အလုပ်သင့်ဆုံးအလုပ်

လူဖြစ်လာရတဲ့ ရည်ရွယ်ချက်က ဘာလည်း? ဒီအချက်ကိုတော့ လူတွေ အများစု မေ့နေတတ်ကြပါတယ်။ လူဖြစ်လာတာဟာ ပိုက်ဆံ ချမ်းသာဖို့လား? အာဏာပါဝါ ကြီးမားဖို့လား? ထင်ရှား ကျော်ကြားဖို့လား? ဆိုတဲ့ မေးစရာ မေးခွန်းတွေ အများကြီး ရှိလာပါတယ်။ ဘာအတွက် လူဖြစ်လာတာလည်း? လူဖြစ်လာရတဲ့ ရည်ရွယ်ချက်ကတော့ ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ ကုသိုလ်တရားတွေ များသထက် များအောင်စုပြီး မဂ်ဖိုလ် နိဗ္ဗာန်ကို တက်လှမ်း နိုင်ဖို့ပါ။ ဒီအချက်ကို ကျွန်တော် ဘာလို့ ထပ်တလဲလဲ ပြောရလည်းဆိုတော့ ပန်းတိုင်ပျောက်ပြီး လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်တွေ မေ့ပြီးတော့ မလုပ်သင့် မလုပ်ထိုက်တဲ့ အလုပ်တွေ လုပ်နေရင်း ဘ၀ကို အချီးအနှီး အသုံးချသွားမှာ ဆိုးလို့ပါ။ ဒါဆို ကျနော်တို့တွေ ဘယ်အလုပ်ကို အဓိက အလုပ်သင့်ဆုံးလို့ ထင်ပါသလဲ?

ခုဖော်ပြမဲ့ အကြောင်းအရာကတော့ ကျွန်နော့ဘက်က အယူအဆလေးပါ..။ လူတိုင်း လူတိုင်းမှာ ကိုယ့်ခံယူချက် ကိုယ့်အတွေးအခေါ်လေးတွေ ရှိကြပါတယ်။ ကိုယ်လုပ်နေတာကိုမှ အမှန်ဆိုပြီးတော့ တဖက်သတ် အယူဝါဒနဲ့ သူများ လုပ်နေတာကို မကောင်းဘူးလို့ သွားရောက် ပိတ်ပင် ပြောဆိုလို့ မရပါဘူး။ ဆေးလိပ်သောက်တာ ကြိုက်နေတဲ့ လူတစ်ယောက်ကို သွားပြီး ဆေးလိပ်သောက်တာ မကောင်းဘူးလို့ သွားပြောရင် သူ့ဘက်က လက်ခံနိုင်ပေမယ့် စွန့်လွှတ်ဖို့ ခက်ခဲသလိုပါပဲ.. ကောင်းတာကို ကောင်းမှန်းသိပေမယ့် မလုပ်နိုင်သေးတဲ့ လူတွေကိုသွားပြီး မင်းတို့က လူမိုက်တွေပါလို့ ပြောလို့ မရပါဘူး။ သူ့မှာလည်း သူ့ခံယူချက်နဲ့သူ ရှိမှာပါပဲ။ ခု ကျနော်ဖော်ပြမဲ့ အထဲမှာလည်း ကိုယ်နဲ့ မကိုက်ရင်တော့ ပယ်နိုင်ပါတယ်။ ကျွန်တော် ပြောနေတာကိုမှ အမှန်ပါလို့ မပြောလိုပါဘူး။ ကိုယ့်စိတ်နဲ့ကိုယ် ကောင်းတာရှိရင် ယူပါ.. မကောင်းတာ တွေ့ရင်တော့ ပယ်လိုက်နိုင်ပါတယ်။

