တကယ်ပါ.. ဒီစကားကို ပြောချင်တာ တော်တော်ကြာခဲ့ပြီ။ ကိုဂျေဂျူဝိုင် ဘလော့မှာ မြန်မာတွေ တကယ် ယဉ်ကျေးပါသလား ဆိုတဲ့ ပိုစ့်ကို ဖတ်လိုက်ရကတည်းက စိတ်မကောင်း ဖြစ်မိတာပါ။ ခုလည်း ဂျီတော့မှာ ရေးထားတဲ့ စာလေးတွေ လိုက်ကြည့်ရင်းနဲ့ တွေ့မိလို့ စိတ်ထဲ အတော်လေး မကောင်းဖြစ်တာနဲ့ ဒီပိုစ့်ကို ရေးဖြစ်လိုက်တာပါ။ ဂျီတော့မှာ ဘာတင်ထားသလဲဆိုတော့.. အနိစ္စ အမြဲမရှိ.. ငွေ၊ ဒုက္ခ ဆင်းရဲခြင်း.. အချစ်၊ အနတ္တ အစိုးမရပါတကား.. ရည်းစား တဲ့။ နောက်တစ်ခုက အနိစ္စ.. ပထမရည်းစားကမမြဲ၊ ဒုက္ခ.. ဒုတိယရည်းစားက သောကများ၏၊ အနတ္တ.. တတိယရည်းစားက အစိုးမရပါတကား၊ သာဓု သာဓု သာဓု တဲ့..။ အင်မတန် အောက်တန်းကျတဲ့ အတွေးအခေါ်တွေပါ..။ ဘာဗုဒ္ဓဘာသာလည်း.. ဗုဒ္ဓဘာသာလို့ကို မပြောပါနဲ့။ သူတို့ အစား ကျနော် ရှက်မိတယ်။ ခု ကျနော်ပြောမယ့်အထဲမှာ ရိုင်းတာပါရင်လည်း အားလုံးကို အနူးအညွတ် တောင်းပန်ပါတယ်။
ဒါတွေက ကျနော့ ဂျီတော့ အကောင့်ထဲမှာ တွေ့ရတဲ့ စာသားလေးတွေကိုပဲ ချပြမိတာပါ။ အခြားဟာတွေလည်း ရှိချင်ရှိမှာပါ။ ဘုရားဟောတဲ့ တရားတွေကို အဲ့လိုမျိုး မြင်ရတာလောက် စိတ်ထဲမှာ မကောင်းဖြစ်မိတာ မရှိဘူး။ ဗုဒ္ဓဘာသာဝင်စစ်စစ် တစ်ယောက်ဆိုရင်လည်း အဲ့လိုမျိုး အသုံးအနှုံးကို လက်ခံနိုင်လိမ့်မယ် မထင်ပါဘူး။ ဘုရားရှင် ဒီတရားတွေကို ပါးစပ်ထဲရှိရာ လျောက်ပြောခဲ့တယ်များ သူတို့ စိတ်ထဲမှာ ထင်နေသလား။ ဒီတရားတွေဟာ အလကား ဟာတွေလို့များ ထင်နေသလား။ ကျနော်တို့ ဘုရားကို မကြည်ညိုရင်နေပါ.. မစော်ကားမိပါစေနဲ့လို့ အနူးအညွတ် တောင်းပန်ပါတယ်။ ဘုရားဟောကြားတဲ့ တရားတစ်လုံးကို စော်ကားတာဟာ ဘုရားရှင်ကို စော်ကားတာနဲ့ အတူတူပါပဲ။ ဘုရားရှင်ဟာ ဒီသစ္စာတရားတွေကို လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပါရမီ ဖြည့်ပြီးမှ ရလာခဲ့တာပါ။ ဘုရားရှင် ဟောကြားခဲ့တဲ့ တရားစာပေ တစ်လုံးတစ်လုံးဟာ ဘုရားရှင်ရဲ့ အသက်သွေးချွေးနဲ့ ရင်းခဲ့ရတယ် ဆိုရင်လည်း မှားမယ် မထင်ပါဘူး။ ဒါကို လုပ်ရက်လေတယ်။
