နှစ်သစ် နဲ့ သေမင်း

ဟုတ်ပါ့… ဒီနေ့ဟာ နှစ်ဆန်းတစ်ရက်နေ့ပါလား..။ အော်.. နှစ်သစ်ကူးတယ် ကူးတယ်သာပြောရတယ်.. တကယ်တော့ သေဖို့ တစ်နှစ်တစ်နှစ် ကူးနေရတာပါလား.. သံဝေဂရမိပါရဲ့။ ကဲ.. နှစ်တွေပြောင်းသလို သင်ရော ဘာတွေပြောင်းပြီလဲ?

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးခဲ့ပါပြီ..။ နှစ်သစ်ကူးတဲ့အချိန် လမ်းဆုံမှာ ခြေစုံရပ်ပြီး ဆင်ခြင် သုံးသပ်သင့်ပါတယ်။ ဘယ်လိုသုံးသပ်ရမလဲ ဆိုတော့.. နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းခွင့်ရတာဟာ နှစ်ဟောင်းမှာ ငါမသေခဲ့လို့ပဲ.. နှစ်ဟောင်းမှာ မသေခဲ့ပေမဲ့ နှစ်သစ်ကိုရောက်တာနဲ့ ငါ့ရဲ့ အသက်ဟာ တစ်နှစ်ကြီးလာပြီ၊ သေဖို့တစ်နှစ် ပိုနီးလာပြီ။ နှစ်သစ်ရဲ့ ရက်စွဲတစ်ခုခုမှာ ငါသေချင်သေသွားနိုင်တယ်။ နှစ်ဟောင်းမှာ သေခြင်းကို လွန်မြောက်ခဲ့ပေမယ့် နှစ်သစ်မှာ လွန်မြောက်ချင်မှ လွန်မြောက်မယ်ဆိုတာ အမြဲနှလုံးသွင်း သုံးသပ်နေရပါ့မယ်။ ဒါမှလည်း ကုသိုလ်ကောင်းမှုတွေ များများလုပ်ဖြစ်မှာပါ။ လူဖြစ်လာရတဲ့ ရည်ရွယ်ချက်ကိုက ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ ကုသိုလ်တွေ များများလုပ်ပြီးတော့ မဂ်ဖိုလ် နိဗ္ဗာန်ကို တက်လှမ်းနိုင်ဖို့ပါ။ ဒါပေမယ့် လူတွေဟာ ငါ နက်ဖြန်တွေ အများကြီး ကြုံရဦးမှာပဲဆိုပြီး သေမင်းကို မေ့နေကြပါတယ်။ အဲ့လိုမနက်ဖြန်တွေ အများကြီးကြုံရဦးမှာပဲဆိုပြီး သေမင်းကိုမေ့နေတာဟာ ကုသိုလ်လုပ်ဖို့ မေ့နေတာနဲ့ အတူတူပါပဲ။ သေမင်းကိုမေ့နေကြလို့ပဲ သေမင်းနဲ့ တွေ့တဲ့အချိန်မှာ မရှုနိုင် မကယ်နိုင် ဖြစ်ကြရတာပါ..။ ဒါ့ကြောင့် နှစ်တွေပြောင်းတိုင်း အချိန်တွေပြောင်းတိုင်း ကိုယ့်ကိုယ်ကိုအမြဲတမ်း မေးနေရမယ့် မေးခွန်းတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ မင်း.. သေဖို့အတွက် ဘာတွေပြင်ဆင်ပြီးပြီလဲ ဆိုတာပါ။ နှစ်တွေတိုးတိုးပြီးလာသလို မင်းရဲ့ ကုသိုလ်တွေတိုးလာပြီလား.. ဒါမှမဟုတ် အကုသိုလ်တွေပဲ တိုးနေပြီလားဆိုတာ မေးနေရပါမယ်။