ကျွန်တော့အနေနဲ့ကတော့ အလုပ်သင့်ဆုံး အလုပ်က တရားနာဖို့လို့ ပြောချင်ပါတယ်။ ကုသိုလ် အကုသိုလ်သိအောင်.. ဒါန ပြုတတ်အောင်၊ သီလ ဆောက်တည်တတ်အောင်၊ ၀ိပဿနာ ဘာဝနာ ပွားများတတ်အောင် တရားနာဖို့ဟာ အဓိက အကြောင်းအရင်းပါပဲ။ အပင်တစ်ပင် ရှင်သန်ကြီးထွားဖို့ ရေလောင်းပေါင်းသင် ပေးရသလိုပါပဲ.. တရားနာတယ်ဆိုတာ တကယ်တော့ ကိုယ့်ရင်ထဲမှာ ရှိနေတဲ့ ကိလေသာ အညစ်အကြေးတွေ ဆေးကြောဖို့အတွက် ရေဖြည့်ပေးနေတာနဲ့ အတူတူပါပဲ။ ဟောကြားတဲ့ တရားအတိုင်း လိုက်နာ ကျင့်ကြံနေတာဟာ တရား အားထုတ်နေတာပါပဲ။ တရားအားထုတ်ဖို့ အဓိကအရင်ဆုံး လုပ်ဆောင်ရမဲ့ အလုပ်ဟာ တရားနာဖို့ပါ။ တရားမနာပဲ တရားထူး ရသွားတဲ့ သူရယ်လို့ ဘုရားရှင်နဲ့ ပစ္စေကဗုဒ္ဓ မှတပါး မည်သူမျှ မရှိပါဘူး

လူအများစုဟာ အသက်အရွယ်နဲ့ ကန့်သတ်ပြီးတော့ တရားအလုပ်ကို ကိုယ်နဲ့ မဆိုင်သလိုနေကြတာ များပါတယ်။ ငါ့အသက်က ငယ်ငယ်လေး ရှိသေးတယ်.. တရားနဲ့က ဘာမှ မဆိုင်သေးဘူး။ တရားဆိုတာ အသက်ကြီးမှ လုပ်ရတဲ့ အရာပဲ.. ငါတို့ အလုပ် မဟုတ်ဘူး.. ဘုန်းကြီးတွေ အလုပ်ဆိုပြီး ထင်နေကြတဲ့ လူတွေ အများကြီး ရှိပါတယ်။ တချို့က ရှိပါသေးတယ်။ အားမှ တရားအားထုတ်မယ် ဆိုတဲ့ အချက်ပါ။ သေသွားတဲ့ လူတွေအားလုံး ဘယ်သူမှ အားလို့ သေသွားတဲ့ လူရယ်လို့ မရှိပါဘူး။ မအားတဲ့ကြားကဘဲ မသွားချင်ဘဲနဲ့ သေသွားကြရတာပါ။ ပြီးတော့ အသက်ငယ်သေးလို့ သေမင်းက ခဏစောင့်နေတာလည်း မရှိပါဘူး.. သူခေါ်ချင်တဲ့ အချိန် ခေါ်မှာပါ။ သေခါနီး အချိန်ကျမှ တရားအသိမရှိတော့ ခြေမကိုင်မိ လက်မကိုင်မိနဲ့ အားကိုးစရာမရှိ မဲ့သေ သေသွားကြရတာတွေလည်း အများကြီးပါ။ တရားအလုပ်ကို မလုပ်ချင်တာဟာ သေရမယ့် အချိန်ကို မေ့နေလို့ပါ။ ကျွန်နော့်ရဲ့ ဆိုလိုရင်းက သေရမှာကို ကြိုတွေးပြီး ကြောက်နေဖို့ မဟုတ်ဘူးနော်။ လျောက်လှမ်းနေတဲ့ လူ့ဘ၀လမ်းခရီးမှာ နေတတ်ဖို့.. နောက်.. သေဖို့အတွက် ကြိုတင်ပြင်ဆင်ဖို့.. သေမင်းကို ရဲရဲရင့်ရင့် ရင်ဆိုင်မဲ့ စိတ်ဓါတ် ခွန်အားတွေ ရှိဖို့ကို ပြောလိုတာပါ။