အဲ့စာသားကို တင်ထားတဲ့ လူတွေကိုကြည့်တော့ ဗုဒ္ဓဘာသာတွေပါ။ ပြီးတော့ ပညာတတ် ဘွဲ့ရပြီးသားလူတွေ..။ ဘာသာခြားတွေတောင် ဒီလိုမျိုး မရေးဘူးလို့ ကျနော်ထင်ပါတယ်။ ကျနော် ရင်လေးမိတယ်။ ကျနော်လည်း ဘာသာရေးကို တအားကြီးသိလို့ အဲ့စကားမျိုး ပြောလိုက်တာ မဟုတ်ပါဘူး။ ကျနော်တို့ သိတယ်ဆိုတာ ဘာမှ မဟုတ်သေးပါဘူး။ ဒါပေမယ့် ကျနော်တို့ ဗုဒ္ဓဘာသာလူမျိုးတွေရဲ့ စိတ်တွေထဲမှာ အဲ့လိုမျိုး အတွေးတွေ ၀င်နေတာကိုတော့ ရှက်မိတယ်။ ဘာသာခြား တစ်ယောက်ကများ မြင်သွားရင် ဘယ်လိုလုပ်မလဲ။ ဒါက အရေးမကြီးသေးဘူး.. ဒီဟာတွေကို ဖတ်မိတဲ့ လူငယ်တွေက ဘယ်လို သဘောထားမလဲ။ ကျနော်တို့ ဘုရားရှင် ဟောကြားတဲ့ တရားစာတွေဟာ ပျက်လုံး လုပ်စရာတွေလား.. အဲ့လောက်မှ တန်ဖိုးမရှိတော့တဲ့ ဟာတွေလား.. လို့ လူငယ်တွေ ထင်သွားရင် ဘယ်လို လုပ်ကြမလဲ။ သာသနာကွယ်တယ်ဆိုတာ လူတွေရဲ့ နှလုံးသားထဲမှာ ဘုရားအဆုံးအမတွေ ပျောက်ကွယ်တာကို ပြောတာပါ။ ဘုရားအဆုံးအမတွေကို ဟာသလို လုပ်တာဟာ ဘုရားကို စော်ကားရာရောက်သလို သာသနာကိုလည်း စော်ကားရာ ရောက်ပါတယ်။ ဒါတွေကို သူတို့ တွေးမိကြရဲ့လား။ နောက်ပြီး ဂျီတော့မှာ တခြားတင်စရာတွေ အဲ့လောက်ရှားသလား? တွေးစရာတွေကတော့ အများကြီးပါ။
ဒီဟာတွေကို ရေးနေတဲ့ လူတွေဆိုတာလည်း တစ်နေ့မှာ လူငယ်တွေကို ရှေ့ဆောင်လမ်းပြ လုပ်ပြရမဲ့ လူကြီးတွေ ဖြစ်လာကြမှာပါ။ သူတို့တွေ ဘယ်လိုစိတ်မျိုးနဲ့ မျိုးဆက်သစ် လူငယ်တွေကို တရားနဲ့ ထိတွေ့အောင်.. ဘုရားရှင် ဟောကြားခဲ့တဲ့ တရားကို သက်ဝင်ယုံကြည်အောင် သူတို့တွေ ဘယ်လိုပြောကြမှာလဲ။ လူငယ်တွေ မှားတာ လုပ်နေရင်တောင် သူတို့တွေက ဘေးနားက လက်ခုတ်တီးပြီး ရယ်ပြနေမှာလား? ဗုဒ္ဓဘာသာဆိုတာ ဘယ်လို စိတ်ဓါတ်မျိုး ဘယ်လို ကိုယ်ကျင့်တရားမျိုး ထားရမယ်ဆိုတာ သူတို့တွေ ဘယ်လိုများ မျိုးဆက်သစ် လူငယ်တွေကို သွန်သင် ဆုံးမပေးကြမလဲ? ကျနော်စဉ်းစားမိတာတော့ အများကြီးပဲ။ ကျနော် ပြောချင်တာကတော့ ဒါမျိုးတွေ မရေးမိအောင် သတိထားပေးပါ။ နောက်.. ရေးတဲ့လူတွေ တွေ့ခဲ့ရင်လည်း အမုန်းခံပြီး ပြုပြင် ပြောဆိုပေးပါလို့ တိုက်တွန်းချင်ပါတယ်။
နောက်တစ်ခုက ဘုရားဟောကြားတဲ့ မေတ္တာပို့  သီချင်းကို ဒီဂျေပွတ်ပြီး ဆိုထားတာတွေရှိတယ်။ ဆရာတော်ဘုရားတွေ တရားဟောတဲ့ လေသံနဲ့ သီချင်းလုပ် ဆိုထားတာလည်း တွေ့ရတယ်။ တရားဟောသလိုလိုနဲ့ ရည်းစားစာလိုမျိုး လုပ်ဆိုထားတာလည်း ကြားဖူးမှာပါ။ အင်မတန် အောက်တန်းကျတဲ့ လုပ်ရပ်တွေပါ။ သီချင်းလုပ်ဆိုစရာ အဲ့လောက်ရှားလား? နောက်ပြီး အဲ့သီချင်းကို နားထောင်ကြည့်ပါဦးဆိုပြီး