တကယ်တော့ စက္ကန့်တွေ မိနစ်တွေ နာရီတွေ ဆိုတဲ့အချိန်တွေဟာ အသက်တွေပါ။ အချိန်ဆိုတာအသက်.. အသက်ဆိုတာ အချိန်ပါ။ လူအများစုဟာ အသက်ကိုတော့ တန်ဖိုးထားကြပါတယ်။ ဒါပေမယ့် အချိန်ကျတော့ တန်ဖိုးမထားကြတာ များတယ်။ ဘာလို့ တန်ဖိုးမထားရလည်းဆိုတော့ သေမှာကို မေ့နေလို့ပါ။ သေခြင်းတရားကို မေ့နေကြလို့လည်း အချိန်ကိုရတဲ့နည်းနဲ့ ဖြုန်းပြစ်နေကြတာပါ။ အချိန်ကို ဖြုန်းတယ်ဆိုတာ ကိုယ့်အသက်ကို ပြန်သတ်နေတာနဲ့ အတူတူပါပဲ။ ကိုယ်လုပ်နေတဲ့ အချိန်တိုင်းမှာ ကုသိုလ်၊ ပညာ၊ ဥစ္စာ တစ်ခုခု မရပဲ အလကားအကျိုးမရှိ ကုန်သွားတယ်ဆိုရင်တော့.. အဲ့ဒါကိုမှတ်လိုက်ပါ.. အချိန်ဖြုန်းပြီးတော့ ကိုယ့်အသက်ကို ကိုယ်ပြန်သတ်နေတယ် ဆိုတာ..။ မွေးကတည်းကနေ ယခုအချိန်ထိ ကျနော်တို့တွေ အချိန်ကို ဘယ်လိုသုံးခဲ့လည်းဆိုတာ ကိုယ့်ဘာသာ အသိဆုံးနေမှာပါ။ မွေးစကိုမကြည့်ပဲနဲ့.. ပြီးခဲ့တဲ့နှစ်ကိုပဲ ကြည့်လိုက်ပါလား.. ပြီးခဲ့တဲ့နှစ်မှာ ကိုယ့်အတွက် အကျိုးဖြစ်စေမဲ့အလုပ်တွေ.. ကုသိုလ်ရမယ့်အလုပ်တွေ.. မိမိသူတစ်ပါး အကျိုးရှိမဲ့အလုပ်တွေ ဘာတွေများလုပ်ပြီးပြီလဲဆိုတာ.. ပြန်မေးဖို့ လိုပါတယ်။ နှစ်တွေ လတွေ ရက်တွေ ပြောင်းလာတယ်ဆိုတာဟာ တကယ်တော့ သေမင်းရှိရာနေရာကို သွားနေကြတယ်ဆိုတာ လူတွေမေ့နေကြတယ်။ လှမ်းနေတဲ့ ခြေလှမ်းတွေဟာ သေမင်းဆီကိုလှမ်းနေတာပါ။ ဒီလိုဆိုရင် ကိုယ်ကသေမင်းနဲ့ရင်ဆိုင်ဖို့ ဘာတွေပြင်ပြီးပြီလဲ? ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ ရိက္ခာတွေ ဘယ်လောက် များများစုစောင်းပြီးပြီလဲ? ကျန်ခဲ့တဲ့နှစ်မှာ ကုသိုလ်တွေ ဘယ်လောက်စုစောင်းပြီးပြီလဲ? လာမယ့်နှစ်သစ်မှာရော ဘာတွေထပ်တိုးပြီး စုစောင်းဦးမှာလဲ? ဆိုတာ အမြဲတမ်းကိုယ့်ကိုယ်ကို မေးနေရပါမယ်။

နှစ်သစ်မှာ သေမင်းအကြောင်းကိုစပြီး ပြောလိုက်လို့ မဂ်လာမရှိဘူးလို့ မထင်လိုက်ပါနဲ့။ သေခြင်းတရား အကြောင်းပြောတာလောက် မင်္ဂလာရှိတာ လောကမှာ မရှိပါဘူး။ သေခြင်းတရားအကြောင်း တွေးခြင်းဟာလည်း လောကမှာ ကျက်သရေ အရှိဆုံးပါပဲ။ ဘာလို့လည်းဆိုတော့ သေခြင်းတရားကို အမှတ်ထင်ထင် သတိရနေမှာသာ မသေခင် အခိုက်အတန့်ကာလမှာ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်၊ အလုပ်သင့်အလုပ်ထိုက်ဆုံး အလုပ်တွေနဲ့ တန်ဖိုးရှိရှိ အသုံးချသွားနိုင်မှာ ဖြစ်လို့ပါ။ သေခြင်းတရားကို သတိရအောက်မေ့တာ.. သေခြင်းတရားကို ဆင်ခြင်ပွားများတာဟာ စိတ်ညစ်ဖို့ စိတ်ဓါတ်ကျဖို့ မဟုတ်ပါဘူး။ စိတ်ခိုင်ဖို့ စိတ်ဓါတ်မြင့်ဖို့ပါ။

ကျနော်တို့တွေရဲ့ မြန်မာနှစ်သစ် ကူးခဲ့ပါပြီ။ နှစ်သစ်နဲ့သေမင်းဆိုတဲ့အတိုင်းပါပဲ.. နှစ်သစ်တိုင်း နှစ်သစ်တိုင်း အမြဲတမ်းမေးနေရမယ့် စကားတစ်ခွန်းရှိပါတယ်။ နှစ်တွေ သစ်လာတာနဲ့အမျှ.. မင်းမှာရော သေမင်းကို ရင်ဆိုင်ဖို့ ဒါန၊ သီလ၊ ဘာဝနာ ဆိုတဲ့ လက်နက်အသစ်တွေ ဘယ်လောက်များ စုစောင်းပြီးပြီလဲဆိုတာပါ။ သာမညတောင် ဆရာတော်ဘုရားကြီးသြ၀ါဒလေး မှတ်မိပါရဲ့...