တရားအလုပ် လုပ်တယ်ဆိုရင်ပဲ ဘယ်လို ထင်ကြလဲဆိုတော့ အကုန်လုံးကို ရှောင်ခွာပြီးတော့ ရိပ်သာဝင်မှ တရားအားထုတ်တယ် ထင်ကြပါတယ်။ နောက် ဘုရားခန်းထဲသွားပြီး တရားထိုင်မှ.. ဘုန်းကြီးကျောင်းသွားပြီး ပုတီးလေးကိုင် ဥပုသ် သွားစောင့်မှ တရားအားထုတ်တယ် ထင်ကြပါတယ်။ တရားအားထုတ်ရင်ပဲ ဘုန်းကြီးဝတ်မှ တရား အားထုတ်ရမယ်လို့ ထင်ကြတဲ့ သူတွေလည်း ရှိပါတယ်။ ဒီလို ထင်တာတွေဟာ တရားအားထုတ်တာကို ကန့်သတ် လိုက်သလို ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘုရားရှင်ရဲ့ တရားတော်တွေဟာ အခြေအနေမရွေး အချိန်အခါမရွေး အားထုတ်လို့ ရပါတယ်။ လွတ်လပ်တယ်.. တရားမျှတတယ်.. ကြောက်လန့်ခြင်း ကင်းပါတယ်။ တရားအားထုတ်တာကို အကန့်အသတ်ကြီးနဲ့ မလွတ်မလပ် အားထုတ်နေပြီ ဆိုရင်တော့ တရားအားထုတ်တဲ့ နည်းလမ်းဟာ မှားနေပါပြီ။

ဒါ့ကြောင့် နည်းလမ်းမမှားအောင် တရားအလုပ် လုပ်တော့မယ်ဆိုရင် အရင်ဆုံး တရား နာရပါမယ်။ တရားနာတယ် ဆိုတာဟာ တရား အားထုတ်နေတာပါ။ တရားဆိုတာ ထိုင်မှ အားထုတ်လို့ရတဲ့ အရာမဟုတ်ပါဘူး။ တရားထိုင်တဲ့ လူတွေကို မကောင်းဘူးလို့ ပြောတာမဟုတ်ပါဘူး။ ထိုင်မှ တရားအားထုတ်နေတယ်လို့ ထင်နေတဲ့ အတွေးတွေ မ၀င်အောင်လို့ပါ။ တရားနာပြီးတော့ မိမိရဲ့ စိတ်ကလေးကို ဖြူစင်အောင် ဘုရားရှင် ဟောကြားတဲ့ ဆုံးမစကားတွေ အတိုင်း လိုက်နာကျင့်ကြံ နေထိုင်နေတာဟာလည်း တရားအားထုတ်တာပါပဲ။ နောက်တစ်ချက်က တရားနာတော့မယ် ဆိုရင်း ဆရာကောင်းကို ရှာဖွေရပါမယ်။ သောတာပန်ဖြစ်ဖို့ အရင်ဆုံး အချက် နှစ်ချက်မှာ (၁) သူတော်သူမြတ် ဆည်းကပ်ရမယ်၊ (၂) သူမြတ် တရား နာကြားရမယ်တဲ့။ ဒါဆိုရင် တရားအားထုတ်ဖို့ အရင်ဆုံး လုပ်ဆောင်ရမှာက သူတော်သူမြတ်ကို ဆည်းကပ်ရမယ် နောက် သူမြတ်တရားကို နာကြားရမယ်ဆိုတာပါ။ သူတော်သူမြတ်ကို ဘယ်လို ဆည်းကပ်ရမလဲ ဆိုတော့ ဆရာတော်ဘုရားတွေ ဟောကြားလိုက်တဲ့ တရားများဟာ ကိလေသာဘေး၊ စိတ်ဆင်းရဲခြင်းဘေး၊ ကိုယ်ဆင်းရဲခြင်းဘေး၊ အပါယ်ဘေးတွေ လွတ်ကင်းနိုင်လား.. နောက်ပြီး ဒီတရားကို နာလိုက်ရလို့ လောဘ၊ ဒေါသ၊ မောဟ တွေ လျော့နည်းသွားလားဆိုတဲ့ အချက်တွေနဲ့ တိုက်ကြည့်ရပါမယ်။ နောက်.. ဆရာအစွဲ မထားပဲနဲ့ ဆရာတော်များ ဟောကြားတဲ့ တရားအားလုံးကို ဗုဒ္ဓကိုယ်တွေ့ ပိဋိကတ်တော်များနဲ့ မိမိကိုယ်တိုင် ဝေဖန်ပိုင်းခြားစီစစ်ပြီး နာကြားရပါမယ်။

