ကျနော် ဖော်ပြခဲ့တဲ့ လုပ်တိုင်းမဖြစ်စိတ်မညစ်နဲ့ ဆိုတဲ့ပို့စ်မှာ အကြောင်းတရားကြောင့် အကျိုးတရားတွေဖြစ်တယ် ဆိုတဲ့အကြောင်းကို လက်ခံတတ်ဖို့.. နောက်ပြီး.. ဗုဒ္ဓဘာသာဆိုသည်မှာ ကံနဲ့ ကံရဲ့အကျိုးကိုယုံကြည်မှ ဗုဒ္ဓဘာသာ စစ်စစ်ဖြစ်တယ်လို့ ကျနော်ဖော်ပြထားပါတယ်။ ကျနော်ဖော်ပြတဲ့အထဲမှာ ကံနဲ့ ကံရဲ့အကျိုးကိုယုံကြည်ဖို့ပါပဲ။ ဒါပေမယ့် ဖြစ်သမျှအကြောင်းကို ကံကြောင့်ပါလို့တော့ ယူဆလို့မရပါဘူး။ အကြောင်းတရားကြောင့် အကျိုးတရားတွေ ဖြစ်လာတယ်ဆိုတာ အရင်ဆုံးလက်ခံတတ်ဖို့ ဖော်ပြထားတာပါ။ အခုဖော်ပြမှာကတော့ ကံကိုသာလည်း အားမကိုးရာဆိုတာပါ။ ဟုတ်ပါတယ်.. ကိုယ်က ဟိုးအရင် အတိတ်ဘ၀တွေတုန်းက ကုသိုလ်တွေ အကုသိုလ်တွေ ရောနှောပြီး လုပ်ခဲ့တဲ့အတွက် ယခုဖြစ်နေတဲ့ မျက်မှောက်ကာလမှာလည်း အကျိုးပေးရင် ကုသိုလ်ရော အကုသိုလ်ရော ရောပြီးအကျိုးပေးမှာပါ။ ကုသိုလ်လုပ်နေသော်လည်း မကောင်းကျိုးတွေ ဖြစ်ချင်ဖြစ်မယ်.. အကုသိုလ်တွေ လုပ်နေရဲ့သားနဲ့လည်း ကြီးပွားချင် ကြီးပွားနေမယ်။ ဒါကတော့ ဟိုးအရင်အတိတ်ကံတွေရဲ့ အကျိုးပေးတွေကြောင့်ပါ။ ဒီလိုဆိုရင် ကျနော်တို့က ဖြစ်နေတဲ့ ကံတွေအပေါ်မှာပဲ ကံစီမံရာကိုခံတော့မှာလား? ဆိုတာမေးစရာဖြစ်လာပါတယ်။
အရင်ဆုံး ကံစီမံရာကိုပဲ လက်ခံကြည့်လိုက်ကြရအောင်။ ဒါဆို စာမေးပွဲဖြေမဲ့အချိန်မှာ စာမကျက်ဘူး ထားပါတော့။ ကံပဲကွာ.. ဖြစ်လာသမျှ ကံ ကံရဲ့ အကျိုးပေါ့.. ကိုယ်ကကျက်လို့ရော ဘာတတ်နိုင်မှာလဲ.. ကျက်မနေတော့ပါဘူးကွာ ဆိုရင်တော့.. ဒါဟာ ကံကိုကြီးပဲ ပုံချလိုက်တာပါ။ စာမကျက်ပဲ စာမေးပွဲသွားဖြေရင်တော့ အောင်လာမှာ မဟုတ်ပါဘူး။ ဒီလိုဆိုရင်.. ကံကိုကြီးပဲ အားကိုးလို့ မရတာတော့ သေချာသွားပြီ။ ဒါဆို ဘာတွေလိုနေလည်း?? ဟုတ်ပြီ.. ကိုယ်ကဟိုးအရင်အတိတ်က အကုသိုလ်တွေလုပ်ခဲ့တာများလို့ ကံတွေမကောင်းဘူး ထားပါတော့.. ဒါဆို ကံကောင်းအောင် ကံကိုပြောင်းပြစ်ရမှာပေါ့။ ဆိုးတဲ့အကုသိုလ်ကံတွေ ကိုယ့်မှာ ဖြစ်နေတယ်ဆိုရင်တော့ ကိုယ့်ရဲ့ အရင်အတိတ်ဘ၀က ပြုခဲ့ဘူးတဲ့ အကုသိုလ်ကံတွေ အကျိုးပေးနေပြီလို့ သိလိုက်ပါ.. သိပြီဆိုတာနဲ့ အကုသိုလ်မီးတွေကို ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ ကုသိုလ်ရေတွေနဲ့ များများလောင်းပြစ်ရပါမယ်။ ဒါမှလည်း အနည်းနဲ့ အများခံနိုင်ရည်ရှိမှာပါ။ နောက်ပြီး.. ဘုရားရှင်ဟောပြဆုံးမတဲ့ စကားတစ်ခွန်းရှိပါတယ်.. စေတနာဟံ ဘိက္ခဝေ ကမ္မံဝဒါမိ တဲ့ စေတနာကို ကံ ဟုငါဘုရားဟော်တော်မူတယ် ဆိုတာပါပဲ။ ဒီလိုဆိုရင် ကျနော်တို့တွေ လုပ်နေတဲ့အလုပ်တိုင်းမှာ စေတနာကောင်းရင် ကံကောင်းမယ်ဆိုတာ သေချာသွားပြီ။ ဘယ်အလုပ်ပဲလုပ်လုပ် စေတနာကောင်းကောင်းထားဖို့ လိုအပ်ပါတယ်။ စေတနာဆိုတာ တူသောအကျိုးကို ပေးပါတယ်။ စေတနာကောင်းပြီး ကံမကောင်းတာကတော့ အလယ်ဇော ငါးချက်ကြောင့်ဆိုတာ ကျနော်ရှင်းပြပြီးသွားပါပြီ။ ကိုယ်က ကောင်းမှုကုသိုလ်တွေ လုပ်နေရဲ့သားနဲ့ အလယ်ဇော ငါးချက်ကြောင့် ဆိုးတဲ့ကံတွေကြုံလာရင်လည်း ကျနော်ပေးတဲ့ ဥပမာလေးကို သတိရလိုက်ပါ။ ဗောဓိပင်ပျိုးလို့ ခြေကျိုးရ ဗောဓိကိုင်းချိုးလို့ ရွှေအိုးရ ဆိုတဲ့အတိုင်းပါပဲ.. ကုသိုလ်လုပ်နေရဲ့သားနဲ့ စေတနာတွေကောင်းရဲ့သားနဲ့ ဆိုးကျိုးတွေပဲရနေတယ် ဆိုတာဟာလည်း အပ်ဝင်ပုဆိန်ထွက် ဆိုသမျိုးဆိုတာ သဘောပေါက်လောက်ပါပြီ။
ဒီလိုဆိုရင် ကံကြီးပဲအားကိုးလို့ မရရင် ဘာတွေလိုမလဲ? ကံကြီးပဲအားကိုးလို့ မရရင်တော့ ဥာဏ်နဲ့ ၀ရိယ ဆိုတာ ပါလာပါပြီ။ ယခုလက်ရှိအချိန်မှာ ဘယ်အလုပ်ပဲလုပ်လုပ် ကံ၊ ဥာဏ်၊ ၀ရိယ မျှတဘို့ အရေးကြီးပါတယ်။ ဒီသုံးခုတည်းက တစ်ခုခု ချို့ယွင်းနေရင်တော့ အနည်းနဲ့အများတော့ အရှုံးနဲ့ရင်ဆိုင်နေရမယ်ဆိုတာ မလွဲမသွေပါပဲ။ ကံဘယ်လောက်ကောင်းကောင်း ဥာဏ်နဲ့ ၀ရိယအားမစိုက်ရင် ဘာမှမဖြစ်လာသလို.. ဥာဏ်နဲ့ဝရိယ ဘယ်လောက်ကောင်းကောင်း ကံမပါရင်တော့ ဖြစ်တော့ဖြစ်မယ်.. ဒါပေမယ့် အောင်မြင်မှုရချင်မှ ရပါမယ်။ ဒါကိုတော့ လူတိုင်းလက်ခံမှာပါ။ ဥပမာတစ်ခုပေါ့.. တချို့တွေ စာတော်တော်ကြိုးစားတယ်.. ဒါပေမယ့် ကံမပါတဲ့အတွက် ကိုယ်စာမေးပွဲသွားဖြေမဲ့နေ့မှ ခေါင်းမူးတာတို့ ဖျားတာတို့ဖြစ်တဲ့အတွက် အမှတ်တွေနည်းသွားရတယ်။ ဒါကတော့ ဥာဏ်နဲ့ ၀ရိယကောင်းပြီး ကံမကောင်းတဲ့အတွက်ပါ။ နောက်တစ်ခုကတော့ ကံကောင်းပါတယ်.. ဒါပေမယ့် ဥာဏ်နဲ့ ၀ရိယ မစိုက်ဘူးဆိုပါတော့။ အဲ့နေ့မှာ သူက အမှတ်ကောင်းကောင်း ရမယ်.. ဒါပေမယ့် ကံကြီးပဲပုံချပြီး ဘာစာမှကြည့်မသွားတဲ့အတွက် စာမေးပွဲကျရင် ကျသွားနိုင်ပါတယ်။ နောက်တစ်ခုက ဘုရားရှင်လက်ထက်က အဇာတသတ်မင်း အကြောင်းပါ..