ဆရာကောင်းကိုရှာဖွေတတ်ပါစေ

ကျွန်တော်ရေးထားတဲ့ အလုပ်သင့်ဆုံးအလုပ်ဆိုတဲ့ ပိုစ့်မှာ တရားနာဖို့ကို အရေးကြီးဆုံးဆိုပြီးတော့ ဖော်ပြထားပါတယ်။ ဒီတော့ တရားနာရုံနဲ့ ပြီးပြီလားဆိုတာ မေးစရာ ရှိလာပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘုရားရှင်ရဲ့ ၀ါဒဟာ ဝေဖန်ပိုင်းခြားတဲ့ ၀ါဒပါ။ ဘုရားရှင်က ကာလာမသုတ်မှာ ဟောထားပါတယ်။ ကာလာမတို့ ဘယ်သူပြောပြော ဟုတ်တယ် မှန်တယ်ဟု မထင်မှတ်ယူကြနဲ့.. ဤအကျင့်တွေသည် ကောင်းလည်းမကောင်း အပြစ်လည်းမကင်း၊ ပညာရှိတို့ ကဲ့ရဲ့စရာလည်း ဖြစ်၏၊ ထိုထိုအကျင့်အကြံ အလုပ်အကိုင်ကို ပြုလိုက်လျှင် စီးပွားမဲ့ ဒုက္ခရောက်ဖို့ ဖြစ်၏ဟု ကိုယ်တိုင် နားလည်သောအခါ ထိုအကျင့် ထိုအပြုအမူများကို စွန့်လိုက်ကြ၊ စီးပွားတိုးတက်၍ သုခရဖို့ အကျင့်များဟု ကိုယ်တိုင် နားလည်ထားသော အကျင့်အကြံများကိုသာ လိုက်နာ ပြုကျင့်ကြပါ တဲ့။ ဘုရားရှင်က သူပြောတာတောင် အမှန်လို့ အတင်း မမှတ်ယူနဲ့လို့ ဆိုလိုတဲ့ သဘောပါ။ ကိုယ်ပိုင် အသိဥာဏ်နဲ့ ဝေဖန်ပိုင်ခြားပြီးမှ ယုံပါတဲ့။ ဘယ်လောက် ကြည်ညိုဖို့ ကောင်းလိုက်ပါသလဲ။ ဒီလိုဆိုရင် ကျွန်တော်တို့တွေဟာလည်း တရားတွေ နာတဲ့အခါမှာ ဝေဖန်ပိုင်ခြား စီစစ်ပြီး နာကြားမှ ဘုရားစကား နားထောင်ရာ ရောက်မှာပါ။ ဒီဆရာတော်ကတော့ နာမည်ကြီးတယ်၊ ကျော်ကြားတယ်၊ လူအများစု ကိုးကွယ်နေတဲ့ ဆရာတော်လည်းဖြစ်တယ်၊ နောက် ဘွဲ့ထူးဂုဏ်ထူးတွေလည်း ရထားတယ် ဆိုပြီး ယုံကြည် ကိုးကွယ်လို့ မရပါဘူး။ ဒီလိုဆိုရင် ဘယ်အချက်တွေနဲ့ စီစစ်ရွေးချယ်ပြီး ဆရာကို ကိုးကွယ်ရမှာလဲ?

ဆရာကောင်းဆိုတာ မိတ်ဆွေကောင်းနဲ့လည်း အတူတူပါပဲ။ ဘုရားရှင်က ဟောပြဆုံးမခဲ့ပါတယ်။ မိတ်ဆွေကောင်းကို မှီဝဲဆည်းကပ် ကိုးကွယ်မယ် ဆိုရင် အလုံးစုံ အောင်မြင်တယ်တဲ့။ ဒီလိုဆိုရင် မိတ်ဆွေယုတ်ကို ဆည်းကပ် ကိုးကွယ်မိမယ်ဆိုရင်တော့ အလုံးစုံ ကျဆုံးမယ်ဆိုတဲ့ သဘောပေါ့။ ဒါဆို ဘယ်အချက်တွေနဲ့ ဆရာကောင်းကို ရွေးချယ်ရမလဲ? ဆရာကောင်း အင်္ဂါ(၇)ချက်နဲ့ တိုက်ပြီးတော့ ဆည်းကပ် ကိုးကွယ်ရပါ့မယ်။ (၁) ရိုသေထိုက်တဲ့ ဂုဏ်ရှိရမယ် (၂) ချစ်ခင်ထိုက်တဲ့ ဂုဏ်ရှိရမယ် (၃) ချီးမွမ်းထိုက်တဲ့ ဂုဏ်ရှိရမယ် (၄) လွဲမှားနေရင် ဆုံးမတတ်တဲ့ ဂုဏ်ရှိရမယ် (၅) မိမိတို့ မေးသမျှကိုလည်း ဖြေဆိုနိုင်စွမ်း ရှိရမယ် (၆) နက်နဲတဲ့ မဂ်ဥာဏ် ဖိုလ်ဥာဏ်ရကြောင်း သစ္စာတရားများကိုလည်း ဟောပြနိုင်စွမ်း ရှိရမယ် (၇) အကျိုးနည်းတဲ့နေရာ မညွှန်ပြပဲ အကျိုးများတဲ့ နေရာ ညွှန်ပြနိုင်ရမယ် ဆိုတဲ့ အချက်(၇)ချက်နဲ့ တိုက်ပြီးတော့ ဆည်းကပ် ကိုးကွယ် ရပါမယ်။