ပို့ပေးတဲ့ သူငယ်ချင်းကိုလည်း အံ့သြမိတယ်။ နားထောင်ကြည့်ပါ.. ရယ်ရတယ်တဲ့။ ဘယ်လို ပြောပြရမလဲနော်။ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် စစ်စစ် ဖြစ်ဖို့ဆိုတာကို ခဏလောက် ထားလိုက်ပါဦး။ အဲ့လိုမျိုး တရားကို သီချင်းလုပ်ဆိုတဲ့ဟာကို ရယ်ရတယ်လို့ ပြောတဲ့ လူရဲ့ စိတ်ဓါတ်မျိုးကို ကျနော်ဘယ်လို ဗုဒ္ဓဘာသာလို့ သတ်မှတ်ရမှာလဲ?။
ဒီဟာတွေဟာ ရိုးရိုးလေးကြည့်မယ်ဆိုရင် ဘာမှ မဟုတ်သလိုပါပဲနော်။ ဒါပေမယ့် သေချာ တွေးကြည့်ရင်တော့ သာသနာကို တိုက်ရိုက် ဖျက်ဆီး နေတာပါ။ သာသနာကို တိုက်ရိုက်ဖျက်ဆီးပြီး ဗုဒ္ဓဘာသာလူမျိုး ပျောက်အောင် လုပ်ဆောင်နေတယ်လို့ ပြောရင် ပိုမှန်ပါတယ်။ ရှင်းရှင်းပြောရရင် သာသနာဖျက်တွေပေါ့။ ဘာလို့လည်းဆိုတော့ ဒီစာတွေကို လူငယ်တွေ တွေ့သွားမယ်၊ ဒီသီချင်းတွေကို လူငယ်တွေ နားထောင်မိမယ်ဆိုရင်.. စဉ်းစားကြည့်ပါ။ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ်နဲ့ ပြည့်ဝတဲ့ ရဟန်းသံဃာတွေတောင်မှ ဘုရားတရားကို အထွတ်အမြတ်နဲ့ တရိုတသေ ရွတ်ဆိုရတာပါ။ လူငယ်တွေ အတွေးမှားပြီးတော့ ရယ်ရတယ်ဆိုရုံလေး.. နားထောင် ကောင်းတယ်ဆိုရုံလေးနဲ့ ဒီသီချင်းလေးတွေကို ပါးစပ်က တတွတ်တွတ်နဲ့ မလေးမစား ရွတ်နေမယ်ဆိုရင် အင်မတန်ကြောက်ဖို့ ကောင်းတယ်။ ဘုရားဆိုတာ ဘာမှန်းမသိ.. တရားဆိုတာ ဘာမှန်းမသိ.. သံဃာဆိုတာ ဘာမှန်းမသိနဲ့ ရင်လေးစရာပါ။ ဘုရား၊ တရား၊ သံဃာမှ မသိဘူးဆိုတဲ့ လူတစ်ယောက်ရဲ့ စိတ်မှာ မိဘဆိုတာလည်း သိမှာမဟုတ်သလို ဆရာဆိုတာလည်း အလကား ထင်သွားမှာပါ.. အသက်ကြီးသူကို လေးစားရိုသေရမယ်ဆိုတဲ့ စိတ်တွေလည်း မြောင်းထဲကို ရောက်သွားမှာ မလွဲပါဘူး။ ဒီလိုလုပ်နေတဲ့ လူတွေဟာ သာသနာတော်ကို တိုက်ရိုက် ဖျက်ဆီးတာတင်မကပဲ လူမျိုးကိုပါ ပျောက်သွားအောင် လုပ်နေတယ်ဆိုရင်လည်း မမှားပါဘူးနော်။
ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေကို အဖက်ဖက်ကနေပြီးတော့ တိုက်ခိုက်မှုတွေ ရှိပါတယ်။ ကိုယ်ကမှ ကိုယ့်ဘာသာ သာသနာကို မလေးစားရင် ဘယ်သူမှလာပြီး လေးစားမှာ မဟုတ်ပါဘူး။ အွန်လိုင်းပေါ်မှာ ဘာသာမတူတာတွေ စိတ်ဓါတ်အမျိုးမျိုးတွေ အယူအမျိုးမျိုးတွေ ရှိကြပါတယ်။ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်း ကိုယ်ရေးလိုက်တဲ့ စာတစ်လုံးဟာ ဘုရားကို စော်ကားမိတဲ့ စကားမျိုး မဖြစ်ဖို့ အရေးကြီးပါတယ်။ အဲ့လိုမျိုး ရေးထားတဲ့ စာသားမျိုး ပြောဆိုနေတဲ့ စကားမျိုးတွေ ရှိခဲ့ရင်လည်း အချင်းချင်း ပြောဆိုပြုပြင်ပေးဖို့ အနူးအညွတ် ပန်ကြားလိုပါတယ်။ နောက်ပြီး မသိသေးလို့ မှားတာပဲဆိုပြီး အမှန်ပြင်ပေးဖို့.. ပြောပေးဖို့လည်း တိုက်တွန်းပါတယ်။ ဘုရားရဲ့ တရားတွေကို မလေးစား မကြည်ညိုရင်နေပါ.. စော်ကားတဲ့ အပြုအမှုမျိုး လုံးဝမဖြစ်စေဖို့ အတွက် အားလုံး ၀ိုင်းဝန်း ပြုပြင်ပေးပါလို့ တိုက်တွန်း ပြောဆိုလိုပါတယ်။
ကျနော်ရေးသားထားသော ဓမ္မစာပေများမှ ဘယ်စာသားမဆို အမည်ဖော်ပြပြ မဖော်ပြပြ ကူးယူ ဖော်ပြနိုင်ပါတယ်။ ဝေဖန် အကြံပေးမှုများကိုလည်း အမြဲတမ်း လက်ခံ ကြိုဆိုလျက်ပါ။

8 ရင်ထဲရှိသမျှ ထားခဲ့ကြ:
ကိုမောင်ကောင်းထောက်ပြတဲ့ အချက်လေးတွေကို လိုက်နာပြီး ပြုပြင်သင့်ပါတယ် အားလုံး ဒီပို့စ်လေးကို ဖတ်မိပါစေလို့ဆုတောင်းပါတယ် လက်လှမ်းမှီသလောက်ကိုလည်း မျှဝေလိုက်ပါမယ်ရှင်
ကိုမောင်ကောင်းစိတ်ချမ်းသာကိုယ်ကျန်းမာပါစေရှင်
Comment Box ကိုပြင်ပေးတာလည်းကျေးဇူးတင်ပါတယ်ရှင်
မောင်လေးရေ စာတွေလာဖတ်ရင်းသာဓုခေါ်ပါတယ်နော်။ သာသနာအကျိုးပြုစာများ ဒီထက်ပိုမိုရေးသားနိုင်ပါစေ။
ခင်မင်စွာဖြင့်
အစ်မညခင်း
အမလည်းနောက်ပြောင်တတ်တဲ့သူတစ်ယောက်ပါ။ဒါပေမဲ့ ရတနာသုံးပါးကိုတော့မနောက်သင့်ပါဘူး။ ဗုဒ္ဓဘာသာ တစ်ယောက်အနေနဲ့ လေးစားရမှာပါ။ ခုလိုလူတွေကြောင့်သာသနာကွယ်မယ်ထင်ပါရဲ့ ။
copy ကူးပြီးဖြန့်ဝေလိုက်ပါမယ်။
အခုလိုရေးသားပေးတဲ့အတွက်ကျေးဇူးပါ။ အဆင်ပြေပါစေ။
အကို သံဝေဂဉာဏ်တွေရဲ့ တွန်အားကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပာဒ် ဒေသနာတရားတော်တွေကို နာကြားပြီးတဲ့နောက်မှာ မိမိ၏ အတိတ်ကာလကို ဆင်ခြင်မိပါတယ်..ပြီးတော့ ပတ်ဝန်းကျင်မှာ ပြောနေကြတာတွေကို ဆင်ခြင်ကြည့်မိပါတယ်.. အဲဒီတုံးကလည်း အစ်ကိုနာ့မှာ မခံချိမခံသာ စကားလုံးတွေ ကြားခဲ့ရပါတယ်..အမှန်တော့ အဲဒီစကားလုံး အသုံးနှုန်းတွေကို အကိုလည်း အတိတ်ကာလ အသိမဝင်ခင် ပြောခဲ့ပါတယ်...အခု အသိဝင်ပြီးမှာ အများကိုလည်း မဟုတ်တာလျှောက်ပြောပြီး မိမိအတွက်လည်း အကျိုးယုတ်..အများအတွက်လည်း အကျိုးယုတ် စကားတွေ မပြောဖို့ တိုက်တွန်းခဲ့ပါတယ်..