။ အဇာတသတ် မင်းသားဟာ သူ့ရဲ့ ဖခင်ဗိမ္မိသာရမင်းကို မသတ်ခဲ့ဘူးဆိုရင် သူဟာ အဲ့ဘ၀မှာတင်ပဲ ဘုရားရှင်ရဲ့ တရားကိုနာပြီးတာနဲ့ သောတာပန် တည်ရမှာပါ။ ဒါပေမယ့် ကံတော့ကောင်းလာပြီး ဥာဏ်နဲ့ ၀ရိယမစိုက်ပဲနဲ့ အပေါင်းအသင်းဆိုး ဒေ၀ဒတ္တနဲ့ သွားပေါင်းမိတဲ့အတွက် လောဟကုမ္ဘီငရဲကို ကျခဲ့ရပါတယ်။ ဒါကတော့ ကံကောင်းပြီး ဥာဏ် နဲ့ ၀ရိယကို ကောင်းကောင်း အသုံးမချမိတဲ့ အတွက်ပါ။ ဒီလောက်ဆိုရင် အားလုံးကိုချဲ့တွေးလို့ ရလောက်ပါပြီ။ ဒီလိုဆိုရင် ကျနော်တို့တွေဟာ ဘာပဲလုပ်လုပ် ကံ၊ ဥာဏ်၊ ၀ရိယ သုံးပါး မျှတဖို့လိုတယ်ဆိုတာ ရှင်းသွားလောက်ပါပြီ။
ကံကိုကြီးသာပုံမချပဲနဲ့.. ဥာဏ်နဲ့ဝရိယစိုက်ထုတ်ပြီး ကောင်းကျိုးချမ်းသာရတဲ့ အကြောင်းအရာလေးတစ်ခု ဖော်ပြလိုပါတယ်။ သီဟိုဋ္ဌ်ရာဇ၀င်မှာ ၀သဘမင်းဆိုတာ ရှိခဲ့ဖူးပါတယ်။ ၀ဘသမင်းဟာ မင်းဖြစ်တဲ့အချိန်မှာ ဟူးရားပညာရှိတွေကိုခေါ်ပြီး သူဘယ်နှစ်နှစ်လောက် မင်းပြုရမလဲဆိုတာ တွက်ခိုင်းပါတယ်။ တွက်ချက်ပြီးတဲ့အခါမှာ (၁၂) နှစ်မင်းပြုရမယ်လို့ သိလိုက်ပါတယ်။ ဒီနောက် သူဟာ မင်းသက်ရှည်ချင်တဲ့အတွက် မင်းသက်ရှည်ကြောင်း ကုသိုလ်ကောင်းမှုတွေကို ရဟန်းသံဃာတွေဆီ မေးပါတယ်။ ဒီတော့ သံဃာတွေက ၀ဘသမင်းမြတ်.. ရေစစ်လှူပါ၊ နာမကျန်းဖြစ်တဲ့ ရဟန်းတွေကို ဆေးလှူပါ၊ ဟောင်းနွမ်းဆွေးမြေ့တဲ့ ကျောင်းဟောင်း စေတီဟောင်းတွေကို ပြုပြင်ပါ၊ ငါးပါးသီလကို နေ့စဉ်စောင့်ထိန်းပြီး ရှစ်ပါးသီလ.. ကိုးပါးသီလကို အခွင့်ရတိုင်း စောင့်ထိန်းပါဆိုပြီး မိန့်လိုက်ပါတယ်။ ၀ဘသမင်းဟာ သံဃာတော်တွေခိုင်းတဲ့အတိုင်း လိုက်ပါလုပ်ဆောင်တဲ့အတွက် (၄၄)နှစ် နန်းစံခဲ့ရပါတယ်။ ဒီအချက်မှာ အဓိကပြောချင်တာကတော့ ၀ဘသမင်းဟာ အတိတ်ကံအရ (၁၂)နှစ်ပဲ နန်းစံရမှာပါ။ ဒါပေမယ့် အတိတ်ကံကို ပစ္စုပ္ပန်ကံနဲ့ ပြုပြင်ယူလိုက်တော့ (၄၄) နှစ်တောင် နန်းစံခဲ့ရပါတယ်။ (၃၂)နှစ်တောင် ပိုပြီး နန်းစံခဲ့ရပါတယ်။ ဒါဘာ့ကြောင့်လဲဆိုတော့ ကံကြီးပဲပုံမချပဲနဲ့.. ဥာဏ်နဲ့ဝရိယပါ စိုက်ပြီး သုံးပါးလုံးညီမျှသွားတဲ့အတွက် ကောင်းကျိုး ခံစားရတာပါ။ ဒါ့ကြောင့် ကိုယ့်ကံကိုဘယ်သူမှ လာပြီးပြင်လို့မရပါဘူး.. မိမိကိုယ်တိုင်ပဲပြင်ရမယ်ဆိုတာ အားလုံးနားလည် လောက်ပါပြီ။
နောက်ဆုံးတစ်ခုကတော့ သေချင်လောက်အောင်အထိ ဆိုးနေတဲ့ကံကို ပြုပြင်တဲ့နည်းလေးပါ။ ကံတွေ ကြိုက်သလောက် ဆိုးစမ်းပါစေ.. ကုသိုလ်(၅)မျိုးနဲ့ ပြုပြင်လို့ရပါတယ်။ ကုသိုလ်ငါးမျိုးကတော့ (၁) ဒါနပြုခြင်း (၂) သီလဆောက်တည်ခြင်း (၃) ဂုဏ်တော်ပွားများခြင်း (၄) မေတ္တာပွားများခြင်း (၅) ၀ိပဿနာတရား အားထုတ်ခြင်း ပါ။ အဲ့ကုသိုလ်ငါးမျိုးကို အချိန်ရတိုင်း နေ့စဉ်သာပြုလုပ်ပေးလိုက်စမ်းပါ။ ဆိုးနေတဲ့ကံတွေဟာ တောင်းပန်ပြီးတောင် နင်နေငါသွား ဖြစ်သွားပါလိမ့်မယ်။ ကုသိုလ်ငါးမျိုးထဲမှာ အမြင့်ဆုံးကုသိုလ်ဖြစ်တဲ့ ၀ိပဿနာကုသိုလ်လည်း ပါနေတာဆိုတော့ တရားမှတ်ရင်းနဲ့တောင် အရဟတ္တမဂ် အရဟတ္တဖိုလ်ဆိုတဲ့ တရားထူးတရားမြတ်တွေရပြီး သံသရာဝဋ်ကနေတောင် ကျွတ်သွားဦးမှာပါ။ ဒါ့ကြောင့် ကံတွေဘယ်လောက်ကြီးပဲဆိုးနေပါစေ.. စိတ်မညစ်ပါနဲ့။ ကံကိုသာ အားမကိုးပဲနဲ့.. ကုသိုလ်ငါးမျိုးလုံးကို ကံ၊ ဥာဏ်၊ ၀ရိယ သုံးပါးလုံးမျှတအောင် လုပ်ဆောင်ပြီးတော့ မဂ်ဖိုလ်နိဗ္ဗာန်ကို အမြန်ဆုံးတက်လှမ်း နိုင်အောင်ကြိုးစားနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
3 ရင်ထဲရှိသမျှ ထားခဲ့ကြ:
အတိတ်ဘ၀တွေတုန်းက ကုသိုလ်တွေ အကုသိုလ်တွေ ရောနှောပြီး လုပ်ခဲ့တဲ့အတွက် ယခုဖြစ်နေတဲ့ မျက်မှောက်ကာလမှာလည်း အကျိုးပေးရင် ကုသိုလ်ရော အကုသိုလ်ရော ရောပြီးအကျိုးပေးမှာပါ။
မှတ်သားသွားရင်း---
သာဓုခေါ်ပါတယ်---
သင်္ကြန်ရေလို အေးမြပါစေ--
မြန်မာပြည်သူများ--
သာယာဝပြောပါစေ---
ငြိမ်းချမ်းကြပါစေ--
မောင်ကောင်းရေ ဖတ်ပြီးတော့ အရမ်းကိုကျေးဇူးတင်ပါတယ် ကံ၊ညဏ်၊၀ိရိယ ဆိုတဲ့စကားနဲ့ အညီဖော်ပြပေးထားတာကိုလေးစားပါတယ်.
Post a Comment