အထက်ဖော်ပြပါ (၇)ချက်မှာ အပေါ်ဆုံး(၃)ချက်ကို သင်္ဂဟတရား(၄)ပါးနဲ့ တိုက်ပြီးတော့ ရွေးချယ် ဆည်းကပ် ကိုးကွယ်ရပါမယ်။ သင်္ဂဟတရား(၄)ပါးကတော့ (၁) ဒါနပြုတဲ့ ပုဂ္ဂိုလ် (လောဘနည်းတဲ့ ပုဂ္ဂိုလ်) ဖြစ်ရမယ်၊ (၂) ချစ်ဖွယ်စကားဆိုတဲ့ ပုဂ္ဂိုလ် (ဒေါသနည်းတဲ့ ပုဂ္ဂိုလ်) ဖြစ်ရမယ် (၃) မိမိ သူတစ်ပါး အကျိုးကို တကယ် ကျင့်တဲ့ ပုဂ္ဂိုလ် ဖြစ်ရမယ်၊ (၄) တန်းတူ ဆက်ဆံ တတ်တဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ် ဆိုတဲ့ အချက်(၄)ချက်နဲ့ တိုက်ပြီးတော့ ဆည်းကပ် ကိုးကွယ်ရပါမယ်။ အပေါ်ဆုံးနံပါတ်(၄) အချက်ကတော့ အရေးကြီးပါတယ်.. လွဲမှားနေရင် ဆုံးမတတ်တဲ့ဂုဏ် ရှိရမယ်ဆိုတဲ့ အချက်ပါ။ မိမိ မဟုတ်တာလုပ်တာကို အလိုက်သင့် မသိချင်ယောင်ဆောင်ပြီး မဆုံးမဘူး ဆိုရင်တော့ ဆက်ပြီး မကိုးကွယ် သင့်တော့ပါဘူး။ ဘာလို့လည်းဆိုတော့ လွဲမှားနေရင် အမုန်းခံပြီး ဆုံးမပေးတဲ့ဆရာမှ ကိုယ့်ကို တကယ့် လမ်းကြောင်းမှန်ပေါ် ရောက်အောင် ပို့ဆောင်ပေးတဲ့ ဆရာတော် ဖြစ်မှာမို့လို့ပါ။ ကိုယ်လွဲမှားနေတာကို မဆုံးမဘူးဆိုရင် သံသရာမှာ ခေါင်းမဖော်နိုင်လောက်အောင် ခန္ဓာနဲ့ ပေးဆပ်ရမှာ ဖြစ်တဲ့အတွက် ကိုးကွယ်ဆည်းကပ်ဖို့ ရွေးချယ်တဲ့နေရာမှာ မည်သူ့မျက်နှာမှ ကြည့်စရာ မလိုပါဘူး။ ကြည်ညိုရာမှာ များသံဃာ ကိုးကွယ်ရာမှာ ရွေးချယ်ပါ ဆိုတဲ့ အတိုင်းပါပဲ.. သံဃာမြင်ရင် သံဃာဂုဏ်ကို ရည်မှန်းပြီး ကြည်ညိုလိုက်ပါ.. ဒါပေမယ့် ကိုးကွယ် ဆည်းကပ်မယ် ဆိုရင်တော့ သံသရာအတွက် ကြည့်ပြီးတော့ ရွေးချယ်စီစစ်ပြီးမှ ကိုးကွယ်ရပါမယ်။ ဒီလိုဆိုရင် အထက်ပါအချက် (၇)ချက်ကို ရှင်းလောက်ပြီ ထင်ပါတယ်။