မနုဿ လူတို့မှာ
နေထွက်ကရှာဖွေ နေ၀င်သို့ရောက်
ကုသလနှင့် အကုသလ
ဘယ်သူက သာသည်ဟု၊
ဥာဏ်စက္ခု ပြန်၍ရှင်း၊
ထိုစာရင်း မရှင်းလျှင်၊
လောကတွင်လူမဟုတ်၊
လောကုတ်မှာ မဂ်ဖိုလ်ရှုံး၊
လူရုပ်ပျောက်ဆုံး တဲ့။

ဒီလိုဆိုရင် ကျနော်တို့တွေဟာလည်း နှစ်သစ်တွေ ပြောင်းလာခဲ့ပြီဆိုတာနဲ့အမျှ စာရင်းပြန်ရှင်းဖို့ လိုလာပါပြီ။ ကုသိုလ်နဲ့ အကုသိုလ်တွေ ဘယ်ဟာတွေပိုလုပ်ခဲ့လဲဆိုတဲ့ တစ်နှစ်စာ စာရင်းရှင်းလိုက်ပါ။ တစ်နှစ်စာစာရင်း ရှင်းပြီးပြီဆိုတာနဲ့.. လာမယ့် နှစ်သစ်မှာလည်း ကုသိုလ်တွေ တိုးသထက်တိုးအောင် စုမယ်.. သေမင်းဘယ်အချိန်ခေါ်ခေါ် ပြုံးပြုံးလေး သေနိုင်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်လေးတွေမွေးမယ်ဆိုရင်တော့ လာမယ့်နှစ်သစ်ဟာ တကယ့် မဂ်လာရှိတဲ့နှစ်သစ်လေး တစ်ခုဖြစ်မှာ မလွဲဧကန်ပါပဲ။ လာမယ့်နှစ်သစ်မှာ သေမင်းကိုပြုံပြုံးလေး ရင်ဆိုင်နိုင်ဖို့… အားလုံးပဲ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ကုသိုလ်တွေ များသထက် များအောင်စုကာ သေမင်းကို ရင်ဆိုင်ဖို့ကြိုးစားရင်း… မဂ်ဖိုလ် နိဗ္ဗာန်ကို တက်လှမ်းနိုင်အောင် ကြိုးစား အားထုတ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

4 ရင်ထဲရှိသမျှ ထားခဲ့ကြ:

saingkhantun said... / April 17, 2009 at 6:29 AM  

ဖတ်သွားတယ်ဗျာ ... ငယ်ငယ်ကရေးဖူးတဲ့ စာလေးတစ်ကြောင်းပြန်ရချင်တယ်ဗျာ ... အစဖော်လို့ကို မရတော့ဘူး။ ဘယ်လိုပြန်ရှာရမလဲ မသိဘူး။ စာကောင်း ပေမွန်တွေ ဆက်လက်ရေးသားနိုင်ပါစေဗျာ

မသက်ဇင် said... / April 18, 2009 at 5:05 PM  

ဖတ်ပါတယ်
သာဓုခေါ်ပါတယ်

အန်တီချမ်း said... / April 20, 2009 at 7:50 PM  

တီ လဲသေတတ်ဖို့ကြိုးစားနေတယ်

may16 said... / May 12, 2009 at 11:12 PM  

လူဖြစ်လာရတဲ့ ရည်ရွယ်ချက်ကိုက ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ ကုသိုလ်တွေ များများလုပ်ပြီးတော့ မဂ်ဖိုလ် နိဗ္ဗာန်ကို တက်လှမ်းနိုင်ဖို့ပါ မှန်တယ် ကိုမောင်ကောင်း မနက်ဖြန်ဆိုတာ မသေချာတဲ့အတွက် အချိန်ရတိုင်း ကုသိုလ်ရမည့်အလုပ်တွေကိုပဲ ရွေးချယ်ပြီး လုပ်သင့်ပါတယ်
တကယ်ကောင်းတဲ့ပို့စ်ပါ..

Post a Comment