…။
1 ရင်ထဲရှိသမျှ ထားခဲ့ကြ:
တတိယအရွယ်မှာ တရားမရှာနိုင်ပါဘူးတ ကယ်တမ်း အသက်ငယ်တုန်းတရားအားထုတ်တာကို လုပ်နိုင်ရင် အကောင်းဆုံးပါ..
Post a Comment