ဘာလို့ဒီဟာကို အဓိကထား ပြောရလဲဆိုတော့ လူအများစုဟာ ကိုယ့်ဆရာပြောရင်၊ ကိုယ့်ထက် အသက်ကြီးတဲ့ လူတွေကပြောရင် အမှန်ထင်တတ်တာ များလို့ပါ။ အဖသတ်တဲ့ အဇာတသတ်ရဲ့ အကြောင်းကိုပဲ ပြန်ပြီး ကြည့်လိုက်ပါ။ အဖသတ် အဇာတသတ်ဟာ တန်ခိုးပြပြီး စည်းရုံးသိမ်းသွင်းခဲ့တဲ့ ဒေ၀ဒတ္တလိုဆရာနဲ့ မတွေ့ခဲ့ဘူးဆိုရင် အဲ့ဒီဘ၀မှာတင် ဘုရားရှင်ရဲ့ တရားကို နာကြားပြီးတာနဲ့ သောတာပန် ဧကန်မုချ တည်ရမှာပါ။ ဒါပေမယ့် ဆရာပေါင်းမှားပြီး ဒေ၀ဒတ္တကို ကိုးကွယ်မိတဲ့အတွက် အဖသတ်တဲ့အထိ ဖြစ်ရပြီးတော့ သံသရာမှာ ခန္ဓာနဲ့ မတန်အောင် ပြန်လည် ပေးဆပ်နေရတာပါ။ နောက်တစ်ခုကတော့ အင်္ဂုလိမာလပါ။ အင်္ဂုလိမာလရဲ့ ဆရာက အင်္ဂုလိမာလကို သူ့မိန်းမနဲ့ အထင်လွဲပြီး အညှိုးထားတယ်။ သူ့ကိုကျေးဇူးဆပ်ချင်ရင် လက်ညှိုး တစ်ထောင်ဖြတ်ပြီးပူဇော်မှ ကျေးဇူးကျေမယ်လို့ ပြောပြီး လက်ညှိုးတစ်ထောင် ဖြတ်ခိုင်းပါတယ်။ ဆရာပေါင်းမှားပြီး မိမိကိုယ်ပိုင် ဝေဖန်ပိုင်းခြားစီစစ်တဲ့ ဥာဏ်မရှိတဲ့အတွက် မိခင်ကိုတောင် ပြန်သတ်မိမလို ဖြစ်ခဲ့ရပါတယ်။ အင်မတန်ကြောက်ဖို့ ကောင်းပါတယ်။ ဘယ်လောက်ကြီးပဲ ပညာတွေတတ်တတ်၊ ဘယ်လောက်ကြီးပဲ အသက်ကြီးကြီး ဝေဖန်ပိုင်းခြားစီစစ်တဲ့ အသိဥာဏ်မရှိရင် တိရိစ္ဆာန် တစ်ကောင်လိုပါပဲ.. အမှားနဲ့ အမှန်ကို ဝေဖန်ပိုင်ခြားရမှန်း မသိတော့ပါဘူး။ အဇာတသတ်တို့ အင်္ဂုလိမာလတို့ဟာ အာဏာပါဝါရှိတဲ့ ထက်မြတ်တဲ့ ပုဂ္ဂိုလ်တွေပါ။ သူတို့လို ပုဂ္ဂိုလ်တွေတောင် ဆရာပေါင်းမှားပြီး လူမိုက်ဘ၀ ရောက်ခဲ့ရသေးတယ်ဆိုရင်.. ကျွန်တော်တို့တွေ အတွက်က ပိုပြီး သတိပြု ဆင်ခြင်အပ်ပါတယ်။