အဲဒီလို တိုက်တွန်းတော့ တစ်ချို့က ရယ်တယ်... ရယ်တော့ အကိုက စိတ်မောရတယ်..အဲဒါက အကို ဉာဏ်မတင် မဆင်ခြင်လို့ အကို စိတ်မောရတာ..နောက်တော့ ပြောချင်တဲ့ စေတနာတွေကို ဆင်ခြင်ရင်းနှင့်ပဲ ဒီလူကို ပြောသင့် မပြောသင့်အားဖြင့် နည်းနည်းနားလည်သဘောပေါက်လာတယ်.. အကို့ရဲ့ အတွေ့အကြုံလေးကို နည်းနည်းပြောပြတာပါနော... အကို အဲဒီတုံးက ကဗျာတစ်ပုဒ် ရေးခဲ့ဖူးပါတယ်...
မဟုတ်တာ လျှောက်မပြောကြပါနဲ့
ကိုယ်ပြောစကား မနောမမိ
သတိမကူတော့ ပေါ့လျော့လွဲမှား
တစ်ပါးသူအတွက်ပါ ထပ်ကာမှားရသည်…
ဤအရေးဖြင့် အပယ်ကျနှင့်ပြီ
အလီလီပြောလည်း အသိထဲမရောက်
တောက်လျောက်မှားလျက် စွဲကျင့်ထပ်ပါ
သူ့အရေးမှာဖြင့် ခက်ရချေမည် …
ဤအရေး မျှော်တွေးလျက်
တစ်ချက်ကလေး ပြောပါရစေ…
ပြောမဲ့စကား လွှားခနဲမထွက်နဲ့
ဉာဏ်ဖြင့်သုံးသပ် အပ်စပ်ဆင်ခြင်
ပြင်သုံးပြောကြား သုံးနှုန်းငြားသော်
ရပ်ဆော်စကား အကျိုးများမည်
မိမိသည်လည်း တွေးမှန်မြင်မှန်
အကြံမှန်ဖြင့် လမ်းမှန်ပေါ်သို့ရောက်ရသည်...
ဝင်းမြင့်
(၂၀-၄-၂၀၀၈)
ညီရေ .. ဗုဒ္ဓဟောကြား တရားစာများ လာဖတ်သွားပါတယ် ။ တကယ်ကို တန်းဖိုးရှိတဲ့ ပို့စ့်တွေပါ ။ ဆက်လက် ဝေမျှနိုင်ပါစေ ။
ခင်မင်စွာဖြင့်
မနောသား
ဟုတ်ပါတယ် မောင်ကောင်းရေ့.. မက်မက်တို့ ဂျီတော့ခ်က သူငယ်ချင်းတစ်ချို့ မှာလဲ အဲလိုစာသားလေးတွေကို တွေ့နေမြင်နေရပါတယ်... ဒါပေမယ့် အခု မောင်ကောင်းလို သူတို့ကို သတိပေး ဆုံးမဖို့ မလုပ်မိခဲ့ပါဘူး...အခုတော့ မောင်ကောင်းစာပေလေးတွေကို ဖတ်ရတော့ ကိုယ်ကိုတိုင်လဲ အဲလိုမျိုးထဲမှာ မပါဖို့နဲ့ သူများတွေကို မလုပ်မိဖို့ တိုက်တွန်းလို့ရတဲ့ အတွက် ကျေးဇူးပါနော်...
သတိပြုဆင်ခြင်နိုင်တာပေါ့...
Pali is just a language. If someone is using this sacred Language or any other language to insult someone or some religion, it is considered breaking the rules of mankind. But if someone is using to express his feeling in certain way by using any language without insulting anyone or anything, what he or she has done is nothing wrong.
Please do not restrict others' freedom. You have to differentiate the meaning and the language.
Post a Comment