ဘုရားရှင်ရဲ့ တရားတွေဟာ လောကီလူ့ဘောင်မှာနေရင်း အားထုတ်လို့ရတဲ့ အရာတွေပါ။ ဘုရားရှင်ကလည်း မင်းတို့ရှာနေတဲ့ စီးပွားတွေရပ်.. ပညာတွေလည်း ရှာမနေနဲ့.. အလုပ်တွေလည်း လုပ်မနေနဲ့ ဆိုပြီး တားမြစ်ပိတ်ပင်ခြင်း မပြုလုပ်ခဲ့ပါဘူး။ ဘုရားရှင် ဆုံးမခဲ့တာက ဓမ္မကိုမမေ့ဖို့.. နောက် ဓမ္မနဲ့ ဘ၀ကို တည်ဆောက်ဖို့.. အနေတတ်ဖို့ အသေတတ်ဖို့ နဲ့ မဂ်ဖိုလ်ရကြောင်း နည်းလမ်းပေါင်းများစွာ သွန်သင်ဆုံးမ ပောာကြားခဲ့တာပါ။ ဘုရားရှင်ရဲ့ တရားတွေဟာ ဘယ်နေရာမှာမဆို အသုံးပြုနိုင်တဲ့ တရားတွေပါ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးစတဲ့ နေရာတွေ အားလုံးမှာ အကောင်းမွန်ဆုံး လုပ်ဆောင်နိုင်ရန် နည်းလမ်းတွေကို ချမှတ်ပေးခဲ့တယ် ဆိုရင်လည်း မမှားနိုင်ပါဘူး။

ဘာလို့ တရားနာတဲ့ အချက်ကို အလုပ်သင့်ဆုံးအလုပ်လို့ ပြောရလဲဆိုတော့ တရားသိမှ တရားရှိမှာပါ.. တရားရှိမှ တရားကျင့်လို့ရမှာပါ..။ အရင်ဆုံး မိမိရဲ့စိတ်မှာ ဘုရား၊ တရား၊ သံဃာ၊ ကံနဲ့ ကံရဲ့အကျိုးကို ယုံကြည်ဖို့အတွက် တရားအရင်ဆုံး နာရပါမယ်။ တရားနာတယ်ဆိုတာ ဥပမာပေးရရင် မဂ်ဖိုလ် နိဗ္ဗာန်တက်လှမ်းမဲ့ လူတစ်ယောက်ကို ခြေထောက် မျက်စိ တပ်ပေးသလိုပါပဲ။ ကိုယ်သွားမယ့်လမ်းကြောင်း ကိုယ့်ရဲ့ရှေ့မှာရှိမဲ့ အခက်အခဲ ဆူးညောင့်ခလုတ်တွေကို ဖယ်ရှားရှင်းလင်းဖို့ပါ။ ခြေထောက်နဲ့ မျက်စိပါမှလည်း ကိုယ်ရောက်ချင်တဲ့ ပန်းတိုင် ကိုယ်သွားရမဲ့ခရီးကို အခက်အခဲ အတားအဆီးမရှိ ခရီးပေါက်အောင် သွားနိုင်မှာ ဖြစ်ပါတယ်။ နောက်ဆုံး သေခါနီးအချိန်မှာလည်း ကိုယ့်မှာ အားကိုးစရာဆိုလို့ တရားကပေးတဲ့ အသိပဲရှိမှာပါ။ ဒါ့ကြောင့် ကိုယ်လျောက်လှမ်းနေတဲ့ ဘ၀လမ်းကြောင်းမှာ ဘုရားရှင် ဟောကြားတဲ့ တရားများကို နှလုံးသားမှာ ဘုရားတည်ထားသလို လိုက်နာကျင့်ကြံနိုင်ပြီး.. နာတဲ့အတိုင်းလည်းသိ.. သိတဲ့ အတိုင်းလည်း ကြိုးစား အားထုတ်နိုင်ကြပါစေလို့ ဆန္ဒပြု ဆုတောင်း လိုက်ပါတယ်။