အခုစာဖတ်နေတဲ့ ဓမ္မမိတ်ဆွေလည်း ဘယ်စာကိုပဲဖတ်ဖတ် ဘယ်သူရေးလို့ပဲဖြစ်ဖြစ် အမှန်လို့ မမှတ်ယူလိုက်ပါနဲ့။ ကျွန်တော်လည်းပဲ ပုထုဇဉ်ဖြစ်တဲ့တွက် အမှား မကင်းနိုင်ပါဘူး။ ဒါ့ကြောင့် မိမိကိုယ်ပိုင် ဥာဏ်နဲ့ စဉ်းစားဆင်ခြင်ပြီးမှ ယုံသင့်တာကို ယုံပါ။ သူများပြောတိုင်း လိုက်ပြီး ဟုတ်တယ်ဆိုတဲ့ အတွေးတွေ ဖျောက်စေချင်ပါတယ်။ ဒီလိုပါပဲ.. နောက် ဘလော့တွေမှာ ရေးတဲ့စာတွေ ဖတ်တဲ့အခါတိုင်းမှာလည်း ဘုရားရှင် ကာလာမသုတ်မှာ ဟောကြားဆုံးမတဲ့ စကားလေးတွေနဲ့ အမြဲတမ်းတိုက်ပြီး စစ်ဆေး ကြည့်စေချင်ပါတယ်။ ဘယ်သူပြောတဲ့ အရာပဲဖြစ်ဖြစ် ဒီကာလမသုတ်က အချက်လေးတွေနဲ့ တိုက်ပြီး မကောင်းတာဆိုရင် ပယ်ပါ.. ကောင်းတာဆိုရင်တော့ ယူလိုက်ပါ။ ဒါမှလည်း ဘုရားစကား နားထောင်ရာ ရောက်မှာပါ။ သဗ္ဗညုတရွှေဥာဏ်တော်ပိုင်ရှင် ဘုရားရှင်တောင်မှ သူပြောတာကို ဝေဖန်ပိုင်းခြားပြီး ယုံပါဆိုရင် တခြားဘယ်သူပြောပြော မိမိအသိဥာဏ်နဲ့ စဉ်းစားဆင်ခြင်ဆုံးဖြတ်ဖို့ အတွက်က ပိုပြီး အရေးကြီးပြီပေါ့။ မိတ်ဆွေကောင်း၊ ဆရာကောင်းကို ရှာဖွေဆည်းကပ်မယ်ဆိုရင်လည်း အထက်ဖော်ပြပါ အချက်(၇)ချက်နဲ့ တိုက်ပြီး စီစစ်ရွေးချယ် ကိုးကွယ်ပါ။ ကျွန်တော်တို့တွေ ဆရာကောင်းကိုရှာဖွေနည်း အချက်တွေ သိသွားပြီဆိုရင်လည်း မိမိပတ်ဝန်းကျင်၊ မိမိနဲ့ ပတ်သတ်တဲ့လူတွေ မှားနေတာတွေ့ရင်လည်း ပြင်ပေးနိုင်ကြပါစေလို့ တိုက်တွန်းလိုပါတယ်။ ဓမ္မမိတ်ဆွေ အားလုံး ဆရာကောင်းကို ရှာဖွေဆည်းကပ် ကိုးကွယ်ပြီး မဂ်ဖိုလ် နိဗ္ဗာန်သို့ တက်လှမ်းနိုင်ကြပါစေ…။။

9 ရင်ထဲရှိသမျှ ထားခဲ့ကြ:

flowerpoem said... / May 30, 2009 at 10:17 PM  

လူ့လောကကြီးမှာ လောကီရော လောကုတ္တရာပဲဖြစ်၂ ဆရာကောင်း၊ မိတ်ဆွေကောင်းဆိုတာ တကယ်လိုအပ်ပါတယ် .. တရားဓမ္မနဲ့ပတ်သက်ပြီး ဆည်းကပ်ပူဇော်တာလမ်းမှန်ဖို့အရေးကြီးပါတယ်
မောင်ကောင်းလည်း အားလုံး အေးချမ်းပျော်ရွင်ပါစေ.

မသက်ဇင် said... / May 31, 2009 at 8:41 AM  

မောင်ကောင်းရေ
ဝမ်းသာစွာလာဖတ်သွားပါတယ်

Dream said... / May 31, 2009 at 11:51 PM  

ပို့စ်ကောင်းလေး တခုကို အခုလို ဖတ်ခွင့်ရတဲ့ အတွက် ကျေးဇူးပါ မောင်ကောင်းလေးရေ....

deeperlay said... / June 1, 2009 at 8:08 AM  

ညီလေးမောင်ကောင်း
အစ်ကို ပထမဆုံးလာလည်သွားပြီ
နောင်လည်းရောက်လာဖြစ်မည်။
သာဓု သာဓု သာဓု

kyawmyo said... / June 2, 2009 at 6:41 AM  

nyi lay ,ataw kag tet post lay per.....
nout lae amyar gyi yay per ohn

မသက်ဇင် said... / June 3, 2009 at 8:27 AM  

မောင်ကောင်းရေ
မဖတ်ရသေးတာတွေထပ်လာဖတ်ပါတယ်
ခင်မင်စွာ

lady said... / June 4, 2009 at 2:38 AM  

I like This Post ,
and good .
ဘယ်လောက်ကြီးပဲ ပညာတွေတတ်တတ်၊ ဘယ်လောက်ကြီးပဲ အသက်ကြီးကြီး ဝေဖန်ပိုင်းခြားစီစစ်တဲ့ အသိဥာဏ်မရှိရင် တိရိစ္ဆာန် တစ်ကောင်လိုပါပဲ..
That is Right . and need
(good Instructor).

Mydiary.

သစ္စာအလင်း said... / June 5, 2009 at 6:44 AM  

သားရေ..
အံတီက ခေါင်းစဥိကိုတွေ့ပြီး သားတစ်ယောက် မောင်ကောင်း- ကိုကောင်းမှသည်-ဆရာကောင်း ဖြစ်သွားပြီလားလို့ လာဖတ်ပါတယ်သား။ချမ်းမြေ့ရွှင်လန်းပါစေ။

Upasaka said... / June 12, 2009 at 7:27 PM  

ကောင်း လိုက်တာနော် ရေးစမ်း ပါ အဲ လို မျိုးတွေ
နောက် ထပ် လာ ဖတ်မယ် နော်

Post a Comment