6 ရင်ထဲရှိသမျှ ထားခဲ့ကြ:

flowerpoem said... / May 27, 2009 at 12:16 AM  

မောင်ကောင်းရေ အသက်ငယ်တယ်ကြီးတယ်မဟုတ်ဘူးနော် အသက်ကြီးမှ တရားအားထုတ်မယ်ဆိုတာလည်းမှားတယ်. ခုအချိန်နဲ့ခဏနေနဲ့တောင် တူတာမှမဟုတ်တာ. နော် အချိန်တိုင်းဟာ တရားကိုမမေ့လျော့အပ်ဘူးလို့ထင်ပါတယ်
စာကောင်းတွေကို မျှဝေပေးတာကျေးဇူးပါ မောင်လေးမောင်ကောင်း

မနောသား said... / May 27, 2009 at 6:08 AM  

ညီလေးရေ .. တရာဓမ္မစာများကို လာရောက် ဖတ်ရှု့ မှတ်သားသွားပါတယ်။ သာသနာ့ အကျိုးကို ဒီ့ထက်မက ဆက်လက် သယ်ပိုးနိုင်ပါစေ ..။

ခင်မင်စွာဖြင့်

မနောသား

thawzin said... / May 28, 2009 at 2:11 PM  

ဟုတ်ပါဗျာ ကိုကောင်းရာ
လောကနီတိ ဆိုစကားကိုတော့ဆန့်ကျင်သင့်ရင် ဆန်ကျင်ရမှာပဲဗျို့
ပ-အရွယ် ပညာရှာနေလို့လဲ မသေနိုင်ဘူးဘယ်သူပြောလဲ၊
ဒု-အရွယ် ဥစ္စာရှာတုန်းလဲ သေနိုင်တာပဲ
တ-အရွယ် တရားရှာမယ်ဆိုလဲ ဒီလောက်ကြာအောင် ဖြတ်သန်းလာတဲ့ မိမိသက်ဆိုင်တဲ့ အပါယ်ဖော်တွေက များသာဗျာ.. သေရင် အဲဒီသံယောဇဉ်တွေက ဆွဲချမှာပဲ
ဖြစ်နိုင်ရင်တော့ ကိလေသာကင်းစင်တဲ့ ငယ်ငယ်ရွယ်ကတည်းက တရားသိနိုင်ရင် အကောင်းဆုံးပေါ့ဗျာ တရားနာဖို့လဲ အားလုံးတိုက်တွန်းပါတယ် .....
“စိတ်သွားတိုင်းကိုယ်ပါပါစေ”တဲ့.. စိတ်သွားတိုင်းကိုယ်ပါနေလို့ ဒီ ၃၁ ဘုံက မလွတ်တာပေါ့ဗျာ.... စိတ်သွားတိုင်းလဲ ကိုယ်မပါစေပဲနဲ့ ဗိုလ်ငါးပါဦးစီသော စိတ်လေးသွားရာ ကိုယ်ပါနိုင်ကြပါစေလို့

ညခင်း နှင့် လမင်း said... / May 28, 2009 at 7:24 PM  

မြတ်စွာဘုရားရဲ့တရားတော်တွေကို နာကြားခြင်းမှ သည် အားထုတ်သည့်အပိုင်းသို့ရောက်အောင် ၊ အသေမ ဦးမီ ဥာဏ်ဦးအောင် ကျိုးစားရမယ် ဆိုတာ
ဒီပိုစ့်လေးကိုဖတ်ရခြင်းဖြင့် အသိတရားလေး ရရှိပါတယ်။

khon said... / May 30, 2009 at 6:29 AM  

ကြိုက်လို.ကူး ပြီး ဖြန်.လိုက်ပါအုန်း မယ် ကျေးဇူးပဲ နော်

ရွှေပြည်သူ said... / May 30, 2009 at 6:42 AM  

အသိဥာဏ်အလင်းပေးတဲ့ ပို့စ်အတွက် ကျေးဇူးအထူးတင်ပါတယ် မောင်လေး...

Post a Comment